2 Chronicles 35
35:1 ယောရှိမင်းကြီးသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပ၏။ ပထမလ၊ တစ်ဆယ့်လေးရက်တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။
35:2 ယဇ်ပုရောဟိတ်များကိုလည်း တာဝန်ကိုယ်စီခွဲခန့်ထား၍ ထာဝရဘုရား၏အိမ်တော်အမှုကိုထမ်းရွက်ကြရန် တိုက်တွန်းအားပေး၏။
35:3 အစ္စရေးတစ်မျိုးနွယ်လုံးကို သွန်သင်သောသူများဖြစ်၍ ထာဝရဘုရားအဖို့ သန့်ရှင်းသူများဖြစ်သောလေဝိအမျိုးသားတို့ကိုလည်း “သန့်ရှင်းသောသေတ္တာတော်ကို ဒါဝိဒ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ဆောက်ခဲ့သော အိမ်တော်တွင် ထားကြလော့။ သင်တို့ပခုံးဖြင့် ထမ်းသွားစရာမလိုတော့ပေ။ ယခုမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သူ၏လူမျိုးတော်အစ္စရေးတို့အဖို့ အမှုတော်ကိုထမ်းကြပါလော့။
35:4 အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီးနှင့် သားတော်ရှောလမုန်မင်းကြီးတို့ ရေးမှတ်ထားခဲ့သည့်အတိုင်း သင်တို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အလှည့်ကျအသင့်ရှိစေကြလော့။
35:5 ဘိုးဘေးအိမ်ထောင်စုအလိုက် အုပ်စုခွဲထားသောညီအစ်ကိုချင်းပြည်သူပြည်သားများနှင့် ဘိုးဘေးအိမ်ထောင်စုအလိုက် အဖွဲ့ခွဲထားသောလေဝိအမျိုးသားတို့၊ သန့်ရှင်းရာဌာနတွင် နေရာယူကြလော့။
35:6 ပသခါသိုးသငယ်ကိုသတ်၍ မိမိတို့ကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုကြလော့။ မောရှေမှတစ်ဆင့်ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ကိုယ့်ညီအစ်ကိုချင်းတို့လိုက်နာဆောင်ရွက်နိုင်ရန် သူတို့အဖို့ ပြင်ဆင်ပေးကြလော့”ဟု မှာကြား၏။
35:7 ယောရှိမင်းကြီးသည် ထိုနေရာတွင်ရှိနေသော ပြည်သူပြည်သားတို့အဖို့ ပသခါယဇ်အဖြစ် သိုးသငယ်၊ ဆိတ်သငယ်စုစုပေါင်းအကောင်ရေသုံးသောင်း၊ နွားအကောင်ရေသုံးထောင်တို့ကို ရှင်ဘုရင်ပိုင်ဆိုင်ရာထဲမှ လှူဒါန်းပေးလေ၏။
35:8 ဘုရင့်မှူးမတ်တို့လည်း ပြည်သူပြည်သားများ၊ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား စေတနာအလျောက်ပေးလှူကြ၏။ ဘုရားသခင်၏အိမ်တော်အုပ်များဖြစ်ကြသော ဟိလခိ၊ ဇာခရိနှင့် ယေဟေလတို့လည်း ယဇ်ပုရောဟိတ်တို့အဖို့ ပသခါယဇ်အဖြစ် သိုးသငယ်၊ ဆိတ်သငယ်အကောင်ရေနှစ်ထောင့်ခြောက်ရာနှင့် နွားအကောင်ရေသုံးရာတို့ကို ပေးလှူကြ၏။
35:9 လေဝိအကြီးအကဲများဖြစ်ကြသော ကောနနိ၊ ရှေမာယ၊ နာသနေလတို့ညီအစ်ကိုများနှင့် ဟာရှဘိ၊ ယေယေလ၊ ယောဇဗဒ်တို့လည်း လေဝိအမျိုးတို့အဖို့ ပသခါယဇ်အဖြစ် သိုးသငယ်၊ ဆိတ်သငယ်အကောင်ရေငါးထောင်နှင့် နွားအကောင်ရေငါးရာတို့ကို ပေးလှူကြ၏။
