Psalms 119
119:1 ထာဝရဘုရား၏တရားတော်အတိုင်း အသက်ရှင်လျှောက်လှမ်း၍ စုံလင်သောတရားလမ်းကိုလိုက်သောသူတို့သည် မင်္ဂလာရှိကြ၏။
119:2 ကိုယ်တော်၏သက်သေခံချက်တို့ကို လိုက်နာကျင့်သုံး၍ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောသူတို့သည် မင်္ဂလာရှိကြ၏။
119:3 ထိုသူတို့သည် မတရားမှုကိုမပြု၊ ကိုယ်တော်၏လမ်းတော်များအတိုင်း အသက်ရှင်လျှောက်လှမ်းကြ၏။
119:4 ကိုယ်တော်သည် တစ်သမတ်တည်းစောင့်ထိန်းရမည့် မိမိ၏ဥပဒေသတို့ကို ချမှတ်ထားတော်မူ၏။
119:5 ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းနိုင်ရန် အကျွန်ုပ်၏လမ်းခရီးတို့သည် တည်မြဲခြင်းရှိပါစေသော။
119:6 ထိုအခါ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်အလုံးစုံတို့ကို ကြည့်ရှုဆင်ခြင်သဖြင့် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
119:7 အကျွန်ုပ်သည် ကိုယ်တော်၏ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကို သင်ယူရသောအခါ ဖြောင့်မှန်သောစိတ်နှလုံးဖြင့် ကိုယ်တော်ကိုချီးမွမ်းပါမည်။
119:8 အကျွန်ုပ်သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းပါမည်။ အကျွန်ုပ်ကို အလျှင်းစွန့်ပစ်တော်မမူပါနှင့်။
119:9 လူငယ်သည် မိမိ၏ဘဝလမ်းကို မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်စေနိုင်ပါမည်နည်းဟူမူကား ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း စောင့်ထိန်းရမည်ဖြစ်၏။
119:10 အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ အကျွန်ုပ်ကို ကိုယ်တော်၏ပညတ်တော်တို့မှ လမ်းလွဲစေတော်မမူပါနှင့်။
119:11 ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။
119:12 အို ထာဝရဘုရား၊ ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။
119:13 အကျွန်ုပ်၏နှုတ်ဖြင့် ကိုယ်တော်၏နှုတ်တော်ထွက် စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို ပြောကြားပါ၏။
119:14 အကျွန်ုပ်သည် စည်းစိမ်ဥစ္စာအလုံးစုံတို့အပေါ်၌ ရွှင်မြူးခြင်းရှိသကဲ့သို့ ကိုယ်တော်၏သက်သေခံချက်လမ်း၌ ရွှင်မြူးခြင်းရှိပါ၏။
119:15 ကိုယ်တော်၏ဥပဒေသတို့ကို ဆင်ခြင်အောက်မေ့လျက် ကိုယ်တော်၏လမ်းစဉ်တို့ကို ကြည့်ရှုဆင်ခြင်ပါမည်။
119:16 ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့၌ မွေ့လျော်ပါမည်။ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုလည်း မမေ့လျော့ပါ။
119:17 ကိုယ်တော်၏အစေအပါးသည် အသက်ရှင်၍ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုစောင့်ထိန်းနိုင်ရန် ကျေးဇူးပြုတော်မူပါ။
119:18 ကိုယ်တော်၏တရားတော်ထဲမှ အံ့ဖွယ်သောအမှုတို့ကိုမြင်နိုင်ရန် အကျွန်ုပ်၏မျက်စိကို ဖွင့်ပေးတော်မူပါ။
119:19 အကျွန်ုပ်သည် ကမ္ဘာမြေကြီးပေါ်တွင် ဧည့်သည်ဖြစ်ပါ၏။ ကိုယ်တော်၏ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။
119:20 အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို အစဉ်အမြဲ စွဲလမ်းတောင့်တသောအားဖြင့် ကြေကွဲလျက်ရှိပါ၏။
119:21 ကိုယ်တော်၏ပညတ်တော်တို့မှလမ်းလွဲသွားကြ၍ မာနထောင်လွှားသောသူတို့နှင့် ကျိန်ဆဲခြင်းခံရသောသူတို့ကို ကိုယ်တော်ဆုံးမတော်မူ၏။
119:22 အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို လိုက်နာကျင့်သုံးသည်ဖြစ်၍ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းကို အကျွန်ုပ်ထံမှဖယ်ရှားတော်မူပါ။
119:23 အကြီးအကဲတို့သည် ထိုင်၍ အကျွန်ုပ်ကိုဆန့်ကျင်ပြောဆိုကြသော်လည်း ကိုယ်တော်၏အစေအပါးသည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို ဆင်ခြင်အောက်မေ့လျက်နေပါမည်။
119:24 ကိုယ်တော်၏သက်သေခံချက်တို့သည် အကျွန်ုပ်မွေ့လျော်ရာ၊ အကျွန်ုပ်တိုင်ပင်ဖက်ဖြစ်ကြပါ၏။
