Psalms 132
132:1 အို ထာဝရဘုရား၊ ဒါဝိဒ်ကိုလည်းကောင်း၊ သူခံခဲ့ရသောနှိပ်စက်ခြင်းအပေါင်းတို့ကိုလည်းကောင်း၊
132:2 သူသည် ထာဝရဘုရားကိုတိုင်တည်၍ မည်သို့ကျိန်ဆိုခဲ့သည်ကိုလည်းကောင်း၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင်ကို မည်သို့ကတိသစ္စာပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။
132:3 သူက “အကျွန်ုပ်သည် ထာဝရဘုရားစံမြန်းတော်မူရာအရပ်တည်းဟူသော ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ကိန်းဝပ်တော်မူရာတဲတော်ကို မတွေ့ရမချင်း ကိုယ့်နေရာအိမ်သို့မပြန်၊ ကိုယ့်အိပ်ရာခုတင်ပေါ်သို့မတက်၊ ကိုယ့်မျက်စိကိုအိပ်ခွင့်၊ ကိုယ့်မျက်လွှာကိုပိတ်ခွင့်မပေးဘဲနေမည်”ဟု ကျိန်ဆို၍ကတိသစ္စာပြုခဲ့ပါ၏။
132:6 ကြည့်ရှုလော့။ ဤအရာကို ဧဖရတ်အရပ်တွင် ငါတို့ကြား၍ ယာအာတောထဲတွင် တွေ့ခဲ့ကြပြီ။
132:7 ကိုယ်တော်ကိန်းဝပ်တော်မူရာတဲတော်သို့ သွားကြကုန်စို့။ ကိုယ်တော်၏ခြေတင်ခုံရှေ့၌ ပျပ်ဝပ်ကြကုန်စို့။
132:8 အို ထာဝရဘုရား၊ ထတော်မူ၍ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော သေတ္တာတော်နှင့်အတူ ကိုယ်တော်၏ငြိမ်ဝပ်ရာအရပ်သို့ ကြွတော်မူပါ။
132:9 ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ်ခြင်းကိုဝတ်ဆင်ရကြပါစေသော။ ကိုယ်တော်၏သန့်ရှင်းသူတို့သည်လည်း ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။
132:10 ကိုယ်တော်၏အစေအပါးဒါဝိဒ်၏မျက်နှာကိုထောက်၍ ကိုယ်တော်ဘိသိက်ပေးထားသောသူကို ငြင်းပယ်တော်မမူပါနှင့်။
132:11 ထာဝရဘုရားသည် ဒါဝိဒ်အား သစ္စာနှင့်ကျိန်ဆိုပြီး ပြန်လည်ရုပ်သိမ်းတော်မူမည်မဟုတ်သောစကားမှာ “ငါသည် သင်မှပေါက်ဖွားသောရင်သွေးတစ်ဦးကို သင်၏ရာဇပလ္လင်ပေါ်ထိုင်စေမည်။
132:12 သင်၏သားတို့သည် ငါ၏ပဋိညာဉ်နှင့် သူတို့အား ငါသင်ကြားပေးသော ငါ၏သက်သေခံချက်တို့ကို စောင့်ထိန်းကြလျှင် သူတို့၏သားများသည်လည်း သင်၏ရာဇပလ္လင်ပေါ် အစဉ်အမြဲထိုင်ရကြလိမ့်မည်”ဟူ၍ဖြစ်၏။
132:13 အကြောင်းမူကား ထာဝရဘုရားသည် ဇိအုန်ကိုရွေးချယ်ပြီး မိမိ၏ကိန်းဝပ်ရာအရပ် ဖြစ်စေရန် အလိုရှိတော်မူပြီ။
132:14 “ထိုအရပ်သည် ငါ၏ငြိမ်ဝပ်ရာအရပ် အစဉ်ဖြစ်၏။ ထိုအရပ်ကို ငါနှစ်သက်သည်ဖြစ်၍ ထိုအရပ်၌ ငါကိန်းဝပ်မည်။
132:15 ထိုအရပ်ကို ကောင်းချီးပေးမည်။ စားနပ်ရိက္ခာပေါများစေမည်။ နွမ်းပါးသောသူတို့ကို အစားအစာနှင့် ဝပြောစေမည်။
132:16 ထိုအရပ်ရှိ ယဇ်ပုရောဟိတ်တို့ကို ကယ်တင်ခြင်းဖြင့် ငါလွှမ်းခြုံမည်။ ထိုအရပ်မှ သန့်ရှင်းသူတို့သည် ရွှင်လန်းစွာကြွေးကြော်လျက်သီချင်းဆိုကြလိမ့်မည်။
132:17 ထိုအရပ်၌ ဒါဝိဒ်အတွက် ဦးချိုကို ငါပေါက်စေမည်။ ငါဘိသိက်ပေးထားသောသူအတွက် မီးခွက်ကို ငါပြင်ဆင်ပြီ။
132:18 ငါသည် သူ၏ရန်သူတို့အား အရှက်ကွဲခြင်းကိုဝတ်ဆင်စေမည်။ သူ့အပေါ်၌မူကား သူ၏ဘုန်းသရဖူသည် ပွင့်လန်းတောက်ပလိမ့်မည်”ဟု မိန့်တော်မူ၏။