Psalms 10
10:1 အို ထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝေး၌ရပ်နေတော်မူသနည်း။ ဘေးဒုက္ခရောက်ချိန်၌ အဘယ်ကြောင့် ပုန်းကွယ်၍နေတော်မူသနည်း။
10:2 ဆိုးယုတ်သောသူသည် အဖိနှိပ်ခံရသောသူကို မာန်မာနဖြင့် အပြင်းအထန်လိုက်တတ်၏။ သူတို့သည် မိမိတို့ကြံစည်ထားသည့် ကောက်ကျစ်သောအကြံအစည်များဖြင့် ပြန်၍ဖမ်းဆီးခြင်းခံရကြပါစေ။
10:3 အကြောင်းမူကား ဆိုးယုတ်သောသူသည် မိမိစိတ်ဝိညာဉ်၏အလိုဆန္ဒများ၌ ဂုဏ်ယူဝါကြွား၍ လောဘကြီးသောသူသည် ထာဝရဘုရားကိုကျိန်ဆဲလျက် မထီလေးစားပြု၏။
10:4 ဆိုးယုတ်သောသူသည် ဘဝင်မြင့်၍ ကိုယ်တော်ကိုမရှာတတ်။ “ဘုရားသခင်မရှိ”ဟု အစဉ်တွေးတောတတ်၏။
10:5 သူ၏လမ်းခရီးတို့သည် အစဉ်အမြဲချောမွေ့နေတတ်၏။ ကိုယ်တော်၏တရားစီရင်ခြင်းတို့သည် သူနှင့်အလှမ်းဝေးသည့် မြင့်သောအရပ်၌ရှိ၏။ သူသည် မိမိရန်သူရှိသမျှတို့ကို ပြောင်လှောင်တတ်၏။
10:6 သူ၏စိတ်နှလုံးထဲ၌ “ငါသည် တုန်လှုပ်မည်မဟုတ်။ မျိုးဆက်အစဉ်အဆက် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည်မဟုတ်”ဟု ဆိုတတ်၏။
10:7 သူ၏နှုတ်သည် ကျိန်ဆဲခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ဖိနှိပ်ခြယ်လှယ်ခြင်းနှင့်ပြည့်လျက်ရှိ၏။ သူ၏လျှာအောက်၌ အခက်အခဲပြဿနာနှင့် အပြစ်ဒုစရိုက်ရှိ၏။
10:8 သူသည် ရွာများတွင် ချုံခိုတိုက်ခိုက်ရန်ထိုင်စောင့်လျက် အပြစ်ကင်းသောသူကိုကွယ်ရာ၌ သတ်ဖြတ်တတ်၏။ သူ၏မျက်လုံးတို့သည် ခိုကိုးရာမဲ့သောသူကို ချောင်းမြောင်းတတ်၏။
10:9 သူသည် ပုန်းအောင်းနေသောခြင်္သေ့ကဲ့သို့ ကွယ်ရာမှ ချောင်းမြောင်းနေတတ်၏။ အဖိနှိပ်ခံရသောသူကိုဖမ်းဆီးရန် ချောင်းမြောင်းနေတတ်၏။ အဖိနှိပ်ခံရသောသူကို သူ၏ပိုက်ကွန်ထဲသို့ဆွဲယူဖမ်းဆီးတတ်၏။
10:10 သူသည် အင်အားကြီးသောကြောင့် ခိုကိုးရာမဲ့သောသူတို့သည် သူ၏ချေမှုန်းခြင်းကိုခံရ၍ ပြားပြားဝပ်လျက်ကျဆုံးကြ၏။
10:11 သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
10:12 အို ထာဝရဘုရား၊ ထတော်မူပါ။ အို ဘုရားသခင်၊ လက်တော်ကိုမြှောက်တော်မူပါ။ ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့ကို မေ့လျော့တော်မမူပါနှင့်။
10:13 ဆိုးယုတ်သောသူသည် အဘယ်ကြောင့် ဘုရားသခင်ကိုမထီလေးစားပြု၍ “ကိုယ်တော်သည် စစ်ကြောစီရင်တော်မူမည်မဟုတ်”ဟု မိမိစိတ်နှလုံးထဲ၌ ဆိုရသနည်း။
10:14 သို့သော် ကိုယ်တော်သည် အခက်အခဲပြဿနာနှင့် ပူဆွေးခြင်းတို့ကိုမြင်၍ လက်တော်ဖြင့်ဖြေရှင်းရန် ကြည့်ရှုဆင်ခြင်တော်မူ၏။ ခိုကိုးရာမဲ့သောသူသည် ကိုယ်တော်ထံ၌ မိမိကိုယ်ကိုအပ်နှံပါ၏။ ကိုယ်တော်သည် မိဘမဲ့သူကို ကူညီမစသောအရှင်ဖြစ်တော်မူ၏။
10:15 ဆိုးယုတ်သောသူနှင့် မကောင်းမှုပြုသောသူတို့၏လက်ရုံးကို ချိုးတော်မူပါ။ သူတို့၏ဆိုးယုတ်မှုကို တစ်ခုမကျန်တွေ့ရှိအောင်စစ်ဆေးတော်မူပါ။
10:16 ထာဝရဘုရားသည် ကာလအစဉ်အဆက် ရှင်ဘုရင်ဖြစ်တော်မူ၏။ တိုင်းနိုင်ငံတို့သည် ကိုယ်တော်၏ပြည်တော်ထဲမှ ပျောက်ကွယ်သွားကြပါပြီ။
10:17 အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
10:18 မြေကြီးမှဖြစ်လာသောသူသည် နောက်တစ်ဖန် မခြောက်လှန့်နိုင်မည့်အကြောင်း ကိုယ်တော်သည် အာရုံစိုက်နားထောင်လျက် မိဘမဲ့သူနှင့်ဖိနှိပ်ခြင်းခံရသောသူတို့အတွက် တရားစီရင်ပေးတော်မူ၏။