Psalms 35
35:1 အို ထာဝရဘုရား၊ အကျွန်ုပ်ကိုဆန့်ကျင်ဘက်ပြုသောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကိုတိုက်ခိုက်သောသူတို့ကို တိုက်ခိုက်တော်မူပါ။
35:2 ဒိုင်းလွှား၊ ဒိုင်းကာကိုကိုင်ဆောင်၍ အကျွန်ုပ်ကိုကူညီမစရန် ထတော်မူပါ။
35:3 လှံနှင့်အဲမောင်းကိုလည်းဆွဲယူ၍ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူတို့ကို ရင်ဆိုင်တော်မူပါ။ “ငါသည် သင့်ကိုကယ်တင်သောသူဖြစ်သည်”ဟု အကျွန်ုပ်၏စိတ်ဝိညာဉ်အား မိန့်တော်မူပါ။
35:4 အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အရှက်ကွဲ၍ အသရေပျက်ကြရပါစေသော။ အကျွန်ုပ်ဒုက္ခရောက်ရန်ကြံစည်သောသူတို့သည် နောက်သို့ပြန်ဆုတ်၍ မျက်နှာပျက်ကြရပါစေသော။
35:5 ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့ကိုမောင်းထုတ်၍ သူတို့သည် လေထဲလွင့်ပါသွားသောဖွဲကဲ့သို့ ဖြစ်ကြပါစေသော။
35:6 ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့ကိုလိုက်လံ၍ သူတို့လမ်းသည် မှောင်လျက်ချော်ပါစေသော။
35:7 အကြောင်းမူကား သူတို့သည် အကြောင်းမဲ့ အကျွန်ုပ်အတွက် ပိုက်ကွန်ကို လျှို့ဝှက်စွာထောင်ထားကြ၏။ အကြောင်းမဲ့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဖမ်းမိရန် တွင်းကိုတူးကြ၏။
35:8 ပျက်စီးဆုံးပါးခြင်းသည် ထိုသို့သောသူအပေါ် အမှတ်မထင်ကျရောက်ပါစေသော။ သူလျှို့ဝှက်စွာထောင်ထားသောပိုက်ကွန်၌ သူကိုယ်တိုင်ပြန်မိ၍ ထိုပျက်စီးဆုံးပါးခြင်းထဲသို့ပင် ကျရောက်ပါစေသော။
35:9 ထိုအခါ ငါ၏စိတ်ဝိညာဉ်သည် ထာဝရဘုရား၌ရွှင်လန်း၍ ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်မြူးလိမ့်မည်။
35:10 အကျွန်ုပ်၏အရိုးရှိသမျှတို့က “အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။ ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကို သူ့ထက်အားကြီးသောသူ၏လက်မှ ကယ်နုတ်တော်မူ၏။ အကယ်စင်စစ် အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူကို လုယူတတ်သောသူ၏လက်မှ ကယ်နုတ်တော်မူ၏”ဟု လျှောက်ကြလိမ့်မည်။
35:11 ရက်စက်ကြမ်းကြုတ်သောသက်သေတို့သည် ထကြ၍ ငါမသိသောအရာများကို ငါ့အားမေးမြန်းကြ၏။
35:12 သူတို့သည် ငါ့အား အကောင်းကိုအဆိုးဖြင့်တုံ့ပြန်၍ ငါ၏စိတ်ဝိညာဉ်ကို အထီးကျန်ညှိုးငယ်စေကြ၏။
35:13 ငါမူကား သူတို့ဖျားနာသောအခါ လျှော်တေအဝတ်ကိုဝတ်၍ အစာရှောင်လျက် မိမိကိုယ်မိမိချိုးနှိမ်၏။ ငါ၏ဆုတောင်းချက် ငါ့ရင်ခွင်သို့သာ ပြန်လှည့်လာသောအခါ
35:14 ငါသည် ငါ၏မိတ်ဆွေ၊ ငါ၏ညီအစ်ကိုအတွက်ကဲ့သို့ ကြေကွဲလျက် မိခင်အတွက် ငိုကြွေးမြည်တမ်းသကဲ့သို့ ခေါင်းငိုက်စိုက်ချ၍ ဝမ်းနည်းပူဆွေးခဲ့၏။
35:15 သို့သော် ငါလဲသောအခါ သူတို့သည် ဝမ်းမြောက်လျက်စုဝေးကြ၏။ ရန်ပြုရိုက်ပုတ်သောသူတို့သည် ငါ့တစ်ဖက်၌စုဝေးကြ၏။ ထိုသူတို့ကိုလည်း ငါမသိရ။ သူတို့သည် ငါ့ကိုမရပ်မနားဆုတ်ဖြဲကြ၏။
