2 Chronicles 17
17:1 သူ၏သားတော်ယောရှဖတ်သည် သူ့အရိုက်အရာကို ဆက်ခံပြီး အစ္စရေးလူမျိုးတို့ကို ခုခံတိုက်ခိုက်နိုင်အောင် အားအင်ဖြည့်တင်းထား၏။
17:2 ယုဒပြည်ရှိ ခံတပ်မြို့အားလုံးတို့တွင် စစ်တပ်များကို ချထား၏။ ယုဒပြည်ရှိမြို့များနှင့် သူ၏ခမည်းတော်အာသမင်းကြီး သိမ်းယူခဲ့သောဧဖရိမ်ပြည်ရှိမြို့များတွင်လည်း မြို့စောင့်တပ်များကို ချထား၏။
17:3 ယောရှဖတ်မင်းကြီးသည် ယခင်က ဘိုးဘေးဒါဝိဒ်မင်းကြီး လိုက်လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်သောကြောင့် ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။ သူသည် ဗာလဘုရားနောက်သို့မလိုက်၊
17:4 အစ္စရေးလူမျိုးတို့၏ဓလေ့ထုံးစံနောက်သို့လည်းမလိုက်ဘဲ ဘိုးဘေးတို့၏ဘုရားသခင်ကိုသာ ရှာဖွေခဲ့၏။ ထာဝရဘုရား၏ပညတ်တော်အတိုင်း လိုက်လျှောက်၏။
17:5 ထို့ကြောင့် ထာဝရဘုရားသည် ယောရှဖတ်မင်းကြီးလက်ထဲ၌ နိုင်ငံတော်ကိုတည်မြဲစေ၏။ ယုဒလူမျိုးအပေါင်းတို့သည် ယောရှဖတ်မင်းကြီးထံ လက်ဆောင်ပဏ္ဏာများ ဆက်သကြသဖြင့် သူသည် ဓနဥစ္စာကြွယ်ဝပြီး ဘုန်းအသရေ ကြီးထွားလေ၏။
17:6 သူ၏စိတ်နှလုံးသည် ထာဝရဘုရား၏တရားလမ်းတို့၌ မွေ့လျော်၏။ ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကို ဖယ်ရှားပစ်ခဲ့၏။
17:7 ယောရှဖတ်မင်းကြီးနန်းစံသုံးနှစ်တွင် သူသည် အကြီးအကဲများဖြစ်သော ဗင်ဟဲလ၊ ဩဗဒိ၊ ဇာခရိ၊ နာသနေလ၊ မိက္ခာယတို့ကို ယုဒပြည်အမြို့မြို့သို့စေလွှတ်၍ လူတို့အား သွန်သင်စေ၏။
17:8 ထိုသူတို့နှင့်အတူ လေဝိအမျိုးသား ရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသဟေလ၊ ရှေမိရာမုတ်၊ ယေဟောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘအဒေါနိယနှင့် ယဇ်ပုရောဟိတ်ဧလိရှမာ၊ ယဟောရံတို့လည်းလိုက်ပါသွားကြ၏။
17:9 သူတို့သည် ထာဝရဘုရား၏ပညတ်တရားကျမ်းကို ယူဆောင်သွားပြီး ယုဒပြည်တစ်လျှောက် သွန်သင်ပေး၏။ ယုဒမြို့ရွာအားလုံးသို့ လှည့်လည်ပြီး လူတို့အား သွန်သင်ပေး၏။
17:10 ယုဒပြည်ဝန်းကျင်ရှိတိုင်းနိုင်ငံရှိသမျှတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြသောကြောင့် ယောရှဖတ်မင်းကြီးကို စစ်မတိုက်ဝံ့ကြချေ။
17:11 ဖိလိတ္တိလူမျိုးတို့သည် ယောရှဖတ်မင်းကြီးအား ဆက်ကြေးအဖြစ် လက်ဆောင်ပဏ္ဏာများ၊ ငွေများကို ဆက်သကြ၏။ အာရပ်လူမျိုးတို့သည်လည်း သိုးထီးခုနစ်ထောင့်ခုနစ်ရာ၊ ဆိတ်ထီးခုနစ်ထောင့်ခုနစ်ရာတို့ကို ဆက်သကြ၏။
17:12 ဤသို့ဖြင့် ယောရှဖတ်မင်းကြီးသည် အင်အားကြီးသည်ထက်ကြီးလာ၏။ ယုဒပြည်တွင် ခံတပ်များ၊ ပစ္စည်းသိုလှောင်ရာမြို့များကို တည်ဆောက်၏။
17:13 ယုဒမြို့ရွာတို့တွင် သူ၏လုပ်ငန်း မြောက်မြားစွာရှိ၏။ ဂျေရုဆလင်မြို့တွင်လည်း ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ ရှိ၏။
17:14 ဘိုးဘေးအိမ်ထောင်စုအလိုက် စာရင်းဝင်သောသူများကား ယုဒအမျိုးမှ ထောင်တပ်မှူး အာဒနနှင့် စစ်သူရဲအယောက်သုံးသိန်း၊
17:15 သူ့လက်အောက်တွင် တပ်မှူးကြီးယေဟောဟနန်နှင့် စစ်သည်တော်အယောက်နှစ်သိန်းရှစ်သောင်း၊
17:16 ယေဟောဟနန်၏လက်အောက်တွင် ထာဝရဘုရားအတွက်စေတနာစိတ်ထက်သန်သူ ဇိခရိ၏သားအာမသိနှင့် စစ်သူရဲအယောက်နှစ်သိန်း၊
17:17 ဗင်္ယာမိန်အမျိုးမှ စစ်သူရဲဧလျာဒနှင့် လေးနှင့်ဒိုင်းလွှားကိုင်စစ်သည်တော်အယောက်နှစ်သိန်း၊
17:18 သူ့လက်အောက်တွင် ယဟောဇဗဒ်နှင့် လက်နက်ကိုင်စစ်သည်တော်အယောက်တစ်သိန်းရှစ်သောင်း ရှိ၏။
17:19 ဤသည်ကား ရှင်ဘုရင်၏အမှုထမ်းများ ဖြစ်ကြ၏။ ထို့ပြင် ယုဒပြည်တစ်ပြည်လုံးရှိ ခံတပ်မြို့များ၌ ရှင်ဘုရင်ချထားသောသူများလည်း ရှိသေး၏။