2 Chronicles 31
31:1 ပွဲတော်အမှုကိစ္စအားလုံးပြီးစီးသွားသောအခါ ပွဲတော်သို့လာရောက်သောအစ္စရေးလူမျိုးအပေါင်းတို့သည် ယုဒမြို့ရွာများသို့ ထွက်သွားပြီး အထွတ်အမြတ်ကျောက်တိုင်များကို ချိုးဖျက်၍ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်ကြ၏။ ယုဒပြည်၊ ဗင်္ယာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် တစ်လျှောက်လုံးရှိ အထွတ်အမြတ်ထားရာနေရာများ၊ ယဇ်ပလ္လင်များကို အပြီးတိုင်ဖျက်ဆီးပစ်ကြ၏။ ထို့နောက် အစ္စရေးအမျိုးသားအပေါင်းတို့သည် မိမိတို့ဆိုင်ရာမြို့များသို့ အသီးသီးပြန်သွားကြလေ၏။
31:2 ထို့နောက် ဟေဇကိမင်းကြီးသည် ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့ကို အဖွဲ့လိုက်တာဝန်ခွဲပေး၏။ ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့သည် မိမိတို့ထမ်းဆောင်ရမည့်တာဝန်များကို အဖွဲ့လိုက်အလှည့်ကျထမ်းဆောင်ကြရ၏။ သူတို့သည် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်ရ၏။ ထာဝရဘုရားစံတော်မူရာဌာနတော်၏တံခါးများ၌ရပ်၍ အမှုတော်ထမ်းဆောင်လျက် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်တော်ချီးမွမ်းသီဆိုခြင်းကို ပြုရ၏။
31:3 ထာဝရဘုရား၏ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း နံနက်နှင့်ညနေတို့တွင် ပူဇော်ရမည့်မီးရှို့ရာယဇ်နှင့် ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောပွဲတော်တို့တွင် ပူဇော်ရမည့်မီးရှို့ရာယဇ်များကို ရှင်ဘုရင်သည် မိမိဥစ္စာပစ္စည်းများထဲမှ ခွဲဝေပေး၏။
31:4 ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့သည် ထာဝရဘုရား၏ပညတ်တရားတော်များအတိုင်း ထမ်းဆောင်နိုင်ရန် သူတို့ရထိုက်သောဝေစုကို သူတို့အား ဂျေရုဆလင်မြို့သားတို့ခွဲဝေပေးရန် ရှင်ဘုရင်အမိန့်ထုတ်ပြန်၏။
31:5 ထိုအမိန့်တော်ကို နေရာအနှံ့ထုတ်ပြန်သည်နှင့် အစ္စရေးအမျိုးသားတို့သည် သီးဦးသီးဖျားကောက်ပဲသီးနှံများ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ ပျားရည်နှင့် လယ်ယာထွက်သီးနှံအားလုံးတို့ကို အမြောက်အမြားယူဆောင်လာပေးကြ၏။ ဥစ္စာရှိသမျှ၏ဆယ်ဖို့တစ်ဖို့ကိုလည်း အမြောက်အမြား ယူဆောင်လာကြ၏။
31:6 ယုဒမြို့ရွာတို့တွင်နေထိုင်သော အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့သည်လည်း သိုးနွားဆိုင်ရာဆယ်ဖို့တစ်ဖို့၊ မိမိတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ဆက်ကပ်ထားသောသန့်ရှင်းသောအလှူပစ္စည်းဆယ်ဖို့တစ်ဖို့တို့ကို ယူဆောင်လာပြီး အစုလိုက် အစုလိုက် စုပုံထားကြ၏။
31:7 ထိုသို့ အစုလိုက် စုပုံထားသောအလှူပစ္စည်းများကို တတိယလတွင် စတင်စုသိမ်းရာ သတ္တမလရောက်မှ ပြီးစီးလေ၏။
31:8 ဟေဇကိမင်းကြီးနှင့်မှူးမတ်တို့ ရောက်လာ၍ စုပုံထားသောအလှူပစ္စည်းများကိုတွေ့လျှင် ထာဝရဘုရားနှင့် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ကို ချီးမွမ်းထောမနာပြုလေ၏။
31:9 ဟေဇကိမင်းကြီးသည် ထိုစုပုံထားသောအလှူပစ္စည်းများနှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်တို့နှင့် လေဝိလူမျိုးတို့ကို မေးမြန်းကြည့်သောအခါ
