Nehemiah 8
8:1 လူအပေါင်းတို့သည် ရေတံခါးရှေ့ရှိကွင်းပြင်တွင် တစ်စိတ်တစ်သဘောတည်းစုရုံးလာကြပြီး မောရှေအားဖြင့် အစ္စရေးလူမျိုးတို့အား ထာဝရဘုရား မိန့်မှာတော်မူသော ပညတ်တရားကျမ်းကို ယူဆောင်ခဲ့ရန် ကျမ်းပြုဆရာဧဇရအား တောင်းဆိုကြ၏။
8:2 ခုနစ်လပိုင်း ပထမနေ့တွင် ယဇ်ပုရောဟိတ်ဧဇရသည် နားထောင်၍နားလည်သဘောပေါက်နိုင်သော ယောက်ျားမိန်းမအပါအဝင် လူအပေါင်းတို့ရှိရာသို့ ပညတ်တရားကျမ်းကိုယူလာ၍
8:3 ရေတံခါးရှေ့ရှိကွင်းပြင်တွင် မိုးလင်းချိန်မှစ၍ မွန်းတည့်ချိန်တိုင်အောင် နားလည်သဘောပေါက်နိုင်သော ယောက်ျားမိန်းမတို့ရှေ့၌ ဖတ်ပြ၏။ လူအပေါင်းတို့ကလည်း ထိုပညတ်တရားကျမ်းကို စိတ်ဝင်တစားနားထောင်ကြ၏။
8:4 ကျမ်းဖတ်ရန်အတွက် သူတို့ပြုလုပ်ထားသော သစ်သားစင်မြင့်ပေါ်တွင် ကျမ်းပြုဆရာဧဇရ ရပ်၏။ သူ၏လက်ယာဘက်ဘေးတွင် မတ္တိသိ၊ ရှေမာ၊ အနာယ၊ ဥရိယ၊ ဟိလခိ၊ မာသေယတို့ ရပ်နေ၍ သူ၏လက်ဝဲဘက်ဘေးတွင် ပေဒါယ၊ မိရှေလ၊ မာလခိယ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့ ရပ်နေ၏။
8:5 ဧဇရသည် လူအပေါင်းတို့ထက်မြင့်သောနေရာတွင်ရပ်၍ လူအပေါင်းတို့ရှေ့တွင် ကျမ်းစာအုပ်ကိုဖွင့်လိုက်၏။ ထိုသို့ ကျမ်းစာအုပ်ကိုဖွင့်လိုက်သောအခါ လူအပေါင်းတို့သည် မတ်တတ်ရပ်ကြ၏။
8:6 ဧဇရသည် ကြီးမြတ်တော်မူသောဘုရားသခင်ထာဝရဘုရားကို ကောင်းချီးထောမနာပြုသောအခါ လူအပေါင်းတို့သည် လက်ကိုမြှောက်လျက် “အာမင် အာမင်”ဟု ဝန်ခံကြ၏။ ထို့နောက် မြေပေါ်တွင်ပျပ်ဝပ်လျက် ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြ၏။
8:7 လူအပေါင်းတို့ ရပ်နေကြစဉ် ယေရွှာ၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ပေလာယနှင့်လေဝိသားတို့သည် လူတို့အား ပညတ်တရားကိုနားလည်အောင်ရှင်းပြကြ၏။
8:8 ထိုသို့ ဘုရားသခင်၏ပညတ်တရားကျမ်းကို သေသေချာချာဖတ်ပြ၍ အဓိပ္ပာယ်ကိုရှင်းပြသဖြင့် သူတို့ဖတ်ပြသည်ကို လူအပေါင်းတို့ နားလည်ကြ၏။
8:9 လူအပေါင်းတို့သည် ပညတ်တရားစကားများကို ကြားရသောအခါ ငိုကြွေးကြ၏။ ထို့ကြောင့် ဘုရင်ခံနေဟမိ၊ ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရနှင့် လူတို့အား အဓိပ္ပာယ်ကိုရှင်းပြသောလေဝိသားတို့က “ယနေ့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့ ဖြစ်၏။ ထို့ကြောင့် မညည်းတွားကြနှင့်၊ မငိုကြွေးကြနှင့်”ဟု လူအပေါင်းတို့အား ဆို၏။
