Job 24
24:1 အနန္တတန်ခိုးရှင်သည် အချိန်ကာလကို အဘယ်ကြောင့် သတ်မှတ်တော်မမူသနည်း။ ကိုယ်တော်နှင့်သိကျွမ်းသောသူတို့သည် ကိုယ်တော်၏နေ့ရက်ကို အဘယ်ကြောင့် မမြင်ရသနည်း။
24:2 လူတို့သည် နယ်နိမိတ်စည်းများကို ရွှေ့ပစ်တတ်ကြ၏။ လုယူသောတိရစ္ဆာန်များကို ထိန်းကျောင်းတတ်ကြ၏။
24:3 မိဘမဲ့တို့၏မြည်းကို ယူဆောင်သွားတတ်ကြ၏။ မုဆိုးမ၏နွားကိုပင် အပေါင်ပစ္စည်းအဖြစ် သိမ်းယူတတ်ကြ၏။
24:4 လူတို့သည် နွမ်းပါးသောသူတို့ကို လမ်းပေါ်မှတွန်းဖယ်တတ်ကြ၏။ အဖိနှိပ်ခံရသောပြည်သားတို့သည် စုပြီးပုန်းရှောင်နေရကြ၏။
24:5 ကြည့်ရှုလော့။ သူတို့သည် ကန္တာရမြည်းရိုင်းကဲ့သို့ အစာကို ကြိုးစား၍လိုက်လံရှာဖွေစားရ၏။ ကန္တာရသည်သာ သူတို့၏သားသမီးအဖို့ အစားအစာကို ရရှိစေ၏။
24:6 တိရစ္ဆာန်အစာကို လယ်ကွင်းတွင် လိုက်ရိတ်ရ၏။ ဆိုးယုတ်သောသူတို့၏စပျစ်ခြံတွင် ကောက်သင်းကောက်ရ၏။
24:7 ညအိပ်သောအခါ အဝတ်မပါဘဲ အချည်းစည်းအိပ်ရ၏။ ချမ်းအေးသောအခါတွင်လည်း ခြုံစရာမရှိ။
24:8 တောင်ပေါ်မိုးကြောင့် စိုရွှဲကုန်၏။ ခိုလှုံစရာမရှိသောကြောင့် ကျောက်ဆောင်များကြားတွင် ခိုနေရ၏။
24:9 လူတို့သည် ဖတဆိုးကို အမိရင်ခွင်မှ ဆွဲထုတ်၏။ ဆင်းရဲသားထံမှ အပေါင်ပစ္စည်းကို သိမ်းယူ၏။
24:10 ဆင်းရဲသားတို့သည် အဝတ်မပါ ကိုယ်ဗလာနှင့် သွားလာကြရ၏။ ဆာလောင်လျက်နှင့်ပင် ကောက်လှိုင်းစည်းကို သယ်ကြရ၏။
24:11 သံလွင်ပင်တန်းများကြားတွင် ဆီကြိတ်လျက်၊ စပျစ်သီးနင်းနယ်လျက်နှင့်ပင် ရေငတ်နေကြရ၏။
24:12 မြို့သားတို့သည် ညည်းတွားလျက်၊ ဒဏ်ရာရသူတို့သည်လည်း အကူအညီအော်ဟစ်တောင်းခံလျက် နေရပါ၏။ သို့သော် ထိုမတရားမှုကို ဘုရားသခင် အရေးစိုက်တော်မမူ။
24:13 အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ကြ၏။ အလင်း၏လမ်းစဉ်များကို အသိအမှတ်မပြုကြ။ အလင်း၏လမ်းစဉ်အတိုင်း မနေထိုင်လိုကြ။
24:14 လူသတ်သမားသည် အရုဏ်တက်ချိန်တွင် ထ၍ ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို သတ်တတ်၏။ ညဘက်တွင်မူကား သူသည် သူခိုးကဲ့သို့ဖြစ်၏။
24:15 အိမ်ထောင်ရေးဖောက်ပြန်သောသူသည်လည်း ‘မည်သူမျှ ငါ့ကို မမြင်’ဟု တွေးထင်လျက် မျက်နှာကိုဖုံးကာ မှောင်ရီပျိုးချိန်ကို စောင့်မျှော်နေတတ်၏။
24:16 သူခိုးတို့သည် မှောင်ရိပ်ခိုပြီး အိမ်ကိုဖောက်ထွင်း၏။ နေ့အချိန်တွင်မူကား အလင်းကိုရှောင်၍ အိမ်ထဲတွင် ပုန်းအောင်းနေ၏။
24:17 နံနက်အချိန်သည် သူတို့အဖို့ သေမင်းအရိပ်ကဲ့သို့ဖြစ်၏။ သူတို့သည် ထိတ်လန့်ဖွယ်သောသေမင်းအရိပ်နှင့် အကျွမ်းဝင်ကြ၏။
24:18 သူတို့သည် ရေမျက်နှာပြင်ပေါ်တွင် မျောပါသွားလိမ့်မည်။ သူတို့၏အမွေမြေသည် ကျိန်ဆဲခံရသဖြင့် မည်သူမျှ ကိုယ့်စပျစ်ခြံများသို့ သွားရတော့မည်မဟုတ်။
24:19 မိုးခေါင်၍အပူရှိန်သည် နှင်းပွင့်ကို ဝါးမျိုသကဲ့သို့ မရဏာနိုင်ငံသည် အပြစ်ပြုသောသူတို့ကို ဝါးမျိုလိမ့်မည်။
24:20 သူ့မိခင်သည်ပင် သူ့ကို မေ့လျော့ပြီး လောက်ကောင်များသည် သူ့အသားကို မြိန်ရှက်စွာစားသောက်သွားသဖြင့် သူ့ကို သတိရကြတော့မည်မဟုတ်။ မတရားသောသူသည် သစ်ပင်ကဲ့သို့ ကျိုးပဲ့သွားရလိမ့်မည်။
24:21 သူသည် မြုံနေ၍ သားမဖွားသောမိန်းမကို အနိုင်ကျင့်တတ်၏။ မုဆိုးမကိုလည်း ကျေးဇူးမပြုတတ်။
24:22 သို့သော် ကိုယ်တော်သည် အားကြီးသောသူကို တန်ခိုးတော်ဖြင့် လှဲချတော်မူမည်။ သူပြန်ထလာလျှင်ပင် သူ့အသက်အတွက် အာမခံချက် ရှိမည်မဟုတ်။
24:23 ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာဖြင့် နားနေရသောအခွင့်ပေးတော်မူ၍ သူတို့သွားသောလမ်းများကိုလည်း စောင့်ကြည့်တော်မူ၏။
24:24 သူတို့သည် ခဏတာချီးမြှောက်ခံရပြီးမှ ပျောက်ကွယ်သွားရလိမ့်မည်။ နှိမ့်ချခြင်းခံရ၍ အများသူငါကဲ့သို့ စုသိမ်းခြင်းခံရလိမ့်မည်။ ကောက်နှံကဲ့သို့ ရိတ်ဖြတ်ခြင်း ခံရလိမ့်မည်။
24:25 သို့မဟုတ်လျှင် ငါလိမ်ပြောသည်ဟု မည်သူသက်သေပြမည်နည်း။ ငါ့စကားသည် အဓိပ္ပာယ်မရှိဟု မည်သူထောက်ပြမည်နည်း”ဟု ဆိုလေ၏။