119:25 အကျွန်ုပ်၏စိတ်ဝိညာဉ်သည် မြေမှုန့်၌ကပ်နေပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
119:26 အကျွန်ုပ်၏ဘဝလမ်းအကြောင်းတို့ကို အကျွန်ုပ်ဖော်ပြသောအခါ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။
119:27 ကိုယ်တော်၏ဥပဒေသလမ်းကို အကျွန်ုပ်အား နားလည်စေတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ဆင်ခြင်အောက်မေ့ပါမည်။
119:28 အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ပူဆွေးခြင်းကြောင့် ငိုယိုလျက်ရှိပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်နှင့်အညီ အကျွန်ုပ်ကို အားဖြည့်ပေးတော်မူပါ။
119:29 မုသားလမ်းကို အကျွန်ုပ်ထံမှ ဖယ်ရှား၍ ကိုယ်တော်၏တရားတော်ကို အကျွန်ုပ်အားပေးသနားတော်မူပါ။
119:30 အကျွန်ုပ်သည် သစ္စာတရားလမ်းကို ရွေးချယ်ပါပြီ။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို မျက်မှောက်ပြုပါပြီ။
119:31 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို ဖက်တွယ်ထားပါ၏။ အကျွန်ုပ်ကို အရှက်ကွဲစေတော်မမူပါနှင့်။
119:32 ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ကျယ်စွာဖွင့်ပေးတော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်လမ်းအတိုင်း ပြေးပါမည်။
119:33 အို ထာဝရဘုရား၊ ကိုယ်တော်၏ပြဋ္ဌာန်းချက်လမ်းကို အကျွန်ုပ်အား သွန်သင်ပြသတော်မူပါ။ အကျွန်ုပ်သည် ၎င်းကို အဆုံးတိုင်အောင် လိုက်နာကျင့်သုံးပါမည်။
119:34 အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ထိုအရာကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းပါမည်။
119:35 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်လမ်းကို နှစ်သက်သည်ဖြစ်၍ ထိုလမ်း၌ အကျွန်ုပ်ကို ဦးဆောင်လမ်းပြတော်မူပါ။
119:36 အကျွန်ုပ်၏စိတ်နှလုံးကို မတရားသောအကျိုးစီးပွားဘက်သို့မဟုတ်ဘဲ ကိုယ်တော်၏သက်သေခံချက်များဘက်သို့ တိမ်းညွတ်စေတော်မူပါ။
119:37 အချည်းနှီးသောအရာကိုမကြည့်မိစေရန် အကျွန်ုပ်၏မျက်စိကိုလွှဲတော်မူပါ။ ကိုယ်တော်၏လမ်း၌ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
119:38 ကိုယ်တော်ကိုကြောက်ရွံ့ခြင်းရှိစေရန် ကိုယ်တော်၏ကတိတော်ကို ကိုယ်တော်၏အစေအပါး၌ ပြည့်စုံစေတော်မူပါ။
119:39 အကျွန်ုပ်ကြောက်သောကဲ့ရဲ့ပြစ်တင်ခြင်းကို လွှဲဖယ်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကောင်းမြတ်ကြပါ၏။
119:40 အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို စွဲလမ်းတောင့်တပါ၏။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
119:41 အို ထာဝရဘုရား၊ ကိုယ်တော်၏ကတိတော်အတိုင်း ကိုယ်တော်၏မေတ္တာကရုဏာနှင့်ကိုယ်တော်၏ကယ်တင်ခြင်းသည် အကျွန်ုပ်ထံ ရောက်လာပါစေသော။
119:42 ထိုအခါ အကျွန်ုပ်အားကဲ့ရဲ့ပြစ်တင်သောသူတို့ကို တုံ့ပြန်ပြောဆိုနိုင်ပါမည်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ယုံကြည်ကိုးစားပါ၏။
119:43 ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို အကျွန်ုပ်မျှော်လင့်ကိုးစားသည်ဖြစ်၍ သမ္မာတရားနှင့်ဆိုင်သောနှုတ်ကပတ်တော်ကို အကျွန်ုပ်၏နှုတ်မှ အလျှင်းရုပ်သိမ်းတော်မမူပါနှင့်။
119:44 အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို ကာလအစဉ်အဆက် အမြဲမပြတ်စောင့်ထိန်းပါမည်။
119:45 ကိုယ်တော်၏ဥပဒေသတို့ကို ရှာမှီးပြီဖြစ်၍ လွတ်လပ်ခြင်းထဲ၌ သွားလာပါမည်။
119:46 အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို ရှင်ဘုရင်များရှေ့တွင်ပြောကြားပါမည်။ အကျွန်ုပ်သည် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
119:47 အကျွန်ုပ်မြတ်နိုးသော ကိုယ်တော်၏ပညတ်တော်တို့၌ အကျွန်ုပ်မွေ့လျော်ပါ၏။
119:48 အကျွန်ုပ်မြတ်နိုးသော ကိုယ်တော်၏ပညတ်တော်တို့အတွက် အကျွန်ုပ်၏လက်ကိုမြှောက်၍ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။
