Psalms 147
147:1 ဟာလေလုယ။ ငါတို့၏ဘုရားသခင်ကို သီဆိုချီးမွမ်းခြင်းသည် အမှန်ပင်ကောင်းမြတ်ပေ၏။ ကိုယ်တော်ကိုချီးမွမ်းခြင်းသည် သင့်လျော်၍ အမှန်ပင်နှစ်လိုဖွယ်ကောင်း၏။
147:2 ထာဝရဘုရားသည် ဂျေရုဆလင်မြို့ကို တည်ဆောက်၍ နှင်ထုတ်ခြင်းခံရသောအစ္စရေးအမျိုးကို စုဝေးစေတော်မူ၏။
147:3 ကိုယ်တော်သည် စိတ်နှလုံးကျိုးပဲ့သောသူတို့ကို ကျန်းမာစေ၍ သူတို့၏ဒဏ်ရာများကို ပတ်စည်းပေးတော်မူ၏။
147:4 ကိုယ်တော်သည် ကြယ်တို့၏အရေအတွက်ကို သတ်မှတ်၍ ၎င်းတို့အားလုံးကို အမည်ပေးတော်မူ၏။
147:5 ငါတို့၏အရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်း ကြီးမားတော်မူ၏။ ကိုယ်တော်၏ထိုးထွင်းဉာဏ်သည် အနန္တဖြစ်၏။
147:6 ထာဝရဘုရားသည် စိတ်နှိမ့်ချသောသူတို့ကို စောင်မတော်မူ၏။ ဆိုးယုတ်သောသူတို့ကို မြေပြင်အထိနိမ့်ကျစေတော်မူ၏။
147:7 ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ထာဝရဘုရားထံ တေးဖွဲ့သီဆိုကြလော့။ စောင်းတီး၍ ငါတို့၏ဘုရားသခင်ကို သီဆိုချီးမွမ်းကြလော့။
147:8 ကိုယ်တော်သည် ကောင်းကင်ကိုတိမ်တိုက်များဖြင့် ဖုံးလွှမ်းလျက် မြေကြီးအတွက် မိုးရေကိုပြင်ဆင်၍ တောင်များပေါ်၌ မြက်ပင်ကိုပေါက်စေတော်မူ၏။
147:9 တိရစ္ဆာန်မှစ၍ အော်မြည်သော ကျီးကန်းကလေးတို့အား အစာကိုပေးတော်မူ၏။
147:10 ကိုယ်တော်သည် မြင်း၏ခွန်အားကို အလိုရှိတော်မမူ။ လူ၏ခြေတို့ကို နှစ်သက်တော်မမူ။
147:11 ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူများနှင့် မိမိ၏မေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူများကို နှစ်သက်တော်မူ၏။
147:12 အို ဂျေရုဆလင်၊ ထာဝရဘုရားကိုထောမနာပြုလော့။ အို ဇိအုန်၊ သင်၏ဘုရားသခင်ကိုချီးမွမ်းလော့။
147:13 အကြောင်းမူကား ကိုယ်တော်သည် သင်၏မြို့တံခါးကန့်လန့်ကျင်တို့ကို ခိုင်ခံ့စေ၍ သင့်အထဲ၌ရှိသော သင်၏သားသမီးတို့ကို ကောင်းချီးပေးတော်မူ၏။
147:14 ကိုယ်တော်သည် သင်၏နယ်နိမိတ်ထဲ၌ ငြိမ်းချမ်းမှုရှိစေ၍ အကောင်းဆုံးသောဂျုံဆန်ဖြင့် သင့်ကိုဝပြောစေတော်မူ၏။
147:15 ကိုယ်တော်သည် မိမိ၏မိန့်တော်မူချက်ကို ကမ္ဘာမြေကြီးပေါ်သို့ စေလွှတ်တော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် လျင်မြန်စွာပြေးတတ်၏။
147:16 ကိုယ်တော်သည် နှင်းပွင့်ကို သိုးမွေးကဲ့သို့ချထားတော်မူ၏။ နှင်းခဲကို ပြာကဲ့သို့ပြန့်ကြဲစေတော်မူ၏။
147:17 မိမိ၏မိုးသီးကို မုန့်အစအနများကဲ့သို့ ပစ်ချတော်မူ၏။ ကိုယ်တော်ချမ်းအေးစေတော်မူခြင်းကို မည်သူခံနိုင်မည်နည်း။
147:18 ကိုယ်တော်သည် မိမိ၏နှုတ်ကပတ်တော်ကိုစေလွှတ်၍ ၎င်းတို့ကို အရည်ပျော်စေတော်မူ၏။ မိမိ၏လေကိုတိုက်စေတော်မူသောအခါ ရေတို့သည် စီးဆင်းကြ၏။
147:19 ကိုယ်တော်သည် မိမိ၏နှုတ်ကပတ်တော်ကို ယာကုပ်အမျိုးအားလည်းကောင်း၊ မိမိ၏ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကို အစ္စရေးအမျိုးအားလည်းကောင်း ဖွင့်ပြတော်မူ၏။
147:20 ကိုယ်တော်သည် မည်သည့် လူမျိုးခြား၌မျှ ဤကဲ့သို့ပြုတော်မမူခဲ့ပေ။ ထိုလူမျိုးခြားတို့သည် ကိုယ်တော်၏ စီရင်ထုံးဖွဲ့ချက်တို့ကို မသိကြပေ။ ဟာလေလုယ။