35:10 ဤသို့ဖြင့် ရှင်ဘုရင်၏အမိန့်တော်အတိုင်း ပွဲတော်ကိုပြင်ဆင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် ကိုယ်စီနေရာယူကြ၏။ လေဝိအမျိုးတို့သည်လည်း အဖွဲ့လိုက်နေရာယူကြ၏။
35:11 ထို့နောက် သူတို့သည် ပသခါသိုးသငယ်ကိုသတ်ပြီး သိုးသငယ်အရေခွံကို လေဝိအမျိုးတို့ဆုတ်နေချိန်တွင် ယဇ်ပုရောဟိတ်တို့သည် သိုးသငယ်သွေးကို ယူ၍ဖျန်းကြ၏။
35:12 ထို့နောက် မောရှေကျမ်းတွင်ရေးသားထားသည့်အတိုင်း ထာဝရဘုရားထံယဇ်ပူဇော်ရန် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အုပ်စုခွဲထားသောပြည်သူပြည်သားတို့အား မီးရှို့ရာယဇ်ကို ခွဲဝေပေးကြ၏။ နွားများကိုလည်း ထိုနည်းတူပြုကြ၏။
35:13 ထို့နောက် စီရင်ထုံးဖွဲ့ချက်အတိုင်း ပသခါယဇ်ကောင်ကို မီးကင်၍ သန့်ရှင်းသောယဇ်များကိုလည်း အိုးများ၊ ဒယ်စောက်များ၊ ဒယ်အိုးများတွင် ပြုတ်ပြီးလျှင် ပြည်သူပြည်သားတို့အား အလျင်အမြန်ဝေပေး၏။
35:14 ထို့နောက်မှ မိမိတို့အဖို့နှင့် ယဇ်ပုရောဟိတ်တို့အဖို့ ပြင်ဆင်ကြ၏။ အာရုန်သားမြေးယဇ်ပုရောဟိတ်တို့သည် မီးရှို့ရာယဇ်နှင့် အဆီတို့ကို ညရောက်သည့်အထိ ပူဇော်ရသဖြင့် လေဝိအမျိုးတို့သည် မိမိတို့အဖို့နှင့် အာရုန်သားမြေးယဇ်ပုရောဟိတ်တို့အဖို့ ပြင်ဆင်ပေးရ၏။
35:15 အာသပ်သားမြေးသီချင်းသည်တို့သည် ဒါဝိဒ်မင်းကြီးနှင့် အာသပ်၊ ဟေမန်၊ ရှင်ဘုရင်၏ဗျာဒိတ်ဆရာယေဒုသုန်တို့ စီစဉ်ညွှန်ကြားထားခဲ့သည့်အတိုင်း ကိုယ့်နေရာတွင် ရပ်နေကြ၏။ တံခါးစောင့်တို့သည်လည်း မိမိတို့ တံခါးတိုင်တွင် ရပ်နေကြရ၏။ သူတို့၏ညီအစ်ကိုချင်းဖြစ်သောလေဝိအမျိုးတို့သည် သူတို့အဖို့ကိုလည်း ပြင်ဆင်ပေးသောကြောင့် မိမိတို့တာဝန်ကျသောနေရာမှ ထွက်သွားစရာမလိုပေ။
35:16 ဤသို့ဖြင့် ယောရှိမင်းကြီး၏အမိန့်တော်အတိုင်း ပသခါပွဲတော်ကြီးကို ကျင်းပရန်နှင့် ထာဝရဘုရား၏ယဇ်ပလ္လင်တော်အပေါ်၌ မီးရှို့ရာယဇ်ကိုပူဇော်ရန်အတွက် ထာဝရဘုရားနှင့်ဆိုင်သောဝတ်အလုံးစုံတို့ကို ထိုနေ့တွင် အဆင်သင့်ပြင်ဆင်ကြ၏။
35:17 ထိုအချိန်၌ ပသခါပွဲတော်သို့ ရောက်လာသောအစ္စရေးအမျိုးသားတို့သည် တဆေးမဲ့မုန့်ပွဲတော်ကို ခုနစ်ရက်တိုင်တိုင်ကျင်းပကြ၏။
35:18 ပရောဖက်ရှမွေလလက်ထက်မှစ၍ အစ္စရေးပြည်တွင် ဤကဲ့သို့သောပသခါပွဲမျိုး တစ်ခါမျှမကျင်းပဖူးချေ။ ယောရှိမင်းကြီးနှင့်အတူ ယဇ်ပုရောဟိတ်များ၊ လေဝိလူမျိုးများနှင့် အစ္စရေးလူမျိုးအပါအဝင် ယုဒလူမျိုးအားလုံးမှစ၍ ဂျေရုဆလင်မြို့သားတို့ စုပေါင်း၍ပြုလုပ်သောပသခါပွဲမျိုး အစ္စရေးဘုရင်အပေါင်းတို့လက်ထက်တွင် တစ်ခါမျှမကျင်းပခဲ့ဖူးချေ။
