1 Chronicles 27
27:1 နှစ်တစ်နှစ်တွင် တပ်ဖွဲ့အလိုက် ရှင်ဘုရင်၏အမှုကိစ္စအလုံးစုံကို တစ်လစီအလှည့်ကျထမ်းဆောင်သော အစ္စရေးအမျိုးသားတို့၏စာရင်းမှာ တပ်ဖွဲ့တစ်ဖွဲ့တွင် ဘိုးဘေးအိမ်ထောင်စုတို့၏အကြီးအမှူးများ၊ တပ်မှူးများ၊ လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်နှင့် သူတို့ကို ကြီးကြပ်အုပ်ချုပ်သောသူများ ပါဝင်၍ လူပေါင်းနှစ်သောင်းလေးထောင်ပါ၏။
27:2 ပထမလတွင် တာဝန်ထမ်းဆောင်ရသောပထမတပ်ဖွဲ့ကို ကြီးကြပ်သောသူမှာ ဇာဗဒေလ၏သား ယာရှောဗံဖြစ်ပြီး သူ့တပ်ဖွဲ့တွင် လူပေါင်းနှစ်သောင်းလေးထောင်ပါ၏။
27:3 သူသည် ဖာရက်၏သားမြေးများမှဆင်းသက်လာ၏။ ပထမလတွင် တာဝန်ထမ်းဆောင်ရသောတပ်မှူးအားလုံး၏ခေါင်းဆောင်ဖြစ်၏။
27:4 ဒုတိယလတွင် တာဝန်ထမ်းဆောင်ရသောတပ်ဖွဲ့ကို ကြီးကြပ်သောသူမှာ အဟောဟိအမျိုး ဒေါဒဲဖြစ်၏။ ထိုတပ်ဖွဲ့ကို မိကလုတ်က ဦးဆောင်ရပြီး လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
27:5 တတိယလတွင် တာဝန်ထမ်းဆောင်ရသောတတိယတပ်ဖွဲ့၏တပ်မှူးမှာ ယဇ်ပုရောဟိတ်ယောယဒ၏သား ဗေနာယဖြစ်ပြီး သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
27:6 ဗေနာယသည် စစ်သူရဲသုံးဆယ်တွင် တစ်ဦးအပါအဝင်ဖြစ်ပြီး လူအယောက်သုံးဆယ်ကို အုပ်ချုပ်ရ၏။ သူ့တပ်ဖွဲ့ကို သူ့သား အမိဇဗဒ်က အုပ်ချုပ်၏။
27:7 စတုတ္ထလတွင် တာဝန်ထမ်းဆောင်ရသောစတုတ္ထတပ်မှူးမှာ ယွာဘ၏ညီ အာသဟေလဖြစ်၏။ သူမရှိတော့သည့်နောက်တွင် သူ့သား ဇေဗဒိက ဆက်၍ တာဝန်ထမ်းဆောင်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
27:8 ပဉ္စမလတွင် တာဝန်ထမ်းဆောင်ရသောပဉ္စမတပ်ဖွဲ့၏တပ်မှူးမှာ ဣဇဟာအမျိုးသား ရှံဟုတ်ဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
27:9 ဆဋ္ဌမလတွင် တာဝန်ထမ်းဆောင်ရသောဆဋ္ဌမတပ်ဖွဲ့၏တပ်မှူးမှာ တေကောမြို့သား ဣကေရှ၏သား ဣရဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
27:10 သတ္တမလတွင် တာဝန်ထမ်းဆောင်ရသောသတ္တမတပ်ဖွဲ့၏တပ်မှူးမှာ ဧဖရိမ်သားမြေးမှဆင်းသက်လာသော ပေလောမြို့သား ဟေလက်ဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
27:11 အဋ္ဌမလတွင် တာဝန်ထမ်းဆောင်ရသောအဋ္ဌမတပ်ဖွဲ့၏တပ်မှူးမှာ ဇေရအမျိုးသား ဟုရှမြို့သား သိဗေခဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
27:12 နဝမလတွင် တာဝန်ထမ်းဆောင်ရသောနဝမတပ်ဖွဲ့၏တပ်မှူးမှာ ဗင်္ယာမိန်အမျိုး၊ အာနသုတ်မြို့သား အဗျေဇာဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
27:13 ဒသမလတွင် တာဝန်ထမ်းဆောင်ရသောဒသမတပ်ဖွဲ့၏တပ်မှူးမှာ ဇေရအမျိုး နေတောဖမြို့သား မဟာရဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
27:14 ဧကာဒသမလတွင် တာဝန်ထမ်းဆောင်ရသောဧကာဒသမတပ်ဖွဲ့၏တပ်မှူးမှာ ဧဖရိမ်သားမြေးထဲမှ ပိရသုန်မြို့သား ဗေနာယဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
27:15 ဒွါဒသမလတွင် တာဝန်ထမ်းဆောင်ရသောဒွါဒသမတပ်ဖွဲ့၏တပ်မှူးမှာ ဩသံယေလအမျိုးမှ နေတောဖမြို့သား ဟေလဒဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
27:16 အစ္စရေးအမျိုးအနွယ်တို့ကို အုပ်ချုပ်ရသူများမှာ ရုဗင်အမျိုးတွင် ဇိခရိ၏သားဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခါ၏သားရှေဖတိ၊