119:49 ကိုယ်တော်၏အစေအပါးအား မိန့်တော်မူသောနှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို ထိုနှုတ်ကပတ်တော်၌ မျှော်လင့်ကိုးစားစေပါ၏။
119:50 ကိုယ်တော်၏ကတိတော်သည် အကျွန်ုပ်ကိုအသက်ရှင်စေသည်ဖြစ်၍ အကျွန်ုပ်ဖိစီးနှိပ်စက်မှုခံရစဉ်တွင် အကျွန်ုပ်အတွက်နှစ်သိမ့်စရာအကြောင်းဖြစ်ပါ၏။
119:51 မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုလွန်စွာပြက်ရယ်ပြုကြသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်မှ သွေဖည်မသွားပါ။
119:52 အို ထာဝရဘုရား၊ ရှေးကာလမှ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို အကျွန်ုပ်အောက်မေ့သောအခါ နှစ်သိမ့်မှုကိုရရှိပါ၏။
119:53 ကိုယ်တော်၏တရားတော်ကိုစွန့်ပယ်သည့် ဆိုးယုတ်သောသူတို့ကြောင့် ပူလောင်သောဒေါသစိတ်သည် အကျွန်ုပ်ကိုလွှမ်းမိုးပါ၏။
119:54 ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့သည် အကျွန်ုပ်တည်းခိုနေထိုင်ရာအိမ်၌ အကျွန်ုပ်အတွက်တေးသီချင်းများဖြစ်ကြပါ၏။
119:55 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ညအချိန်၌ ကိုယ်တော်၏နာမတော်ကို သတိရ၍ ကိုယ်တော်၏တရားတော်ကို စောင့်ထိန်းပါ၏။
119:56 ကိုယ်တော်၏ဥပဒေသတို့ကို လိုက်နာကျင့်သုံးခြင်းသည် အကျွန်ုပ်အတွက်အလေ့အကျင့်ဖြစ်လာပါ၏။
119:57 ထာဝရဘုရားသည် အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကတိပြုပါ၏။
119:58 အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာတော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်ကိုသနားတော်မူပါ။
119:59 အကျွန်ုပ်သည် မိမိ၏ဘဝလမ်းကို ဆင်ခြင်၍ အကျွန်ုပ်၏ခြေလှမ်းကို ကိုယ်တော်၏သက်သေခံချက်များထံသို့ ပြန်လှည့်စေပါ၏။
119:60 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းရန် တုံ့ဆိုင်းမနေဘဲ အလျင်အမြန်လုပ်ဆောင်ပါ၏။
119:61 ဆိုးယုတ်သောသူတို့၏ကြိုးများသည် အကျွန်ုပ်ကိုပတ်ရစ်ထားသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်တို့ကို မမေ့လျော့ပါ။
119:62 ကိုယ်တော်၏ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့အတွက် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းရန် ညသန်းခေါင်အချိန်တွင် အကျွန်ုပ်ထပါ၏။
119:63 အကျွန်ုပ်သည် ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့နှင့် ကိုယ်တော်၏ဥပဒေသတို့ကို စောင့်ထိန်းသောသူရှိသမျှတို့၏ အပေါင်းအဖော်ဖြစ်ပါ၏။
119:64 အို ထာဝရဘုရား၊ ကမ္ဘာမြေကြီးသည် ကိုယ်တော်၏မေတ္တာကရုဏာနှင့်ပြည့်ဝလျက်ရှိပါ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။
119:65 အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏အစေအပါးအပေါ် ကောင်းမြတ်တော်မူပြီ။
119:66 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို ယုံကြည်စိတ်ချသည်ဖြစ်၍ ကောင်းမြတ်သောဆင်ခြင်တုံတရားနှင့် အသိပညာကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။
119:67 အကျွန်ုပ်သည် ဒုက္ခဝေဒနာမခံစားရမီ လမ်းလွဲခဲ့ပါ၏။ ယခုမူကား ကိုယ်တော်၏မိန့်တော်မူချက်ကို စောင့်ထိန်းပါ၏။
119:68 ကိုယ်တော်သည် ကောင်းမြတ်တော်မူ၏။ ကောင်းသောအမှုကိုလည်းပြုတော်မူ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။
119:69 မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုမုသားဖြင့် ညစ်ပေစေကြသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို စိတ်နှလုံးအကြွင်းမဲ့လိုက်နာကျင့်သုံးပါ၏။
119:70 သူတို့၏စိတ်နှလုံးသည် အဆီကဲ့သို့ ထူပိန်းထိုင်းမှိုင်းပါ၏။ အကျွန်ုပ်မူကား ကိုယ်တော်၏တရားတော်၌ မွေ့လျော်ပါ၏။
119:71 ဒုက္ခဝေဒနာခံစားရခြင်းသည် အကျွန်ုပ်အတွက် ကောင်းပါ၏။ သို့မှ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်သင်ယူနိုင်မည်။
