Job 9
9:1 ထိုအခါ ယောဘက
9:2 “ဤအမှန်တရားကို ငါသိပါ၏။ သို့သော် လူသည် ဘုရားသခင်ရှေ့တွင် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။
9:3 လူသည် ကိုယ်တော်နှင့် အငြင်းအခုံပြုမည်ဆိုလျှင်ပင် မေးခွန်းတစ်ထောင်တွင် တစ်ခုမျှ ဖြေနိုင်မည်မဟုတ်ပါ။
9:4 ဉာဏ်ပညာတန်ခိုးကြီးတော်မူသောဘုရားကို မည်သူသည် ဆန့်ကျင်အာခံပြီး အသက်ချမ်းသာရာရဖူးသနည်း။
9:5 ကိုယ်တော်သည် တောင်တို့ကို ရွှေ့ပစ်လိုက်၏။ အမျက်တော်ဖြင့် တောင်တို့ကိုမှောက်လှန်တော်မူသောအခါ မည်သူမျှ မသိနားမလည်ကြ။
9:6 မြေကြီးကို သူ့နေရာ၌လှုပ်ခတ်စေသဖြင့် မြေကြီးတိုင်လုံးတို့သည် တုန်လှုပ်ကြ၏။
9:7 နေကို အမိန့်ပေးတော်မူသဖြင့် နေမထွက်။ ကြယ်တို့ကိုလည်း ချိပ်ပိတ်ထားတော်မူ၏။
9:8 ကောင်းကင်မျက်နှာကြက်ကို တစ်ပါးတည်းဖြန့်ကြက်တော်မူ၍ ပင်လယ်လှိုင်းလုံးများကို နင်းတော်မူ၏။
9:9 ဓူဝံကြယ်၊ သရဝဏ်ကြယ်၊ ဖျောက်ဆိပ်ကြယ်၊ တောင်ပိုင်းကြယ်တို့ကို ဖန်ဆင်းတော်မူ၏။
9:10 စူးစမ်း၍မကုန်နိုင်သည့် ကြီးမြတ်သောအမှုများ၊ ရေတွက်၍မကုန်နိုင်သည့် အံ့ဖွယ်သောအမှုများကို ပြုတော်မူ၏။
9:11 ငါ့အနားမှ ဖြတ်သွားသည်ကို ငါမမြင်။ ငါ့ကို ကျော်သွားသော်လည်း ကိုယ်တော်ကို ငါမမှတ်မိ။
9:12 ကိုယ်တော်သိမ်းယူတော်မူလျှင် မည်သူတားနိုင်သနည်း။ ‘မည်သို့ပြုတော်မူသနည်း’ဟု ကိုယ်တော်အား မည်သူမေးလျှောက်ဝံ့သနည်း။
9:13 ဘုရားသခင်သည် အမျက်ကို ပြန်ထိန်းတော်မူမည်မဟုတ်။ ရာဟပ်အား ကူညီသူတို့ပင် ခြေတော်အောက်၌ ပြားပြားဝပ်ကြရ၏။
9:14 ထို့ကြောင့် ကိုယ်တော်ကို ငါမည်သို့တုံ့ပြန်နိုင်မည်နည်း။ တုံ့ပြန်နိုင်မည့်စကားကိုလည်း ငါမည်သို့ရှာနိုင်ပါမည်နည်း။
9:15 ငါဖြောင့်မတ်နေလျှင်ပင် တုံ့ပြန်၍မရ။ ငါ့အား တရားစီရင်မည့်သူကို အသနားခံရန်သာရှိတော့မည်။
9:16 ငါခေါ်၍ ကိုယ်တော်ပြန်ထူးလျှင်ပင် ငါ့အသံကို နားညောင်းတော်မူသည်ဟု ငါမယုံနိုင်ပါ။
9:17 အကြောင်းမှာ ကိုယ်တော်သည် မိုးသက်မုန်တိုင်းဖြင့် ငါ့ကိုကြေမွစေတော်မူပြီ။ အကြောင်းမရှိဘဲ ငါ၌ ဒဏ်ရာများပြားစေတော်မူခဲ့ပြီ။
9:18 ငါ့အား အသက်ရှူခွင့်ကိုပင်မပေးဘဲ ခါးသီးမှုများနှင့် ပြည့်စေတော်မူခဲ့ပြီ။
9:19 ကြည့်ရှုလော့။ တန်ခိုးနှင့်ပတ်သက်လျှင် ကိုယ်တော်သည် တန်ခိုးကြီးသောအရှင်ဖြစ်တော်မူ၏။ တရားမျှတမှုနှင့်ပတ်သက်လျှင်လည်း ကိုယ်တော်ကို မည်သူစိန်ခေါ်ဝံ့မည်နည်း။
