Library · my

Psalms 48

48:1 ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ ငါ​တို့​ဘုရားသခင်​၏​မြို့​တော်​၌ အလွန်​ချီးမွမ်းဖွယ် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​သန့်ရှင်း​သော​တောင်​တော်​သည် 48:2 မြင့်မား​တင့်တယ်​၍ ကမ္ဘာမြေ​တစ်ခွင်လုံး​၏ ဝမ်းမြောက်စရာ​အကြောင်း​ဖြစ်​၏​။ မြောက်ဘက်​စွန်း​ရှိ​ဇိအုန်​တောင်​သည် ကြီးမြတ်​သော ရှင်ဘုရင်​၏​မြို့​တော်​ဖြစ်​၏​။ 48:3 ဘုရားသခင်​သည် ထို​မြို့​၏​ခံတပ်​များ​တွင် ခိုကိုး​ရာ​ဖြစ်ကြောင်း မိမိကိုယ်ကို​ထင်ရှား​စေ​တော်မူ​၏​။ 48:4 ကြည့်ရှု​လော့​။ ရှင်ဘုရင်​တို့​သည် စုဝေး​လျက် အတူတကွ​ချီတက်​လာ​ကြ​၏​။ 48:5 သူ​တို့​သည် ၎င်း​ကို​မြင်​ရ​ကြ​သည်​နှင့် အံ့အားသင့်​လျက် ထိတ်လန့်​၍​ပြေးလွှား​ကြ​၏​။ 48:6 ထို​အရပ်​တွင် ထိတ်လန့်တုန်လှုပ်​ခြင်း​သည် သူ​တို့​ကို​ဖမ်းဆုပ်​ထား​၍ သူ​တို့​သည် သားဖွား​နေ​သော​အမျိုးသမီး​ကဲ့သို့ ဝေဒနာ​ခံစား​ကြ​ရ​၏​။ 48:7 ကိုယ်တော်​သည် တာရှု​သင်္ဘော​တို့​ကို အရှေ့​လေ​ဖြင့်​ကျိုးပဲ့​စေ​တော်မူ​၏ ​။ 48:8 ငါ​တို့​ကြား​ခဲ့​ရ​သည့်​အတိုင်း ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏ မြို့​တော်​တည်းဟူသော ငါ​တို့​ဘုရားသခင်​၏​မြို့​တော်​တွင် ငါ​တို့​မြင်​ရ​ကြ​လေ​ပြီ​။ ဘုရားသခင်​သည် ထို​မြို့​တော်​ကို ကာလ​အစဉ်အဆက်​တည်​စေ​တော်မူ​မည်​။ 48:9 အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို ကိုယ်တော်​၏​ဗိမာန်တော်​ထဲ​၌ အကျွန်ုပ်​တို့​အောက်မေ့ဆင်ခြင်​ကြ​ပါ​၏​။ 48:10 အို ဘုရားသခင်​၊ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​သည် ကိုယ်တော်​၏​နာမ​တော်​နည်းတူ ကမ္ဘာမြေ​အစွန်း​တိုင်အောင် ပျံ့နှံ့​ပါ​၏​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ဖြောင့်မတ်​ခြင်း​နှင့်​ပြည့်ဝ​ပါ​၏​။ 48:11 ကိုယ်တော်​၏​တရားစီရင်​တော်မူ​ချက်​များ​ကြောင့် ဇိအုန်​တောင်​သည် ဝမ်းမြောက်​ပါစေ​။ ယုဒ​သမီးပျို​တို့​သည် ရွှင်လန်း​ကြ​ပါစေ​။ 48:12 ဇိအုန်​အနှံ့​လှည့်ပတ်သွားလာ​၍ မျှော်စင်​တို့​ကို​ရေတွက်​ကြ​လော့​။ 48:13 လာမည့်​မျိုးဆက်​ကို​ပြောပြ​နိုင်​ရန် ထို​မြို့​တော်​၏​တံတိုင်း​ကို သင်​တို့​၏​စိတ်နှလုံး​၌​မှတ်သား​ထား​၍ ခံတပ်​များ​ကို​စစ်ဆေး​ကြည့်ရှု​ကြ​လော့​။ 48:14 အကြောင်းမူကား ဤ​ဘုရားသခင်​သည် ကာလ​အစဉ်အဆက် ငါ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​တို့​သေဆုံး​သည့်​တိုင်အောင် ငါ​တို့​ကို ပို့ဆောင်​တော်မူ​လိမ့်မည်​။