119:72 ကိုယ်တော်၏နှုတ်တော်ထွက်တရားသည် အကျွန်ုပ်အတွက် ထောင်ပေါင်းများစွာသောရွှေငွေတို့ထက် ပို၍ကောင်းပါ၏။
119:73 ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုဖန်ဆင်း၍ ပုံဖော်ဖြစ်တည်စေပါ၏။ ကိုယ်တော်၏ပညတ်တော်တို့ကိုသင်ယူနိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
119:74 အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုးစားသည်ဖြစ်၍ ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကိုမြင်သောအခါ ဝမ်းမြောက်ကြပါလိမ့်မည်။
119:75 အို ထာဝရဘုရား၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ဖြောင့်မတ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို သစ္စာတော်နှင့်အညီ ဒုက္ခဝေဒနာခံစားစေတော်မူကြောင်းကိုလည်းကောင်း အကျွန်ုပ်သိပါ၏။
119:76 ကိုယ်တော်၏အစေအပါးအပေါ်ထားရှိသော ကိုယ်တော်၏ကတိတော်အတိုင်း ကိုယ်တော်၏မေတ္တာကရုဏာသည် အကျွန်ုပ်ကို နှစ်သိမ့်ပေးပါစေသော။
119:77 ကိုယ်တော်၏တရားတော်သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်သောကြောင့် အကျွန်ုပ်အသက်ရှင်နိုင်ရန် ကိုယ်တော်၏သနားစုံမက်ခြင်းသည် အကျွန်ုပ်အပေါ်သက်ရောက်ပါစေသော။
119:78 မာနထောင်လွှားသောသူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုတလွဲစီရင်ကြသည်ဖြစ်၍ အရှက်ကွဲကြရပါစေသော။ အကျွန်ုပ်မူကား ကိုယ်တော်၏ဥပဒေသတို့ကို ဆင်ခြင်အောက်မေ့ပါမည်။
119:79 ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့နှင့် ကိုယ်တော်၏သက်သေခံချက်များကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ ပြန်လှည့်လာကြပါစေသော။
119:80 အကျွန်ုပ်သည် အရှက်ကွဲခြင်းနှင့် ကင်းလွတ်မည့်အကြောင်း အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့နှင့်ပတ်သက်၍ အပြစ်တင်စရာကင်းပါစေသော။
119:81 အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကိုတောင့်တလျက် အားအင်ကုန်ခန်းပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုးစားပါ၏။
119:82 အကျွန်ုပ်၏မျက်စိသည် ကိုယ်တော်၏ကတိတော်ကိုတောင့်တလျက် အားအင်ကုန်ခန်းသဖြင့် “ကိုယ်တော်သည် မည်သည့်အချိန်မှ အကျွန်ုပ်ကို နှစ်သိမ့်ပေးတော်မူမည်နည်း”ဟု ဆိုပါ၏။
119:83 အကျွန်ုပ်သည် အခိုးရိုက်သော သားရေဘူးကဲ့သို့ဖြစ်သော်လည်း ကိုယ်တော်၏ပြဋ္ဌာန်းချက်ကို မမေ့လျော့ပါ။
119:84 ကိုယ်တော့်အစေအပါး၏နေ့ရက်တို့သည် မည်မျှကြာပါမည်နည်း။ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူတို့ကို မည်သည့်အချိန်မှ တရားစီရင်တော်မူမည်နည်း။
119:85 မာနထောင်လွှားသောသူတို့သည် ကိုယ်တော်၏တရားတော်နှင့်အညီ လိုက်လျှောက်ခြင်းမရှိဘဲ အကျွန်ုပ်အတွက် ထောင်ချောက်တွင်းများကိုတူးကြပါပြီ။
119:86 ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့သည် သစ္စာနှင့်ပြည့်စုံကြပါ၏။ ထိုသူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲကြသည်ဖြစ်၍ အကျွန်ုပ်ကို ကူညီမစတော်မူပါ။
119:87 သူတို့သည် အကျွန်ုပ်ကို ကမ္ဘာမြေကြီးပေါ်မှ အပြီးသတ်သုတ်သင်လုနီးပါးဖြစ်ခဲ့ပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို မစွန့်ပယ်ပါ။
119:88 ကိုယ်တော်၏နှုတ်တော်ထွက်သက်သေခံချက်တို့ကို အကျွန်ုပ်စောင့်ထိန်းနိုင်ရန် ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
119:89 အို ထာဝရဘုရား၊ ကိုယ်တော်၏နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏။
119:90 ကိုယ်တော်၏သစ္စာတော်သည် မျိုးဆက်အစဉ်အဆက်မြဲမြံပါ၏။ ကိုယ်တော်သည် မြေကြီးကိုတည်တော်မူသဖြင့် ၎င်းသည်တည်မြဲလျက်ရှိပါ၏။