8:10 ထို့နောက် နေဟမိက လူတို့အား “ချိုမြိန်သောစားကောင်းသောက်ဖွယ်တို့ကို သွား၍ စားသောက်ကြလော့။ စားသောက်စရာမရှိသူတို့အား ဝေငှပေးလော့။ ယနေ့သည် ငါတို့ဘုရားသခင်အဖို့ သန့်ရှင်းသောနေ့ဖြစ်၍ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှ ဝမ်းမြောက်ခြင်းသည် သင်တို့အဖို့ ခွန်အားဖြစ်၏”ဟု ဆို၏။
8:11 လေဝိသားတို့ကလည်း လူအပေါင်းတို့အား “ငြိမ်ဝပ်စွာနေကြလော့။ ဝမ်းမနည်းကြနှင့်။ ယနေ့သည် သန့်ရှင်းသောနေ့ဖြစ်၏”ဟု နှစ်သိမ့်ပေး၏။
8:12 လူအပေါင်းတို့သည်လည်း သူတို့အား ရှင်းပြသောစကားများကို ကောင်းစွာနားလည်သဖြင့် စားသောက်ရန်၊ အစားအစာဝေငှရန်နှင့် ပျော်ပွဲရွှင်ပွဲကြီးကျင်းပရန် ထွက်သွားကြ၏။
8:13 ဒုတိယနေ့တွင် လူအပေါင်းတို့၏အိမ်ထောင်စုအကြီးအမှူးတို့နှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိသားများသည် ပညတ်တရားစကားများကို လေ့လာသင်ယူရန် ကျမ်းပြုဆရာဧဇရထံ စုဝေးလာကြ၏။
8:14 မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသော ပညတ်တရားကျမ်း၌ သတ္တမလပွဲခံချိန်တွင် အစ္စရေးအမျိုးသားတို့သည် ယာယီတဲ၌နေရကြမည်ဟု ရေးသားထားသည်ကို တွေ့ရှိကြလေ၏။
8:15 ထို့ကြောင့် သူတို့က “ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း ယာယီတဲကို ဆောက်ဖို့ရန် တောင်ပေါ်သို့သွား၍ သံလွင်ခက်၊ ထင်းရှူးခက်၊ မုရတုခက်၊ စွန်ပလွံခက်မှစ၍ အရွက်ဝေဆာသောသစ်ခက်တို့ကို ယူလာကြလော့”ဟူသောသတင်းကို ဂျေရုဆလင်မြို့မှစ၍ မြို့ရွာရှိသမျှအနှံ့ ကြေညာလေ၏။
8:16 ထို့ကြောင့် လူတို့သည် ထွက်သွား၍ သစ်ခက်များကိုယူဆောင်လာကြပြီး မိမိတို့အိမ်ခေါင်မိုးပြင်၊ အိမ်ဝင်းအတွင်း၊ ဘုရားသခင်၏အိမ်တော်ဝင်းအတွင်း၊ ရေတံခါးရှေ့ကွင်းပြင်၊ ဧဖရိမ်တံခါးရှေ့ကွင်းပြင် စသည်တို့၌ ယာယီတဲကို ဆောက်လုပ်ကြ၏။
8:17 သုံ့ပန်းဘဝမှလွတ်မြောက်၍ပြန်လာသောလူအုပ်ကြီးကလည်း ယာယီတဲများကိုဆောက်လုပ်၍ ထိုတဲများတွင် နေထိုင်ကြ၏။ နုန်၏သားယောရှုလက်ထက်မှစ၍ ဤနေ့ရက်အထိ အစ္စရေးအမျိုးသားတို့သည် ထိုသို့ မကျင်းပဖူးသောကြောင့် လွန်စွာအားရဝမ်းမြောက်ကြ၏။
8:18 ပွဲတော်ပထမရက်မှစ၍ နောက်ဆုံးရက်အထိ ဧဇရသည် ဘုရားသခင်၏ပညတ်တရားကျမ်းကို နေ့စဉ်ဖတ်ပြ၏။ ပွဲတော်ကို ခုနစ်ရက်ပတ်လုံးကျင်းပပြီး ရှစ်ရက်မြောက်သောနေ့တွင် စီရင်ထုံးဖွဲ့ချက်အတိုင်း ဓမ္မစည်းဝေးပွဲကြီးကို ကျင်းပ၏။