31:10 ဇာဒုတ်အိမ်ထောင်စုမှ ယဇ်ပုရောဟိတ်မင်းအာဇရိက “ထာဝရဘုရား၏အိမ်တော်သို့ အလှူပစ္စည်းများကို စတင်ယူဆောင်လာကတည်းက အကျွန်ုပ်တို့သည် ဝဝလင်လင်စားရပြီး များစွာပိုလျှံပါ၏။ ထာဝရဘုရားသည် မိမိလူမျိုးတော်ကို ကောင်းချီးပေးသောကြောင့် ဤသို့များစွာပိုလျှံနေခြင်း ဖြစ်ပါ၏”ဟု ပြန်လျှောက်၏။
31:11 ထို့နောက် ဟေဇကိမင်းကြီးက ထာဝရဘုရား၏အိမ်တော်၌ သိုလှောင်ခန်းများကို ပြင်ဆင်ထားရန် မိန့်မှာသဖြင့် သူတို့သည်လည်း သိုလှောင်ခန်းများကို အသင့်ပြင်ဆင်ထားကြ၏။
31:12 လူတို့သည် အလှူပစ္စည်းများ၊ ဆယ်ဖို့တစ်ဖို့များ၊ ဆက်ကပ်လှူဒါန်းသောပစ္စည်းများကို သစ္စာရှိစွာယူဆောင်လာကြ၏။ လေဝိအမျိုးသားကောနနိသည် ထိုအလှူပစ္စည်းတို့ကို ကြီးကြပ်အုပ်ချုပ်ပေးရပြီး သူ့ညီရှိမိသည် သူ၏လက်ထောက် ဖြစ်၏။
31:13 ဟေဇကိမင်းကြီးနှင့် ဘုရားသခင်၏အိမ်တော်အုပ်အာဇရိတို့သည် ကောနနိနှင့် သူ့ညီရှိမိတို့လက်အောက်တွင် ယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗဒ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ်၊ ဗေနာယတို့ကို ကြီးကြပ်သူများအဖြစ် ခန့်ထား၏။
31:14 လေဝိအမျိုးဣမန၏သား အရှေ့တံခါးစောင့်ကောရေသည် ဘုရားသခင်ထံစေတနာအလျောက်ပေးလှူသောပူဇော်သက္ကာများကို စီမံအုပ်ချုပ်ရ၏။ သူသည် ထာဝရဘုရားထံ ပေးလှူသောအလှူပစ္စည်းနှင့် အသန့်ရှင်းဆုံးအလှူပစ္စည်းတို့ကို ခွဲဝေပေးရ၏။
31:15 သူ့လက်အောက်တွင် ဧဒင်၊ မိညာမိန်၊ ယေရွှာ၊ ရှေမာယ၊ အာမရိ၊ ရှေခနိ တို့ရှိ၏။ သူတို့သည် ယဇ်ပုရောဟိတ်တို့နေသောမြို့ရွာများရှိ မိမိတို့ညီအစ်ကိုတို့ရရှိမည့်ဝေစုကို အဖွဲ့လိုက်ကြီးငယ်မရွေး သစ္စာရှိစွာခွဲဝေပေးရ၏။
31:16 မျိုးရိုးစဉ်ဆက်စာရင်းဝင်သူများအပြင် အဖွဲ့အလိုက်တာဝန်ကိုထမ်းဆောင်ရန် ထာဝရဘုရား၏အိမ်တော်ထဲသို့ဝင်ရောက်၍ ညွှန်ကြားထားသောအလုပ်ကို နေ့စဉ်လုပ်ဆောင်သော အသက်သုံးနှစ် နှင့်အထက်ရှိသောယောက်ျားများ၊
31:17 ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် စာရင်းဝင်သောယဇ်ပုရောဟိတ်များနှင့် အဖွဲ့လိုက်တာဝန်ထမ်းဆောင်ရသော အသက်နှစ်ဆယ်နှင့်အထက်လေဝိအမျိုးများ၊
31:18 မျိုးရိုးစဉ်ဆက်စာရင်းဝင်သောသူတို့၏ကလေးသူငယ်များအားလုံး၊ သူတို့၏မယားများ၊ သားသမီးများစသည့် လူထုတစ်ရပ်လုံးကိုလည်း ခွဲဝေပေးရ၏။ အကြောင်းမှာ သူတို့သည် သစ္စာရှိစွာမိမိကိုယ်ကိုအမြဲသန့်ရှင်းခြင်းဝတ်ပြုသောသူများ ဖြစ်ကြ၏။
31:19 မြို့ပြတစ်မြို့စီနှင့် ဝန်းကျင်ရှိစားကျက်မြေများတွင် နေထိုင်ကြသော အာရုန်သားမြေးယဇ်ပုရောဟိတ်များထဲမှ နာမည်နှင့်တကွ ခွဲခန့်ထားသော ယောက်ျားတို့သည် ယဇ်ပုရောဟိတ်အမျိုးယောက်ျားသားအားလုံးနှင့် လေဝိအမျိုးစာရင်းဝင်သူအားလုံးတို့ကို ဝေစုခွဲဝေပေးရ၏။
31:20 ဟေဇကိမင်းကြီးသည် ယုဒပြည်တစ်လျှောက်လုံးတွင် ထိုသို့ပြုပေး၏။ ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် ကောင်းမြတ်၍ ဖြောင့်မတ်မှန်ကန်သောအမှုကို ပြု၏။
31:21 ဟေဇကိမင်းကြီးသည် ဘုရားသခင်၏အိမ်တော်အမှုကို ကြိုးစားဆောင်ရွက်ခဲ့၏။ တရားတော်များ၊ ပညတ်တော်များအားဖြင့် မိမိ၏ဘုရားသခင်ကို ရှာဖွေခဲ့၏။ ဘုရားအမှုကိုဆောင်လေရာရာ၌ စိတ်နှလုံးအကြွင်းမဲ့လုပ်ဆောင်ခဲ့သောကြောင့် အောင်မြင်မှု ရရှိလေ၏။