119:91 ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၏အသုံးတော်ခံများဖြစ်၍ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့နှင့်အညီ ယနေ့တိုင်အောင် တည်မြဲလျက်ရှိကြပါ၏။
119:92 ကိုယ်တော်၏တရားတော်သည် အကျွန်ုပ်မွေ့လျော်ရာ မဖြစ်ခဲ့ပါလျှင် အကျွန်ုပ်သည် ဖိစီးနှိပ်စက်မှုခံရစဉ်တွင် ပျက်စီးခဲ့ပေလိမ့်မည်။
119:93 အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသများကို မည်သည့်အခါမျှမမေ့လျော့ပါ။ အကြောင်းမူကား ကိုယ်တော်သည် ထိုဥပဒေသများအားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။
119:94 ကိုယ်တော်သည် အကျွန်ုပ်ကိုပိုင်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို ရှာမှီးပြီဖြစ်၍ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။
119:95 ဆိုးယုတ်သောသူတို့သည် အကျွန်ုပ်ကိုဖျက်ဆီးရန် စောင့်နေကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို အလေးအနက်ဆင်ခြင်ပါ၏။
119:96 ပြည့်စုံမှုရှိသမျှတို့၌ အကန့်အသတ်ရှိကြောင်းကို အကျွန်ုပ်မြင်ပါ၏။ ကိုယ်တော်၏ပညတ်တော်မူကား အလွန်ကျယ်ပြန့်ပါ၏။
119:97 အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို အလွန်မြတ်နိုးပါ၏။ ထိုတရားတော်သည် တစ်နေ့လုံး အကျွန်ုပ်ဆင်ခြင်အောက်မေ့စရာဖြစ်ပါ၏။
119:98 ကိုယ်တော်၏ပညတ်တော်သည် အကျွန်ုပ်၏ရန်သူများထက် အကျွန်ုပ်ကို ပို၍ဉာဏ်ပညာရှိစေပါ၏။ အကြောင်းမူကား ထိုပညတ်တော်သည် အကျွန်ုပ်နှင့်အတူ အစဉ်အမြဲရှိပါ၏။
119:99 ကိုယ်တော်၏သက်သေခံချက်တို့သည် အကျွန်ုပ်ဆင်ခြင်အောက်မေ့စရာဖြစ်သောကြောင့် အကျွန်ုပ်သည် အကျွန်ုပ်၏ဆရာအားလုံးတို့ထက် ပို၍ပညာသတိရှိပါ၏။
119:100 အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို လိုက်နာကျင့်သုံးသည်ဖြစ်၍ အသက်ကြီးသောသူတို့ထက် ပို၍အသိဉာဏ်ရှိပါ၏။
119:101 ကိုယ်တော်၏နှုတ်ကပတ်တော်ကို စောင့်ထိန်းနိုင်ရန် အကျွန်ုပ်၏ခြေကို မကောင်းသောလမ်းရှိသမျှတို့မှ ကင်းဝေးစေပါ၏။
119:102 ကိုယ်တော်သည် အကျွန်ုပ်ကို သွန်သင်တော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့မှ ဖယ်ခွာမသွားပါ။
119:103 ကိုယ်တော်၏မိန့်တော်မူချက်သည် အကျွန်ုပ်၏လျှာ၌ ချိုမြလှပါ၏။ အကျွန်ုပ်၏ခံတွင်း၌ ပျားရည်ထက် ပို၍ချိုမြပါ၏။
119:104 အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသများအားဖြင့် အသိဉာဏ်ကိုရရှိပါ၏။ ထို့ကြောင့် မှားယွင်းသောလမ်းရှိသမျှတို့ကို အကျွန်ုပ်မုန်းပါ၏။
119:105 ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏ခြေအတွက် မီးခွက်ဖြစ်ပြီး အကျွန်ုပ်၏လမ်းခရီးအတွက် အလင်းဖြစ်ပါ၏။
119:106 ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကျိန်ဆို၍ အတည်ပြုပါ၏။
119:107 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ဒုက္ခဝေဒနာများစွာခံစားရပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
119:108 အို ထာဝရဘုရား၊ နှလုံးသားပါလျက်အကျွန်ုပ်နှုတ်၏ချီးမွမ်းခြင်းယဇ်ကို လက်ခံတော်မူပါ။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။
119:109 အကျွန်ုပ်သည် အသက်အန္တရာယ်နှင့် အစဉ်ကြုံတွေ့နေရ သော်လည်း ကိုယ်တော်၏တရားတော်ကို မမေ့လျော့ပါ။
119:110 ဆိုးယုတ်သောသူတို့သည် အကျွန်ုပ်အတွက် ကျော့ကွင်းထောင်ထားကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသများမှ လမ်းလွဲမသွားပါ။
119:111 အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို အမွေအဖြစ် ထာဝရဆက်ခံရရှိပါ၏။ အကြောင်းမူကား ထိုအရာတို့သည် အကျွန်ုပ်၏စိတ်နှလုံးရွှင်မြူးရာဖြစ်ကြပါ၏။
119:112 ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အဆုံးတိုင်အောင် အစဉ်အမြဲလိုက်နာရန် အကျွန်ုပ်၏စိတ်နှလုံးကိုပြင်ဆင်ထားပါ၏။
119:113 အကျွန်ုပ်သည် စိတ်နှစ်ခွရှိသောသူတို့ကို မုန်းပါ၏။ သို့သော် ကိုယ်တော်၏တရားတော်ကို မြတ်နိုးပါ၏။
