2 Chronicles 15
15:1 ဘုရားသခင်၏ဝိညာဉ်တော်သည် ဩဒက်၏သားအာဇရိအပေါ်သို့ သက်ရောက်၍
15:2 သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
15:3 အစ္စရေးလူမျိုးတို့တွင် ကာလကြာမြင့်စွာစစ်မှန်သောဘုရားမရှိ၊ သွန်သင်ပေးမည့်ယဇ်ပုရောဟိတ်မရှိ၊ ပညတ်တရားလည်းမရှိ။
15:4 သို့သော် သူတို့သည် ဆင်းရဲဒုက္ခရောက်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံပြန်လာပြီး ကိုယ်တော်ကို ရှာကြသောအခါ သူတို့ကို အတွေ့ခံတော်မူ၏။
15:5 ထိုကာလ၌ တိုင်းပြည်တွင်နေထိုင်သူအပေါင်းတို့သည် အလွန်ကြောက်ရွံ့ထိတ်လန့်နေရပြီး သွားလာရာတွင်လည်း လုံခြုံမှုမရှိခဲ့ကြ။
15:6 ဘုရားသခင်သည် သူတို့ကို ဘေးဒုက္ခအမျိုးမျိုးနှင့် ဆုံးမတော်မူသဖြင့် သူတို့သည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ မြို့တစ်မြို့နှင့်တစ်မြို့ ချေမှုန်းတိုက်ဖျက်ကြ၏။
15:7 သင်တို့မူကား အားယူကြလော့။ စိတ်မပျက်ကြနှင့်။ အကြောင်းမူကား သင်တို့၏လုပ်ဆောင်မှုအတွက် အဖိုးအခကို ရရှိကြလိမ့်မည်”ဟု ဆင့်ဆို၏။
15:8 အာသမင်းကြီးသည် ထိုစကားများနှင့် ပရောဖက်ဩဒက် ပရောဖက်ပြုသောစကားများကို ကြားသောအခါ အားတက်လာပြီး ယုဒပြည်တစ်ပြည်လုံး၊ ဗင်္ယာမိန်ပြည်တစ်ပြည်လုံးနှင့် ဧဖရိမ်တောင်ပေါ်ဒေသရှိ သူသိမ်းယူထားသောမြို့ရွာများမှ ရွံရှာဖွယ်ရာများကို ဖယ်ရှားပစ်၏။ ထာဝရဘုရား၏အိမ်တော်ဆင်ဝင်ရှေ့ရှိ ထာဝရဘုရား၏ယဇ်ပလ္လင်ကိုလည်း ပြုပြင်လေ၏။
15:9 ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသည်ကို သိမြင်ကြသောအခါ အစ္စရေးလူမျိုးထဲမှထွက်လာပြီး သူ့ထံသို့ လာရောက်ပူးပေါင်းသူများစွာရှိသောကြောင့် သူသည် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးတို့မှစ၍ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ရှိမောင်အမျိုးအပါအဝင် သူတို့နှင့်အတူနေထိုင်သောတိုင်းတစ်ပါးသားအားလုံးကို စုရုံး၏။
15:10 သူတို့သည် အာသမင်းကြီး နန်းစံတစ်ဆယ့်ငါးနှစ်၊ တတိယလတွင် ဂျေရုဆလင်မြို့၌ စုဝေးကြပြီး
15:11 ထိုနေ့တွင် တိုက်ရာပါပစ္စည်းများထဲမှ နွားအကောင်ခုနစ်ရာ၊ သိုးအကောင်ခုနစ်ထောင်တို့ကို ထာဝရဘုရားအား ယဇ်ပူဇော်ကြ၏။
15:12 ထို့နောက် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ရှာမည်ဟု ကတိသစ္စာပြုကြ၏။
15:13 လူကြီးလူငယ်၊ ယောက်ျားမိန်းမ မရွေး အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို မရှာသောသူအားလုံး အသတ်ခံရမည်ဖြစ်၏။
15:14 သူတို့သည် အသံကျယ်လောင်စွာကြွေးကြော်လျက်၊ တံပိုးခရာများနှင့် သိုးချိုများကို မှုတ်လျက် ထာဝရဘုရားထံ တိုင်တည်ကျိန်ဆိုကြ၏။
15:15 ထိုသို့ ကျိန်ဆိုရခြင်းအတွက် ယုဒလူမျိုးအပေါင်းတို့သည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆိုပြီး ထာဝရဘုရားကို စိတ်လိုလက်ရရှာသောကြောင့် သူတို့ကို အတွေ့ခံတော်မူ၏။ ထာဝရဘုရားသည်လည်း အရပ်ရပ်၌ ငြိမ်းချမ်းခြင်း ရှိစေတော်မူ၏။
15:16 အာသမင်းကြီးသည် အာရှရနတ်ဘုရားမရုပ်တုကို ပြုလုပ်ကိုးကွယ်သော မိမိ၏အဘွားတော်မာခါကိုလည်း မယ်တော်မိဖုရားအရာမှနုတ်ပယ်ပစ်ပြီး ထိုရုပ်တုကိုခုတ်လှဲဖျက်ဆီးကာ ကေဒြုန်ချိုင့်ဝှမ်းတွင် မီးရှို့ပစ်လေ၏။
15:17 အာသမင်းကြီးသည် အစ္စရေးပြည်ရှိ အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့သော်လည်း သူအသက်ရှင်သမျှကာလပတ်လုံး သူ၏စိတ်နှလုံးသည် ပြည့်ဝစုံလင်ခြင်း ရှိလေ၏။
15:18 သူသည် ခမည်းတော်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများ၊ မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများနှင့် ရွှေထည်ငွေထည်အသုံးအဆောင်များကို ဘုရားသခင်၏အိမ်တော်သို့ ယူဆောင်လာ၏။
15:19 အာသမင်းကြီး နန်းစံသုံးဆယ်ငါးနှစ်အထိ စစ်ပွဲဟူ၍ မရှိခဲ့ပေ။