Psalms 102
102:1 အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အော်ဟစ်သံသည် ကိုယ်တော်ထံသို့ ရောက်ပါစေသော။
102:2 ဘေးဥပဒ်နှင့် အကျွန်ုပ်ကြုံတွေ့ရသောအချိန်တွင် အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။ အကျွန်ုပ်ကို ဂရုစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်ခေါ်သောအခါ အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။
102:3 အကြောင်းမူကား အကျွန်ုပ်၏နေ့ရက်များသည် မီးခိုးကဲ့သို့ကုန်လွန်သွားကြပြီး အကျွန်ုပ်၏အရိုးများသည် မီးကျီးခဲများကဲ့သို့ တောက်လောင်ကြပါ၏။
102:4 အကျွန်ုပ်၏စိတ်နှလုံးသည် မြက်ပင်ကဲ့သို့ အထိအခိုက်ခံရ၍ ခြောက်သွေ့လျက်ရှိသဖြင့် အကျွန်ုပ်သည် အစာစားရန်ပင် မေ့လျော့ပါ၏။
102:5 အကျွန်ုပ်၏ညည်းတွားခြင်းအသံကြောင့် အကျွန်ုပ်သည် အရိုးပေါ်အရေတင်ဖြစ်နေပါ၏။
102:6 အကျွန်ုပ်သည် တောကန္တာရထဲမှ ငှက်ကြီးဝန်ပိုကဲ့သို့လည်းကောင်း၊ ပြိုပျက်ရာအရပ်များမှ ဇီးကွက်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
102:7 အကျွန်ုပ်အိပ်မပျော်နိုင်ပါ။ အိမ်ခေါင်မိုးပေါ် တစ်ကောင်တည်းနေသော ငှက်ကဲ့သို့ဖြစ်ပါ၏။
102:8 အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကိုတစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်ကြပါ၏။ အကျွန်ုပ်ကိုစော်ကားသောသူတို့သည် အကျွန်ုပ်ကိုပုံဆောင်၍ ကျိန်ဆိုကြပါ၏။
102:9 အကယ်စင်စစ် အကျွန်ုပ်သည် ပြာကိုအစာအဖြစ်စားရပါ၏။ အကျွန်ုပ်၏သောက်စရာကိုလည်း မျက်ရည်နှင့်ရောစပ်ရပါ၏။
102:10 ဤသည်ကား ကိုယ်တော်၏ဒေါသ၊ ကိုယ်တော်၏အမျက်တော်ကြောင့် ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကိုချီးမြှောက်ပြီးမှ ပစ်ချတော်မူ၏။
102:11 အကျွန်ုပ်၏နေ့ရက်များသည် ညနေစောင်းအရိပ်ကဲ့သို့ဖြစ်၍ အကျွန်ုပ်သည် မြက်ပင်ကဲ့သို့ခြောက်သွေ့သွားပါ၏။
102:12 သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အစဉ်အမြဲစိုးစံတော်မူ၏။ ကိုယ်တော်၏ဂုဏ်သတင်းသည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
102:13 ကိုယ်တော်သည် ထ၍ ဇိအုန်ကို သနားစုံမက်တော်မူလိမ့်မည်။ အကြောင်းမူကား ဇိအုန်ကိုသနားရမည့်အချိန်ဖြစ်၏။ သတ်မှတ်ထားသောအချိန်သည်လည်း ရောက်လာပြီဖြစ်၏။
102:14 အကယ်စင်စစ် ကိုယ်တော်၏အစေအပါးတို့သည် ဇိအုန်၏ကျောက်တုံးများကို နှစ်သက်၍ ၎င်း၏မြေမှုန့်ကိုပင် စုံမက်ကြပါ၏။
102:15 လူမျိုးတကာတို့သည် ထာဝရဘုရား၏နာမတော်ကိုလည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်အပေါင်းတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုလည်းကောင်း ကြောက်ရွံ့ကြပါလိမ့်မည်။
102:16 အကြောင်းမူကား ထာဝရဘုရားသည် ဇိအုန်ကို ပြန်လည်တည်ဆောက်၍ မိမိ၏ဘုန်းအသရေတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။
102:17 ကိုယ်တော်သည် ခိုကိုးရာမဲ့သောသူတို့၏ ဆုတောင်းချက်ကို ဂရုစိုက်တော်မူ၏။ သူတို့၏ဆုတောင်းချက်ကို မထီမဲ့မြင်ပြုတော်မမူ။
102:18 ဖန်ဆင်းခြင်းခံရမည့်လူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြမည့်အကြောင်း ဤအရာကို နောင်လာမည့်မျိုးဆက်အတွက် ရေးမှတ်ထားကြပါစေ။
102:19 ထာဝရဘုရားသည် မိမိ၏သန့်ရှင်းသည့် မြင့်သောအရပ်မှ ငုံ့ကြည့်တော်မူ၏။ ကမ္ဘာမြေကြီးကို ကောင်းကင်ဘုံမှ အောက်သို့ကြည့်တော်မူ၏။
102:20 ဤသည်ကား အချုပ်အနှောင်ခံရသောသူတို့၏ ညည်းတွားသံကို နားထောင်ရန်နှင့် သေဘေးရင်ဆိုင်နေရသောသူတို့ကို လွတ်ငြိမ်းခွင့်ပေးရန်အတွက် ဖြစ်ပြီး
102:21 တိုင်းနိုင်ငံတို့နှင့်လူမျိုးတကာတို့သည် ထာဝရဘုရားကိုဝတ်ပြုရန် အတူတကွစုဝေးကြသောအခါ ထာဝရဘုရား၏နာမတော်ကို ဇိအုန်၌လည်းကောင်း၊ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ဂျေရုဆလင်မြို့၌လည်းကောင်း ပြောကြားကြရန်အတွက်ဖြစ်၏။
102:23 ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အားကို ဘဝလမ်းခရီးထဲ၌ပင် လျော့နည်းစေပြီး အကျွန်ုပ်၏နေ့ရက်တို့ကို တိုတောင်းစေတော်မူ၏။
102:24 ငါကလည်း “အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်အသက်တာ၏ခရီးတစ်ဝက်တွင် အကျွန်ုပ်ကိုရုပ်သိမ်းတော်မမူပါနှင့်။ ကိုယ်တော်၏နှစ်ကာလတို့သည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
102:25 ကိုယ်တော်သည် ရှေးကာလ၌ မြေကြီးကိုတည်တော်မူ၏။ ကောင်းကင်သည်လည်း ကိုယ်တော်၏လက်တော်ဖြင့်ပြုလုပ်သောအရာ ဖြစ်ပါ၏။
102:26 ထိုအရာတို့သည် ပျက်စီးသွားသော်လည်း ကိုယ်တော်သည် ဆက်၍တည်ပါ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းကြလိမ့်မည်။ ကိုယ်တော်သည် ထိုအရာတို့ကို အဝတ်လဲသကဲ့သို့ လဲတော်မူသဖြင့် ၎င်းတို့သည် ပြောင်းလဲကြလိမ့်မည်။
102:27 ကိုယ်တော်မူကား ပြောင်းလဲတော်မမူပါ။ ကိုယ်တော်၏နှစ်ကာလတို့သည်လည်း ကုန်ဆုံးမည်မဟုတ်ပါ။
102:28 ကိုယ်တော့်အစေအပါးများ၏သားသမီးတို့သည် ဆက်လက်တည်၍ သူတို့၏သားစဉ်မြေးဆက်တို့သည် ကိုယ်တော်၏ရှေ့တော်၌ မြဲမြံကြပါလိမ့်မည်”ဟု လျှောက်ထား၏။