119:114 ကိုယ်တော်သည် အကျွန်ုပ်၏ကွယ်ကာရာ၊ အကျွန်ုပ်၏ဒိုင်းလွှား ဖြစ်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုးစားပါ၏။
119:115 ဆိုးညစ်သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ခွာကြလော့။ ငါသည် ငါ့ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးမည်။
119:116 အကျွန်ုပ်အသက်ရှင်နိုင်ရန် ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်ကိုထောက်မတော်မူပါ။ အကျွန်ုပ်၏မျှော်လင့်ချက်အတွက် အရှက်မကွဲရပါစေနှင့်။
119:117 အကျွန်ုပ်ကယ်တင်ခြင်းခံရရန် အကျွန်ုပ်ကိုဖေးမတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အစဉ်မပြတ် အရေးတယူပြုပါမည်။
119:118 ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့မှ လမ်းလွဲသောသူအပေါင်းတို့ကို ကိုယ်တော်ပယ်တော်မူ၏။ အကြောင်းမူကား သူတို့၏လှည့်စားမှုသည် အချည်းနှီးဖြစ်ပါ၏။
119:119 ကိုယ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဆိုးယုတ်သောသူရှိသမျှတို့ကို ချော်ကဲ့သို့ ဖယ်ရှားတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏သက်သေခံချက်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။
119:120 ကိုယ်တော်ကိုကြောက်ရွံ့၍ အကျွန်ုပ်အသားသည် တဆတ်ဆတ်တုန်နေပါ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ရွံ့ပါ၏။
119:121 အကျွန်ုပ်သည် တရားမျှတသောအမှု၊ ဖြောင့်မတ်သောအမှုတို့ကို ပြုပါပြီ။ အကျွန်ုပ်ကိုနှိပ်စက်သောသူတို့ထံ၌ အကျွန်ုပ်ကိုထားခဲ့တော်မမူပါနှင့်။
119:122 ကိုယ်တော့်အစေအပါး၏ကောင်းကျိုးချမ်းသာအတွက် အာမခံပေးတော်မူပါ။ မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုမနှိပ်စက်ကြပါစေနှင့်။
119:123 အကျွန်ုပ်၏မျက်စိသည် ကိုယ်တော်၏ကယ်တင်ခြင်းနှင့် ကိုယ်တော်၏ဖြောင့်မတ်သောမိန့်တော်မူချက်ကို တောင့်တလျက် အားအင်ကုန်ခန်းပါ၏။
119:124 ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ ကိုယ်တော်၏အစေအပါးအပေါ် ပြုတော်မူပါ။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကိုလည်း အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။
119:125 အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပါ၏။ ကိုယ်တော်၏သက်သေခံချက်တို့ကို နားလည်နိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
119:126 အို ထာဝရဘုရား၊ လူတို့သည် ကိုယ်တော်၏တရားတော်ကို ချိုးဖောက်ကြသည်ဖြစ်၍ ကိုယ်တော် စီရင်တော်မူချိန်ရောက်ပါပြီ။
119:127 သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို ရွှေထက်မက ရွှေစင်ထက် ပို၍မြတ်နိုးပါ၏။
119:128 ထို့ကြောင့် ကိုယ်တော်၏ဥပဒေသအားလုံးတို့သည် အကုန်အစင်ဖြောင့်မှန်သည်ဟု အကျွန်ုပ်မှတ်ယူလျက် မှားယွင်းသောလမ်းရှိသမျှတို့ကို မုန်းပါ၏။
119:129 ကိုယ်တော်၏သက်သေခံချက်တို့သည် အံ့ဩဖွယ်ဖြစ်ကြပါ၏။ ထို့ကြောင့် အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ၎င်းတို့ကို လိုက်နာကျင့်သုံးပါ၏။
119:130 ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကိုဖွင့်ပြခြင်းသည် အလင်းကိုပေး၍ အသိဉာဏ်နည်းပါးသောသူတို့အား အသိဉာဏ်ကိုပေးပါ၏။
119:131 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို တောင့်တအားကြီးသဖြင့် ပါးစပ်ဟလျက် မောဟိုက်နေပါ၏။
119:132 ကိုယ်တော်၏နာမတော်ကို မြတ်နိုးသောသူတို့အတွက် ပြုလေ့ရှိသည့်အတိုင်း အကျွန်ုပ်ဘက်သို့လှည့်၍ အကျွန်ုပ်ကိုသနားတော်မူပါ။
119:133 ကိုယ်တော်၏မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်၏ခြေလှမ်းတို့ကို မြဲမြံစေတော်မူပါ။ မည်သည့်အပြစ်ဒုစရိုက်မျှ အကျွန်ုပ်ကိုမစိုးမိုးပါစေနှင့်။
