Library · my

Psalms 45

45:1 ငါ့​စိတ်နှလုံး​သည် ကောင်းမြတ်​သော​စကား​နှင့် ပြည့်လျှံ​လျက်​ရှိ​၏​။ ရှင်ဘုရင်​အတွက် ငါ​စီကုံး​သော​အရာ​များ​ကို ငါ​ရွတ်ဆို​မည်​။ ငါ့​လျှာ​သည် ကျွမ်းကျင်​သော​စာရေးဆရာ​၏ ကလောင်တံ​ကဲ့သို့​ဖြစ်​၏​။ 45:2 ကိုယ်တော်​သည် လူသား​တို့​ထက် အဆင်းလှ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ခမ်း​သည် ကျေးဇူး​တော်​ဖြင့် ဘိသိက်​ခံရ​ပါ​၏​။ ထို့ကြောင့် ဘုရားသခင်​သည် ကိုယ်တော်​ကို အစဉ်အမြဲ​ကောင်းချီးပေး​တော်မူ​ပြီ​။ 45:3 တန်ခိုးကြီး​သော​အရှင်​၊ ကိုယ်တော်​၏​ဘုန်းကျက်သရေ​နှင့် ဘုန်းအာနုဘော်​တည်းဟူသော ကိုယ်တော်​၏​ဓား​ကို​နံဘေး​တွင် စည်း​တော်မူ​ပါ​။ 45:4 သမ္မာတရား​၊ နှိမ့်ချ​ခြင်း​၊ ဖြောင့်မတ်​ခြင်း​တို့​နှင့်ဆိုင်သော​အရေးကိစ္စ​အတွက် ကိုယ်တော်​၏​ဘုန်းအာနုဘော်​ကို​ဆောင်​လျက် အောင်မြင်​စွာ​စီးနင်း​ကြွမြန်း​တော်မူ​ပါ​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အံ့ဩဖွယ်​အမှု​တို့​ကို ကိုယ်တော်​အား​ပြသ​ပါစေသော​။ 45:5 ကိုယ်တော်​၏​မြား​တို့​သည် ချွန်ထက်​၍ ရှင်ဘုရင်​၏​ရန်သူ​တို့​နှလုံးသား​ထဲသို့​စူးဝင်​ကြ​၏​။ လူမျိုးတကာ​တို့​သည် ခြေ​တော်​အောက်​၌​လဲ​ကြ​ပါ​၏​။ 45:6 အို ဘုရားသခင်​၊ ကိုယ်တော်​၏​ပလ္လင်​တော်​သည် ကာလ​အစဉ်အဆက်​တည်​၍ တရားမျှတ​သော​ရာဇလှံတံ​သည် ကိုယ်တော့်​နိုင်ငံ​တော်​၏​ရာဇလှံတံ​ဖြစ်​ပါ​၏​။ 45:7 ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​နှစ်သက်​၍ တရားမဲ့​ခြင်း​ကို​မုန်း​တော်မူ​၏​။ ထို့ကြောင့် ဘုရားသခင်​တည်းဟူသော ကိုယ်တော်​၏​ဘုရားသခင်​သည် ကိုယ်တော်​၏​အပေါင်းအဖော်​များ​ထက် ကိုယ်တော်​ကို ရွှင်မြူး​ခြင်း​ဆီ​နှင့် ဘိသိက်ပေး​တော်မူ​၏​။ 45:8 ကိုယ်တော်​၏​အဝတ်​ရှိသမျှ​တို့​သည် မုရန်​၊ သစ်မွှေး​၊ သစ်ကြံပိုး​တို့​ဖြင့် မွှေးကြိုင်​လျက်​ရှိ​ပါ​၏​။ ဆင်စွယ်​နန်းတော်​များ​မှ ကြိုးတပ်​တူရိယာ​တို့​သည် ကိုယ်တော်​ကို​ဝမ်းမြောက်​စေ​ပါ​၏​။ 45:9 ကိုယ်တော်​၏​မြင့်မြတ်​သော​အမျိုးသမီး​များ​ထဲတွင် ရှင်ဘုရင်​တို့​၏​သမီး​တော်​များ​ပါဝင်​ကြ​ပါ​၏​။ မိဖုရား​သည် ဩဖိရ​ရွှေ ဆင်မြန်း​လျက် ကိုယ်တော်​၏​လက်ယာ​ဘက်​တွင် ရပ်​နေ​ပါ​၏​။ 45:10 သမီး​၊ နားထောင်​လော့​။ ကြည့်ရှုဆင်ခြင်​၍​နားစွင့်​လော့​။ သင့်​လူမျိုး​နှင့် သင့်​ဖခင်​၏​အိမ်​ကို မေ့ထား​လော့​။ 45:11 ရှင်ဘုရင်​သည် သင်​၏​အလှ​ကို လိုလားနှစ်သက်​တော်မူ​လိမ့်မည်​။ သူ​သည် သင်​၏​သခင်​ဖြစ်​သောကြောင့် သူ့​ရှေ့​၌ ပျပ်ဝပ်​လော့​။ 45:12 တိုင်ရာ​မြို့​၏​သမီး​သည် လက်ဆောင်ပဏ္ဏာ​ပါ​လျက်​လာ​၍ လူ​တို့​ထဲမှ​ချမ်းသာ​သော​သူ​တို့​သည် သင့်​ထံ​မျက်နှာရ​ရန် ကြိုးစား​ကြ​လိမ့်မည်​။ 45:13 ရှင်ဘုရင်​၏​သမီး​တော်​သည် ဂုဏ်ကျက်သရေ​အပေါင်း​နှင့်​ပြည့်စုံ​လျက် အတွင်းဆောင်​၌​ရှိ​၏​။ သူ​၏​အဝတ်တန်ဆာ​ကို ရွှေ​ချည်​ဖြင့်​ရောစပ်​ရက်လုပ်​ထား​၏​။ 45:14 ဇာပန်းထိုးထည်​ဆင်မြန်း​ထား​သော​သူ့​ကို ရှင်ဘုရင်​ထံသို့​ပို့ဆောင်​ကြ​၏​။ သူ​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော သူ့​နောက်လိုက်​သည့်​အပျိုတော်​တို့​ကို​လည်း ကိုယ်တော်​ထံသို့​ခေါ်ဆောင်​လာ​ကြ​ပါ​၏​။ 45:15 သူ​တို့​ကို ဝမ်းမြောက်​ခြင်း​နှင့်​ရွှင်လန်း​ခြင်း​ဖြင့် ပို့ဆောင်​ကြ​၍ သူ​တို့​သည် ဘုရင့်​နန်းတော်​သို့ ဝင်​ကြ​၏​။ 45:16 ကိုယ်တော်​၏​သား​တို့​သည် ကိုယ်တော့်​ဘိုးဘေး​တို့​၏ အရိုက်အရာ​ကို​ဆက်ခံ​သူ​များ​ဖြစ်​ကြ​၍ ကိုယ်တော်​သည် သူ​တို့​ကို ကမ္ဘာမြေ​တစ်ခွင်လုံး​၌ အကြီးအကဲ​များ​ဖြစ်​စေ​တော်မူ​လိမ့်မည်​။ 45:17 အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို မျိုးဆက်​အစဉ်အဆက်​အား အောက်မေ့​စေ​ပါ​မည်​။ ထို့ကြောင့် လူမျိုးတကာ​တို့​သည် ကာလ​အစဉ်အဆက် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။