9:20 ငါဖြောင့်မတ်လျှင်ပင် ငါ့နှုတ်သည် ငါ့ကိုသာ အပြစ်တင်လိမ့်မည်။ ငါ၌အပြစ်တင်စရာမရှိလျှင်ပင် ငါ့ကိုကောက်ကျစ်သောသူဟု မိန့်တော်မူလိမ့်မည်။
9:21 ငါသည် အပြစ်တင်စရာမရှိသောသူဖြစ်လျက်ပင် ငါ့ကိုယ်ငါမသိနိုင်။ ငါ့အသက်ကိုပင် ငါအလေးမထားနိုင်တော့ပါ။
9:22 အားလုံးတို့သည် အတူတူပင်ဖြစ်၏။ ထို့ကြောင့် ‘ကိုယ်တော်သည် အပြစ်တင်စရာမရှိသောသူကိုလည်းကောင်း၊ ဆိုးယုတ်သောသူကိုလည်းကောင်း ဖျက်ဆီးတော်မူမည်’ဟု ငါဆိုခြင်းဖြစ်၏။
9:23 ဘေးဆိုးရောက်လာ၍ ရုတ်တရက်သေဆုံးကြရသောအခါ၊ အပြစ်မဲ့သူတို့စုံစမ်းခြင်းခံရသောအခါ ကိုယ်တော်ပြုံးရယ်တော်မူ၏။
9:24 ကမ္ဘာမြေကြီးကို ဆိုးယုတ်သောသူတို့လက်သို့အပ်၍ တရားသူကြီးတို့၏မျက်နှာကို ဖုံးအုပ်ထားတော်မူသောအရှင်မှာ ကိုယ်တော်မဟုတ်လျှင် မည်သူဖြစ်မည်နည်း။
9:25 ငါ၏နေ့ရက်တို့သည် အပြေးသမားထက်ပင် လျင်မြန်၏။ မည်သည့်ကောင်းကျိုးချမ်းသာကိုမျှမတွေ့မမြင်ရဘဲ ကုန်လွန်သွားကြ၏။
9:26 ကျူရိုးလှေများကဲ့သို့လည်းကောင်း၊ သားကောင်ကိုထိုးသုတ်သောလင်းယုန်ကဲ့သို့လည်းကောင်း လျင်မြန်လွန်းလှ၏။
9:27 ‘ငါသည် ကိုယ့်စိတ်ဒုက္ခကို မေ့ထားပြီး မျက်နှာကို ကြည်ကြည်ရွှင်ရွှင်ထားမည်’ဟု ငါဆိုလျှင်လည်း
9:28 ငါခံစားရသောဒုက္ခဝေဒနာအလုံးစုံကြောင့် ငါကြောက်ရွံ့နေ၏။ ကိုယ်တော်သည် ငါ့ကိုအပြစ်ဒဏ်နှင့် ကင်းလွတ်စေတော်မူမည်မဟုတ်ကြောင်း ငါသိ၏။
9:29 ငါ၌အပြစ်ရှိသည်ဟု စီရင်ခြင်းကိုခံရမည်ဆိုလျှင် အဘယ်ကြောင့် ဤသို့အချည်းနှီးကြိုးစားအားထုတ်နေရမည်နည်း။
9:30 ငါသည် နှင်းရည်ဖြင့် ရေချိုး၍ ငါ့လက်ကို ပြာရည်ဖြင့် စင်ကြယ်အောင်ဆေးကြောလျှင်လည်း
9:31 ကိုယ်တော်သည် ငါ့ကိုတွင်းထဲသို့ပစ်ချတော်မူမည်ဖြစ်၍ ငါ့အဝတ်တို့ပင် ငါ့ကိုစက်ဆုပ်ရွံရှာကြလိမ့်မည်။
9:32 ငါသည် ကိုယ်တော်နှင့်အတူ တရားရုံးသို့သွား၍ တရားရင်ဆိုင်မည့်အကြောင်း ကိုယ်တော်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။
9:33 ငါတို့နှစ်ဦးစပ်ကြားတွင် ကြားဝင်စီရင်ဆုံးဖြတ်ပေးမည့်သူ တစ်ယောက်မျှမရှိ။
9:34 ကိုယ်တော်သည် မိမိ၏ကြိမ်လုံးကို ငါ့ထံမှဖယ်ရှားတော်မူပါစေသော။ ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအရာတို့ဖြင့် ငါ့ကိုမခြောက်လှန့်ပါစေနှင့်။
9:35 သို့ဖြစ်လျှင် ငါသည် မကြောက်မရွံ့လျှောက်တင်ဝံ့လိမ့်မည်။ ယခုမူ ထိုသို့ မလျှောက်တင်ဝံ့ပါတကား။