Job 6
6:1 ထိုအခါ ယောဘက
6:2 “ငါခံရသော ပူဆွေးခြင်းနှင့် ပျက်စီးဆုံးရှုံးခြင်းများကို ချိန်ခွင်တွင် စုပုံချိန်တွယ်ကြည့်မည်ဆိုလျှင်
6:3 သမုဒ္ဒရာသဲလုံးထက်ပင် ပိုလေးလိမ့်မည်။ ထို့ကြောင့် ငါသည် စကားကို မဆင်မခြင်ပြောမိပြီ။
6:4 အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
6:5 မြည်းရိုင်းသည် မြက်နုရှိလျက်နှင့် ဟီမည်လော။ နွားသည်လည်း အစာရှိလျက်နှင့် အော်မည်လော။
6:6 အရသာမရှိသောအစာကို ဆားမပါဘဲ စားနိုင်သလော။ ကြက်ဥအကာ၌ အရသာရှိသလော။
6:7 ငါ့အဖို့ ရွံရှာဖွယ်သောအစာကဲ့သို့ဖြစ်၍ တို့ထိလိုစိတ်ပင်မရှိ။
6:8 ငါတောင်းဆိုသောအရာကို ရပါစေသော။ ဘုရားသခင်သည် ငါ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးပါစေသော။
6:9 ဘုရားသခင်သည် ငါ့ကို အမှုန့်ချေပစ်ဖို့ရန် အလိုတော်ရှိပါစေသော။ လက်တော်ကိုဆန့်၍ ငါ့ကို ကွပ်မျက်ပါစေသော။
6:10 သို့မှ ငါခံစားရသက်သာလိမ့်မည်။ မညှာမတာခံစားရသောဝေဒနာများထဲမှ ဝမ်းမြောက်မိပါလိမ့်မည်။ ငါသည် သန့်ရှင်းသောအရှင်၏စကားတော်ကို မငြင်းဆန်ခဲ့ပါ။
6:11 မည်သည့်ခွန်အားဖြင့် ငါစောင့်မျှော်နေရမည်နည်း။ ငါစိတ်ရှည်သည်းခံရအောင် ငါ့ဘဝနိဂုံးကား မည်သို့နည်း။
6:12 ငါ့ခွန်အားကား ကျောက်တုံးခွန်အားလော။ ငါ့အသားကား ကြေးနီအသားလော။
6:13 ငါသည် ကိုယ့်ကိုယ်ကိုယ် မကယ်နိုင်။ ဉာဏ်ပညာသည် ငါ့ထံမှ ထွက်သွားလေပြီတကား။
6:14 မျှော်လင့်ချက်မဲ့သူအဖို့ မိတ်ဆွေထံမှ မေတ္တာကို ခံရသင့်ပေ၏။ သို့ဖြစ်လျှင် သူသည် အနန္တတန်ခိုးရှင်အား ကြောက်ရွံ့ရိုသေခြင်းကို စွန့်ပယ်မည်မဟုတ်ပေ။
6:15 ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့လည်းကောင်း၊ ဖြတ်သန်းစီးဆင်းသွားသောတောင်ကျချောင်းရေကဲ့သို့လည်းကောင်း သစ္စာမဲ့ကြ၏။
6:16 ထိုချောင်းရေသည် အရည်ပျော်သွားသော ရေခဲ၊ နှင်းခဲများကြောင့် နောက်ကျိသွား၏။
6:17 နွေရာသီရောက်သောအခါ ခန်းခြောက်ပျောက်ကွယ်သွား၏။ ပူပြင်းသောအခါ ရှိသည့်နေရာ၌ပင် ခြောက်သွေ့သွား၏။
6:18 ရေစီးကြောင်းလမ်းလွဲသွား၍ လွင်တီးခေါင်ပြင်အရပ်သို့ရောက်သွားပြီး ပျောက်ကွယ်သွားရ၏။
6:19 တေမခရီးသည်တို့သည် လိုက်ရှာကြ၏။ ရှေဘကုန်သည်တို့သည်လည်း စောင့်မျှော်နေကြ၏။
6:20 ယုံကြည်စိတ်ချမိ၍ သူတို့အရှက်ကွဲရလေပြီ။ ထိုအရပ်သို့ရောက်သောအခါ သူတို့စိတ်ပျက်ကြရ၏။
6:21 သင်တို့သည်လည်း အချည်းနှီးဖြစ်ကြ၏။ ကြောက်မက်ဖွယ်အဖြစ်ကိုမြင်ပြီး သင်တို့ကြောက်ရွံ့ကြ၏။
6:22 ငါက ‘ငါ့ကို တစ်စုံတစ်ရာယူလာပေးပါ။ သင်တို့စည်းစိမ်ချမ်းသာများထဲမှ ငါ့ကိုလက်ဆောင်ပေးကြပါ’ဟု တောင်းဖူးသလော။
6:23 ‘ရန်သူ့လက်မှ ငါ့ကိုကယ်တင်ကြပါ။ ကြမ်းကြုတ်သူတို့လက်မှ ငါ့ကိုရွေးနုတ်ကြပါ’ဟု တောင်းဆိုဖူးသလော။
6:24 ငါ့ကိုသွန်သင်ပါ။ ငါဆိတ်ဆိတ်နေပါမည်။ ငါမည်သည့်အမှားလုပ်မိသည်ကို ပြောပြကြပါ။
6:25 မှန်ကန်သောစကားသည် မည်မျှနာကျင်စေသနည်း။ သင်တို့ဆုံးမသောဆုံးမစကားမူကား မည်သို့နည်း။
6:26 မျှော်လင့်ရာမဲ့သောဤလူ၏စကားမှာ လေသက်သက်သာဖြစ်သည်ဟု ထင်မှတ်၍ သင်တို့သည် ထိုစကားတို့ကို ပြစ်တင်ရှုတ်ချနေကြသလော။
6:27 ဖတဆိုးကိုပင် သင်တို့မဲချခွဲဝေယူကြ၏။ ကိုယ့်မိတ်ဆွေရင်းကိုပင် သင်တို့ရောင်းစားကြ၏။
6:28 သို့သော် ယခု ငါ့ကိုကြည့်ကြပါလော့။ ငါသည် သင်တို့ရှေ့မှာ လိမ်ပြောနေသလော။
6:29 ယခု ပြန်ဆင်ခြင်ကြပါ။ မတရားသောသူများ မဖြစ်ကြနှင့်။ ထပ်ပြီးဆင်ခြင်ကြည့်ကြပါ။ ဤအမှု၌ ငါဖြောင့်မတ်ပါသေး၏။
6:30 ငါ့လျှာ၌ မတရားမှုရှိသလော။ ငါ့ခံတွင်းသည် ပျက်စီးခြင်းကို မသိဘဲနေလိမ့်မည်လော။