27:17 လေဝိအမျိုးတွင် ကေမွေလ၏သားဟာရှဘိ၊ အာရုန်အမျိုးတွင် ဇာဒုတ်၊
27:18 ယုဒအမျိုးတွင် ဒါဝိဒ်မင်းကြီး၏အစ်ကို ဧလိဟု၊ ဣသခါအမျိုးတွင် မိက္ခေလ၏သားဩမရိ၊
27:19 ဇာဗုလုန်အမျိုးတွင် ဩဗဒိ၏သားဣရှမာယ၊ နဿလိအမျိုးတွင် အာဇရေလ၏သားယေရိမုတ်၊
27:20 ဧဖရိမ်အမျိုးတွင် အာဇဇိ၏သားဟောရှေ၊ မနာရှေအမျိုးတစ်ဝက်တွင် ပေဒါယ၏သားယောလ၊
27:21 ဂိလဒ်ပြည်ရှိကျန်မနာရှေအမျိုးတစ်ဝက်တွင် ဇာခရိ၏သားဣဒေါ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ၏သားယာသေလ၊
27:22 ဒန်အမျိုးတွင် ယေရောဟံ၏သားအာဇရေလ စသည်တို့ဖြစ်၏။ ဤသူတို့သည် အစ္စရေးအမျိုးအနွယ်၏အကြီးအကဲများ ဖြစ်ကြ၏။
27:23 ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ကောင်းကင်ကြယ်နှင့်အမျှ များပြားစေမည်ဟု မိန့်ဆိုခဲ့သောကြောင့် ဒါဝိဒ်မင်းကြီးက အသက်နှစ်ဆယ်နှင့်အောက်ရှိသူတို့ကို စာရင်းမသွင်းချေ။
27:24 ဇေရုယာ၏သားယွာဘသည် လူဦးရေစာရင်းကို စတင်ရေတွက်သော်လည်း ပြီးဆုံးသည်အထိ မရေတွက်ချေ။ ထိုသို့စာရင်းရေတွက်ခြင်းကြောင့် အစ္စရေးလူမျိုးအပေါ် အမျက်တော် ကျရောက်ခဲ့ရ၏။ ထိုအရေအတွက်တို့ကို ဒါဝိဒ်မင်းကြီး၏ရာဇဝင်မှတ်တမ်းစာရင်းတွင် မရေးသွင်းခဲ့ချေ။
27:25 အဒျေလ၏သား အာဇမာဝက်သည် ဘုရင့်ဘဏ္ဍာတိုက်ကို ကြီးကြပ်ပေးရ၏။ ဩဇိ၏သားယောနသန်သည် ကျေးလက်ဒေသများ၊ မြို့များ၊ ရွာများနှင့် ရဲတိုက်များ၌ရှိသော သိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
27:26 ခေလုပ်၏သားဧဇရိသည် လယ်ယာမြေ၌ထွန်ယက်လုပ်ကိုင်သောလယ်သမားများကို ကြီးကြပ်ပေးရ၏။
27:27 ရာမမြို့သားရှိမိသည် စပျစ်ခြံများကို ကြီးကြပ်ပေးရ၏။ ရှိဖမိမြို့သားဇာဗဒိသည် စပျစ်ဝိုင်သိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
27:28 ဂေဒါမြို့သားဗာလဟာနန်သည် မြေနိမ့်ဒေသရှိ သံလွင်ပင်၊ သင်္ဘောသဖန်းပင်များကို ကြီးကြပ်ပေးရ၏။ ယောရှသည် သံလွင်ဆီသိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
27:29 ရှရုန်မြို့သား ရှိတရဲသည် ရှရုန်အရပ်၌ကျက်စားသောတိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။ အာဒလဲ၏သားရှာဖတ်သည် ချိုင့်ဝှမ်းလွင်ပြင်တိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။
27:30 ဣရှမေလအမျိုး ဩဗိလသည် ကုလားအုတ်များကို တာဝန်ယူရ၏။ မေရောနုတ်မြို့သားယေဒေယသည် မြည်းတို့ကို တာဝန်ယူရ၏။
27:31 ဟာဂရိလူမျိုးယာဇဇ်က သိုးများကို တာဝန်ယူရ၏။ ဤသူအားလုံးတို့သည် ဒါဝိဒ်မင်းကြီးပိုင်ဆိုင်သောဥစ္စာတို့ကို ကြီးကြပ်ပေးရသောအကြီးအကဲများ ဖြစ်ကြ၏။
27:32 ဒါဝိဒ်မင်းကြီး၏ဘထွေးတော်ယောနသန်သည် သိနားလည်နိုင်စွမ်းရှိသူအတိုင်ပင်ခံအမတ်လည်း ဖြစ်၏။ ကျမ်းပြုဆရာလည်း ဖြစ်၏။ ဟခမောနိ၏သားယေဟေလသည် ဘုရင့်သားတော်တို့ကို စောင့်ရှောက်ပေးရ၏။
27:33 အဟိသောဖေလသည် ဘုရင့်အတိုင်ပင်ခံအမတ်ဖြစ်ပြီး အာခိအမျိုးဟုရှဲသည် ဘုရင့်မိတ်ဆွေတော်ဖြစ်၏။
27:34 အဟိသောဖေလ မရှိတော့သည့်နောက်တွင် ဗေနာယ၏သားယောယဒနှင့် အဗျာသာတို့သည် အတိုင်ပင်ခံအမတ်များဖြစ်လာကြ၏။ ယွာဘသည်လည်း ဘုရင့်တပ်တော်၏ဗိုလ်ချုပ်ဖြစ်၏။