Esther 6
6:1 ထိုညတွင် ရှင်ဘုရင်သည် အိပ်မပျော်သဖြင့် ရာဇဝင်မှတ်တမ်းစာလိပ်ကို ယူလာရန် အမိန့်ပေး၏။ သူတို့သည်လည်းယူလာ၍ ဘုရင့်ရှေ့မှောက်၌ ဖတ်ပြကြ၏။
6:2 ထိုမှတ်တမ်းထဲတွင် ဘုရင့်မိန်းမစိုးနှစ်ဦးဖြစ်သော တံခါးစောင့်ဗိဂသန်နှင့်တေရက်တို့သည် အာရွှေရုမင်းကြီးကိုလုပ်ကြံရန် အခွင့်ကောင်းရှာသည့်အကြောင်းကို မော်ဒကဲထုတ်ဖော်ပြောကြားခဲ့ကြောင်း ရေးမှတ်ထားသည်ကိုတွေ့ရှိရ၏။
6:3 ထို့ကြောင့် ရှင်ဘုရင်က “မော်ဒကဲ ဤသို့ပြုပေးသည်ကို သူ့အား မည်သည့်ဘွဲ့ထူးဖြင့် ဂုဏ်ပြုခဲ့သနည်း”ဟု မေးရာ မိမိထံပါး၌ခစားသောမင်းလုလင်တို့က “သူ့ကို မည်သည့်အရာမျှ မပြုပေးခဲ့ပါ”ဟု ပြန်လျှောက်ကြ၏။
6:4 ထိုအခါ ရှင်ဘုရင်က “နန်းတော်ဝင်းထဲတွင် မည်သူရှိသနည်း”ဟု မေး၏။ ထိုအချိန်တွင် ဟာမန်သည် သူလုပ်ထားသောသစ်တိုင်တွင် မော်ဒကဲကိုချိတ်ဆွဲမည့်အကြောင်း ရှင်ဘုရင်ထံခွင့်ပန်ရန် ဘုရင့်နန်းတော်ဝင်းအပြင်ဘက်တွင် ရောက်နေ၏။
6:5 မင်းလုလင်တို့က “ကြည့်ရှုတော်မူပါ။ နန်းတော်ဝင်းထဲတွင် ဟာမန်ရပ်လျက်နေပါ၏”ဟု လျှောက်လျှင် ရှင်ဘုရင်က “အထဲသို့ဝင်စေ”ဟု မိန့်ဆို၏။
6:6 ဟာမန်ဝင်လာလျှင် ရှင်ဘုရင်က “ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို မည်သို့ဂုဏ်ပြုသင့်သနည်း”ဟု မေး၏။ ဟာမန်ကလည်း “ငါမှတစ်ပါး ရှင်ဘုရင်ဂုဏ်ပြုလိုသောသူရှိမည်မဟုတ်”ဟု အတွေးဝင်၍
6:7 ဟာမန်က ရှင်ဘုရင်အား “အရှင်မင်းကြီးဂုဏ်ပြုလိုသောသူအတွက်
6:8 အရှင်မင်းကြီးဆင်မြန်းသောမင်းဝတ်တန်ဆာ၊ ခေါင်းပေါ်တွင် တော်ဝင်သရဖူဆင်မြန်းပေးထားသောအရှင်မင်းကြီး၏စီးတော်မြင်းကိုယူလာစေ၍
6:9 ထိုမင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကို ဘုရင့်မှူးကြီးမတ်ရာတစ်ပါးပါးလက်သို့ပေးအပ်ပြီး အရှင်မင်းကြီးဂုဏ်ပြုလိုသောသူအား ဆင်ယင်ပေးစေပါ။ ထို့နောက် စီးတော်မြင်းကိုစီးစေ၍ မြို့လမ်းမတစ်လျှောက်လှည့်လည်စေပြီးလျှင် ‘ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို ဤသို့ဂုဏ်ပြုပေးရသည်’ဟူ၍ ရှေ့မှ ကြွေးကြော်သွားစေရမည်”ဟု လျှောက်လေ၏။
6:10 ထိုအခါ ရှင်ဘုရင်က ဟာမန်အား “သင်ဆိုသည့်အတိုင်း မင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကို ယခုချက်ချင်းသွားယူ၍ ဘုရင့်နန်းတော်တံခါး၌ထိုင်နေသောဂျူးလူမျိုးမော်ဒကဲအား ပြုလော့။ သင်ပြောခဲ့သမျှ တစ်ခုမျှ မကျန်စေနှင့်”ဟု မိန့်ဆို၏။
6:11 ဟာမန်သည်လည်း မင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကိုယူ၍ မော်ဒကဲအား မင်းဝတ်တန်ဆာကိုဝတ်ဆင်စေပြီး စီးတော်မြင်းကိုစီးစေလျက် မြို့လမ်းမတစ်လျှောက် “ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို ဤသို့ဂုဏ်ပြုရသည်”ဟု ရှေ့မှ ကြွေးကြော်သွားလေ၏။
6:12 ထို့နောက် မော်ဒကဲသည် ဘုရင့်နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား စိတ်မသာမယာဖြင့် ခေါင်းကိုအုပ်လျက် မိမိအိမ်သို့အလျင်အမြန်ပြန်သွားလေ၏။
6:13 ထို့နောက် ဟာမန်သည် မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေအပေါင်းတို့အား ဖြစ်ပျက်ခဲ့သမျှတို့ကို ပြောပြရာ သူ့ဇနီးဇေရက်နှင့် သူ့ကို အကြံပေးသူတို့က “ယခု သင်သည် မော်ဒကဲကို စပြီးရှုံးနိမ့်စပြုလေပြီ။ သူသည် ဂျူးလူမျိုးမှန်လျှင် သူ့ကို သင်အနိုင်ရလိမ့်မည်မဟုတ်။ သူ့ကို သင်မုချရှုံးလိမ့်မည်”ဟု ပြန်ပြောကြ၏။
6:14 ထိုသို့ ပြောဆိုနေကြစဉ်တွင်ပင် မိန်းမစိုးတို့ရောက်လာ၍ ဧသတာပြင်ဆင်ထားသောစားသောက်ပွဲသို့ ဟာမန်ကို အလျင်အမြန်ခေါ်သွားကြ၏။