35:16 ပွဲ၌လှောင်ပြောင်ကဲ့ရဲ့တတ်သော ဘုရားတရားမဲ့သူများကဲ့သို့ သူတို့သည် ငါ့ကိုကြည့်လျက် အံကြိတ်ကြ၏။
35:17 အို ဘုရားရှင်၊ ကိုယ်တော်သည် မည်မျှကြာအောင် ကြည့်လျက်နေတော်မူမည်နည်း။ အကျွန်ုပ်၏အသက်ကို သူတို့၏ဖျက်ဆီးခြင်းဘေးမှလည်းကောင်း၊ အကျွန်ုပ်၏တစ်ခုတည်းသောအသက်ကို ခြင်္သေ့ပျိုတို့၏ဘေးမှလည်းကောင်း ကယ်မတော်မူပါ။
35:18 ထိုအခါ အကျွန်ုပ်သည် လူအစုအဝေးကြီးအလယ်တွင် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ လူထုပရိသတ်ကြီးအလယ်၌ ကိုယ်တော်ကိုချီးမွမ်းပါမည်။
35:19 လှည့်ဖြားတတ်သောအကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသောအခွင့်မရကြပါစေနှင့်။ အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည်လည်း မျက်စိမှိတ်ပြရသောအခွင့်မရကြပါစေနှင့်။
35:20 အကြောင်းမူကား သူတို့သည် ငြိမ်းချမ်းရေးစကားကိုမပြောဘဲ အေးချမ်းစွာနေထိုင်သောပြည်သားတို့တစ်ဖက်၌ လိမ်လည်လှည့်ဖြားသောစကားတို့ကို လုပ်ကြံပြောဆိုကြပါ၏။
35:21 သူတို့သည် အကျွန်ုပ်ကိုကြည့်လျက် မိမိတို့ပါးစပ်ကိုကျယ်စွာဖွင့်ကာ “ဟားဟား၊ ငါတို့မျက်စိနှင့် မြင်ခဲ့ရပြီ”ဟု ဆိုကြပါ၏။
35:22 အို ထာဝရဘုရား၊ ကိုယ်တော်မြင်တော်မူပါ၏။ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အို ဘုရားရှင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။
35:23 အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ တရားမျှတမှုကိုအကျွန်ုပ်ရရှိရန်နှင့် အကျွန်ုပ်၏အမှုကိစ္စအတွက် နိုးကြွ၍ထတော်မူပါ။
35:24 အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့်အညီ အကျွန်ုပ်၌အပြစ်မရှိကြောင်းစီရင်တော်မူပါ။ သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသောအခွင့်မရကြပါစေနှင့်။
35:25 သူတို့သည် မိမိတို့စိတ်နှလုံးထဲ၌ “ဟားဟား၊ ငါတို့အလိုပြည့်စုံပြီ”ဟု အောက်မေ့ခွင့်မရကြပါစေနှင့်။ “သူ့ကို ငါတို့ဝါးမျိုပြီ”ဟု ပြောဆိုခွင့်မရကြပါစေနှင့်။
35:26 အကျွန်ုပ်ဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူတို့သည် အတူတကွအရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အကျွန်ုပ်နှင့်ယှဉ်၍ မိမိကိုယ်ကိုချီးမြှောက်သောသူတို့သည် အရှက်ကွဲခြင်းနှင့် အသရေပျက်ခြင်းကို ဝတ်ဆင်ကြရပါစေသော။
35:27 အကျွန်ုပ်၏ဖြောင့်မတ်ခြင်းကို နှစ်သက်သောသူတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။ “မိမိအစေအပါး၏ကောင်းစားခြင်းကို နှစ်သက်တော်မူသောထာဝရဘုရားသည် ကြီးမြတ်တော်မူ၏”ဟု သူတို့သည် အစဉ်မပြတ်မြွက်ဆိုကြပါစေသော။
35:28 ထိုအခါ အကျွန်ုပ်၏နှုတ် သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို တစ်နေ့လုံးမြွက်ဆိုပါမည်။