Job 27
27:1 ထိုအခါ ယောဘသည် မိမိကိုယ်ကို ပုံဆောင်၍ ဆက်လက်ပြောဆို၏။
27:2 “ငါ့ကို မတရားစီရင်သောဘုရား၊ ငါ့စိတ်ဝိညာဉ်ကို ခါးသီးစွာခံစားရစေသောအနန္တတန်ခိုးရှင် အသက်ရှင်တော်မူသည်နှင့်အညီ
27:3 ငါ့အထဲ၌ ဇီဝအသက်ရှိနေသေးသရွေ့၊ ငါ့နှာခေါင်းထဲတွင် ဘုရားသခင်ပေးသောလေရှူနေရသေးသရွေ့
27:4 ငါ့နှုတ်ခမ်းသည် ကောက်ကျစ်သောစကားကို မပြော၊ ငါ့လျှာသည် လိမ်လည်လှည့်စားသောစကားကို မဆိုဘဲ နေမည်။
27:5 သင်တို့မှန်ပါသည်ဟုဆိုသောစကားသည် ငါနှင့် ဝေးပါစေ။ ငါသေသွားသည့်တိုင်အောင် ဖြောင့်မတ်တည်ကြည်ခြင်းကို ငါစွန့်မည်မဟုတ်။
27:6 ဖြောင့်မတ်ခြင်းကို လက်မလွှတ်ဘဲ စွဲကိုင်ထားမည်။ ငါအသက်ရှင်သမျှကာလပတ်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ရအောင် နေမည်။
27:7 ငါ့ရန်သူသည် ဆိုးယုတ်သောသူကဲ့သို့လည်းကောင်း၊ ငါ့ကိုဆန့်ကျင်သောသူသည် လူဆိုးသူခိုးကဲ့သို့လည်းကောင်း ဖြစ်ပါစေ။
27:8 ဘုရားတရားမဲ့သောသူသည် ပျက်စီး၍ သူ့အသက်ကို ဘုရားသခင် နုတ်ယူပစ်လိုက်သောအခါ သူ၏မျှော်လင့်ရာကား အဘယ်မှာနည်း။
27:9 သူသည် ဆင်းရဲဒုက္ခရောက်၍ အော်ဟစ်ငိုကြွေးသောအခါ ဘုရားသခင် နားညောင်းတော်မူမည်လော။
27:10 သူသည် အနန္တတန်ခိုးရှင်ကို နှစ်သက်လိမ့်မည်လော။ ဘုရားသခင်ထံ အစဉ်အော်ဟစ်ဆုတောင်းလိမ့်မည်လော။
27:11 ဘုရားသခင်ပြုသောအမှုကို သင်တို့အား ငါဖော်ပြမည်။ အနန္တတန်ခိုးရှင်၌ရှိသမျှသောအရာတို့ကို မထိမ်မဝှက်ဖော်ပြမည်။
27:12 ကြည့်ပါ။ သင်တို့အားလုံး ကိုယ်တိုင်မြင်လျက်နှင့် အဘယ်ကြောင့် အဓိပ္ပာယ်မရှိ အချည်းနှီးသောစကားတို့ကို ပြောဆိုကြသနည်း။
27:13 ဆိုးယုတ်သောသူတို့ ဘုရားသခင်ထံမှ ခံရမည့်ဝေစု၊ ကြမ်းကြုတ်သောသူတို့ အနန္တတန်ခိုးရှင်ထံမှ ခံရမည့်အမွေကား ဤသို့ဖြစ်၏။
27:14 သူ၌ သားသမီးများစွာရှိလျှင်လည်း ဓားစာသာ ဖြစ်သွားမည်။ သူ့သားမြေးတို့သည်လည်း ဘယ်သောအခါမျှ အစာရေစာလုံလောက်မည်မဟုတ်။
27:15 သူ၌ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း ကပ်ဘေးကြောင့် သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်။ ထို့အတွက် မုဆိုးမတို့သည် ငိုကြွေးကြလိမ့်မည်မဟုတ်။
27:16 သူသည် ငွေကို မြေမှုန့်ကဲ့သို့ ပုံထားနိုင်သော်လည်း၊ အဝတ်အစားကို ရွှံ့ကဲ့သို့ စုပုံထားနိုင်သော်လည်း
27:17 သူ့အဝတ်ပုံကို ဖြောင့်မတ်သူက ဝတ်ဆင်၍ သူ့ငွေကို အပြစ်မဲ့သူတို့က ခွဲဝေယူလိမ့်မည်။
27:18 သူဆောက်ထားသောအိမ်သည် ပိုးအိမ်နှင့် တူ၏။ ကင်းစောင့်ဆောက်သောတဲနှင့် တူ၏။
27:19 သူသည် သူဌေးကဲ့သို့ အိပ်ရသော်လည်း ထိုအဖြစ်မျိုး နောက်ထပ်ရှိတော့မည်မဟုတ်။ မျက်စိဖွင့်ကြည့်သောအခါ ဘာမျှရှိတော့မည်မဟုတ်။
27:20 ရေလွှမ်းမိုးသကဲ့သို့ ထိတ်လန့်ဖွယ်အဖြစ်များသည် သူ့ကို လွှမ်းမိုးလိမ့်မည်။ ညအချိန်တွင် လေပွေသည် သူ့ကို တိုက်သွားလိမ့်မည်။
27:21 အရှေ့လေသည် သူ့ကိုတိုက်သွားသဖြင့် သူရှိတော့မည်မဟုတ်။ သူ့ကို သူ့နေရာမှ လွင့်ထွက်သွားစေမည်။
27:22 လေအရှိန်မှလွတ်အောင် အသည်းအသန်ထွက်ပြေးသော်လည်း လေသည် သူ့ကို မညှာမတာတိုက်သွားလိမ့်မည်။
27:23 လေသည် လက်ခုပ်လက်ဝါးတီးလျက်၊ ပြောင်လှောင်လျက် သူ့ကို သူ့နေရာမှတိုက်ထုတ်လိမ့်မည်။