119:134 ကိုယ်တော်၏ဥပဒေသတို့ကို စောင့်ထိန်းနိုင်ရန် အကျွန်ုပ်ကို လူတို့၏ဖိနှိပ်ချုပ်ချယ်မှုထဲမှ ရွေးနုတ်ကယ်တင်တော်မူပါ။
119:135 ကိုယ်တော်၏မျက်နှာတော်အလင်းကို ကိုယ်တော်၏အစေအပါးအပေါ်ထွန်းလင်းစေ၍ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်အားသင်ကြားပေးတော်မူပါ။
119:136 လူတို့သည် ကိုယ်တော်၏တရားတော်ကို မစောင့်ထိန်းကြသောကြောင့် အကျွန်ုပ်၏မျက်စိတို့မှ မျက်ရည်ချောင်းများစီးဆင်းပါ၏။
119:137 အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည်လည်း ဖြောင့်မှန်ကြပါ၏။
119:138 ကိုယ်တော်သည် မိမိ၏သက်သေခံချက်တို့ကို ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း၊ ကြီးမားသောသစ္စာနှင့်လည်းကောင်း ချမှတ်ထားတော်မူ၏။
119:139 အကျွန်ုပ်၏ရန်သူတို့သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မေ့လျော့ကြသောကြောင့် အကျွန်ုပ်၏စိတ်အားထက်သန်ခြင်းသည် အကျွန်ုပ်ကိုဖိစီးလွှမ်းမိုးလျက်ရှိပါ၏။
119:140 ကိုယ်တော်၏မိန့်တော်မူချက်သည် အလွန်ခိုင်လုံမှန်ကန်သည်ဖြစ်၍ ကိုယ်တော်၏အစေအပါးသည် ၎င်းကိုမြတ်နိုးပါ၏။
119:141 အကျွန်ုပ်သည် ငယ်ရွယ်သောသူဖြစ်ပါ၏။ မထီမဲ့မြင်ပြုခြင်းကိုလည်းခံရပါ၏။ သို့သော် ကိုယ်တော်၏ဥပဒေသတို့ကို မမေ့လျော့ပါ။
119:142 ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် ထာဝရဖြောင့်မတ်ခြင်းဖြစ်ပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း မှန်ကန်ပါ၏။
119:143 ဘေးရန်နှင့်ကျပ်တည်းမှုတို့သည် အကျွန်ုပ်အပေါ်သို့ကျရောက်ကြသော်လည်း ကိုယ်တော်၏ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ကြပါ၏။
119:144 ကိုယ်တော်၏သက်သေခံချက်တို့သည် အစဉ်အမြဲဖြောင့်မတ်ကြပါ၏။ အကျွန်ုပ်အသက်ရှင်နိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
119:145 အို ထာဝရဘုရား၊ ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ခေါ်ပါ၏။ အကျွန်ုပ်ကို ထူးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးပါမည်။
119:146 အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်ပါ၏။ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ ကိုယ်တော်၏သက်သေခံချက်တို့ကို အကျွန်ုပ်စောင့်ထိန်းပါမည်။
119:147 အကျွန်ုပ်သည် မိုးမလင်းမီထ၍ အကူအညီအော်ဟစ်တောင်းခံပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို အကျွန်ုပ်မျှော်လင့်ကိုးစားပါ၏။
119:148 အကျွန်ုပ်သည် ကိုယ်တော်၏ကတိတော်ကို ဆင်ခြင်အောက်မေ့ရန် ညဥ့်ယံတို့၌ နိုးလျက်နေပါ၏။
119:149 ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်၏အသံကို နားထောင်တော်မူပါ။ အို ထာဝရဘုရား၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
119:150 ဆိုးညစ်သောအမှု၌ကျင်လည်သောသူတို့သည် ချဉ်းကပ်လာကြပါ၏။ သူတို့သည် ကိုယ်တော်၏တရားတော်နှင့် ဝေးကွာကြပါ၏။
119:151 အို ထာဝရဘုရား၊ ကိုယ်တော်သည် နီးတော်မူ၏။ ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့သည်လည်း မှန်ကန်ပါ၏။
119:152 ကိုယ်တော်သည် မိမိ၏သက်သေခံချက်တို့ကို အစဉ်အမြဲတည်စေတော်မူကြောင်း ထိုသက်သေခံချက်တို့အားဖြင့် ရှေးယခင်ကပင် အကျွန်ုပ်သိခဲ့ပါ၏။
119:153 အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူ၍ အကျွန်ုပ်ကို ကယ်မတော်မူပါ။ အကြောင်းမူကား ကိုယ်တော်၏တရားတော်ကို အကျွန်ုပ်မမေ့လျော့ပါ။
119:154 အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ အကျွန်ုပ်ကိုရွေးနုတ်တော်မူပါ။ ကိုယ်တော်၏မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
119:155 ဆိုးယုတ်သောသူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို မရှာမှီးကြသောကြောင့် ကယ်တင်ခြင်းသည် သူတို့နှင့်ဝေးပါ၏။