35:19 ယောရှိမင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင်မှ ဤကဲ့သို့သောပသခါပွဲကို ကျင်းပခဲ့ကြခြင်းဖြစ်၏။
35:20 ဤသို့ ယောရှိမင်းကြီး အိမ်တော်ကိုပြင်ဆင်ပြီးသည့်နောက်တွင် အီဂျစ်ဘုရင်နေခေါမင်းကြီးသည် ယူဖရေးတီးမြစ်နားရှိ ကာခေမိတ်မြို့ကို ချီတက်တိုက်ခိုက်ရာ ယောရှိမင်းကြီးသည် သူနှင့်ရင်ဆိုင်ရန် စစ်ချီထွက်ခဲ့၏။
35:21 သို့သော် နေခေါမင်းကြီးက ယောရှိမင်းကြီးထံ တမန်ကိုလွှတ်၍ “အို ယုဒဘုရင်၊ သင်နှင့် အကျွန်ုပ် မည်သို့ဆိုင်သနည်း။ ယခု သင်နှင့်စစ်တိုက်ရန် အကျွန်ုပ်ချီလာသည်မဟုတ်။ အကျွန်ုပ်နှင့်စစ်ဖြစ်နေသောလူမျိုးကိုသာတိုက်ရန် ချီလာ၏။ ဘုရားသခင်သည် အကျွန်ုပ်အား စစ်အမြန်တိုက်စေပြီဖြစ်၍ အကျွန်ုပ်နှင့်အတူရှိသောဘုရားသခင်ကို ဆန့်ကျင်၍ဆီးတားမနေပါနှင့်။ သို့မဟုတ်လျှင် သင့်ကိုဖျက်ဆီးတော်မူမည်”ဟု မှာကြားလိုက်၏။
35:22 သို့သော် ယောရှိမင်းကြီးသည် နောက်ပြန်မလှည့်ဘဲ နေခေါမင်းကြီးကို ရင်ဆိုင်တိုက်ခိုက်၏။ နေခေါမင်းကြီးအား ဘုရားသခင်မိန့်တော်မူသောစကားကို နားမထောင်ဘဲ ရုပ်ဖျက်ကာ မေဂိဒ္ဒေါလွင်ပြင်သို့ ချီတက်၍ စစ်ပွဲသို့ဝင်၏။
35:23 လေးသည်တော်တို့ပစ်လိုက်သောမြားသည် ယောရှိမင်းကြီးအား ထိမှန်သောအခါ မင်းကြီးက ရဲမက်တို့အား “ငါ့ကို ခေါ်ထုတ်သွားပါ။ ငါဒဏ်ရာအပြင်းအထန်ရပြီ”ဟု မိန့်ဆို၏။
35:24 ထို့ကြောင့် ရဲမက်တို့သည် သူ့ကို စစ်ရထားပေါ်မှချ၍ အခြားစစ်ရထားတစ်ခုပေါ်သို့တင်ကာ ဂျေရုဆလင်မြို့သို့ ပြန်ခေါ်ဆောင်လာ၏။ မင်းကြီးအနိစ္စရောက်၍ ဘိုးဘေးတို့၏သင်္ချိုင်းတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် ယောရှိမင်းကြီးအတွက် ငိုကြွေးမြည်တမ်းကြလေ၏။
35:25 ယေရမိသည် ယောရှိမင်းကြီးအတွက် ငိုချင်းကို ဖွဲ့ခဲ့၏။ သီချင်းသည်ယောက်ျားမိန်းမအပေါင်းတို့သည်လည်း ယောရှိမင်းကြီးအတွက် ငိုချင်းများကို ယနေ့တိုင် သီဆိုနေကြ၏။ ထိုငိုချင်းတို့ကို အစ္စရေးပြည်၏ဓလေ့ထုံးတမ်းတစ်ခုအဖြစ်ထားရှိပြီး မြည်တမ်းစာ၌ရေးမှတ်ထားကြ၏။
35:26 ကျန်ရှိနေသောယောရှိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ထာဝရဘုရား၏ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မေတ္တာဖြင့်လုပ်ဆောင်ခဲ့ပုံ၊
35:27 သူ၏လုပ်ဆောင်မှုအစအဆုံးတို့ကို အစ္စရေးနှင့် ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းများတွင် ရေးမှတ်ထား၏။