119:156 အို ထာဝရဘုရား၊ ကိုယ်တော်၏သနားစုံမက်ခြင်းသဘောသည် ကြီးမားလှပါ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
119:157 အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့နှင့် အကျွန်ုပ်၏ရန်သူတို့သည် များပြားလှပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံတော်မူချက်တို့မှ သွေဖည်မသွားပါ။
119:158 အကျွန်ုပ်သည် သစ္စာမဲ့သောသူတို့ကိုမြင်သောအခါ စက်ဆုပ်ပါ၏။ အကြောင်းမူကား သူတို့သည် ကိုယ်တော်၏မိန့်တော်မူချက်တို့ကို မစောင့်ထိန်းကြပါ။
119:159 အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို မည်မျှမြတ်နိုးကြောင်း ကြည့်ရှုတော်မူပါ။ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
119:160 ကိုယ်တော်၏နှုတ်ကပတ်တော်ရှိသမျှတို့သည် မှန်ကန်ပါ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက် ရှိသမျှတို့သည်လည်း အစဉ်အမြဲတည်ပါ၏။
119:161 အကြီးအကဲတို့သည် အကျွန်ုပ်ကိုအကြောင်းမဲ့ လိုက်လံညှဉ်းဆဲကြပါ၏။ သို့သော် အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ကြောက်ရွံ့ပါ၏။
119:162 အကျွန်ုပ်သည် များစွာသောစည်းစိမ်ဥစ္စာကို တွေ့ရှိသောသူကဲ့သို့ ကိုယ်တော်၏ကတိတော်ကြောင့် ရွှင်မြူးပါ၏။
119:163 အကျွန်ုပ်သည် မုသားကိုမုန်းတီး၍ စက်ဆုပ်ရွံရှာပါ၏။ ကိုယ်တော်၏တရားတော်ကိုကား မြတ်နိုးပါ၏။
119:164 အကျွန်ုပ်သည် ကိုယ်တော်၏ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်များအတွက် ကိုယ်တော်ကို တစ်ရက်လျှင်ခုနစ်ကြိမ်ချီးမွမ်းပါ၏။
119:165 ကိုယ်တော်၏တရားကိုမြတ်နိုးသောသူတို့၌ ကြီးစွာသောငြိမ်သက်ခြင်းရှိပါ၏။ မည်သည့်အရာမျှ သူတို့အတွက် ခလုတ်တံသင်းဖြစ်မည်မဟုတ်ပါ။
119:166 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကို စောင့်မျှော်၍ ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာပါ၏။
119:167 အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို စောင့်ထိန်းပါ၏။ ၎င်းတို့ကို အကျွန်ုပ်အလွန်မြတ်နိုးပါ၏။
119:168 အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့နှင့် သက်သေခံချက်တို့ကို စောင့်ထိန်းပါ၏။ အကြောင်းမူကား အကျွန်ုပ်၏လမ်းခရီးရှိသမျှတို့သည် ကိုယ်တော့်ရှေ့၌ရှိကြပါ၏။
119:169 အို ထာဝရဘုရား၊ အကျွန်ုပ်၏ဟစ်ကြော်သံသည် ရှေ့တော်သို့ရောက်ပါစေသော။ ကိုယ်တော်၏နှုတ်ကပတ်တော်နှင့်အညီ အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
119:170 အကျွန်ုပ်၏အသနားခံချက်သည် ရှေ့တော်သို့ ရောက်ပါစေသော။ ကိုယ်တော်၏မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
119:171 ကိုယ်တော်သည် မိမိ၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူသည်ဖြစ်၍ အကျွန်ုပ်၏နှုတ်ခမ်းသည် ချီးမွမ်းခြင်းကိုမြွက်ဆိုပါမည်။
119:172 ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့သည် ဖြောင့်မတ်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏မိန့်တော်မူချက်ကို တေးဖွဲ့သီဆိုပါမည်။
119:173 အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို ရွေးချယ်ခဲ့သည်ဖြစ်၍ ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုကူညီမစရန် အဆင်သင့်ဖြစ်ပါစေသော။
119:174 အို ထာဝရဘုရား၊ ကိုယ်တော်၏ကယ်တင်ခြင်းကို အကျွန်ုပ်စွဲလမ်းတောင့်တပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ၏။
119:175 အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အသက်ရှင်လျက် ကိုယ်တော်ကို ချီးမွမ်းပါစေသော။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည်လည်း အကျွန်ုပ်ကိုကူညီမစကြပါစေသော။
119:176 အကျွန်ုပ်သည် ပျောက်သောသိုးကဲ့သို့လမ်းလွဲပါပြီ။ ကိုယ်တော်၏အစေအပါးကို ရှာတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကိုမမေ့လျော့ပါ။