Library · my

Psalms 64

64:1 အို ဘုရားသခင်​၊ အကျွန်ုပ်​၏​ညည်းတွား​သံ​ကို နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​၏​အသက်​ကို ရန်သူ​၏​ကြောက်မက်ဖွယ်ဘေး​မှ ကာကွယ်​တော်မူ​ပါ​။ 64:2 ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၏ လျှို့ဝှက်​ကြံစည်​မှု​မှ​လည်းကောင်း​၊ အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​၏​စုဝေးရာ​မှ​လည်းကောင်း အကျွန်ုပ်​ကို​ဖုံးကွယ်​ထား​တော်မူ​ပါ​။ 64:3 သူ​တို့​သည် မိမိ​တို့​လျှာ​ကို ဓား​ကဲ့သို့​ထက်​စေ​ပြီး မိမိ​တို့​၏​ခါးသီး​သော​စကား​များ​ကို မြား​ကဲ့သို့​ချိန်ရွယ်​လျက် 64:4 အပြစ်တင်စရာ​မ​ရှိ​သော​သူ​ကို ကွယ်​ရာ​မှ​ပစ်ခတ်​တတ်​ကြ​၏​။ သူ​တို့​သည် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ထို​သူ​ကို ရုတ်တရက်​ပစ်ခတ်​ကြ​၏​။ 64:5 သူ​တို့​သည် မကောင်း​သော​အမှုအရာ​အတွက် သူ​တို့​ကိုယ်​သူ​တို့​အားပေး​ကြ​၏​။ ထောင်ချောက်​များ​ကို​လျှို့ဝှက်​စွာ​ထောင်​ရန် တိုင်ပင်​လျက် “​၎င်း​တို့​ကို မည်သူ​မြင်​မည်နည်း​”​ဟု ဆို​ကြ​၏​။ 64:6 သူ​တို့​သည် မတရားမှု​များ​ကို​ကြံစည်​လျက် “​ငါ​တို့​သည် ပြည့်စုံ​သော​အကြံအစည်​ကို ကြံစည်​ကြ​ပြီ​”​ဟု ဆို​ကြ​၏​။ အကယ်စင်စစ် လူ​၏​အတွင်း​နှလုံးသား​သည် နက်​လှ​၏​။ 64:7 သို့သော် ဘုရားသခင်​သည် သူ​တို့​ကို​မြား​နှင့်​ပစ်​တော်မူ​၍ သူ​တို့​သည် ရုတ်တရက် ဒဏ်ရာ​ရ​ကြ​လိမ့်မည်​။ 64:8 ကိုယ်တော်​သည် သူ​တို့​လျှာ​ကြောင့် သူ​တို့​ကို​လဲကျ​စေ​တော်မူ​လိမ့်မည်​။ သူ​တို့​ကို​မြင်​သော​သူ​အပေါင်း​တို့​သည် ထွက်ပြေး​ကြ​လိမ့်မည်​။ 64:9 ထိုအခါ လူ​အပေါင်း​တို့​သည် ကြောက်ရွံ့​၍ ဘုရားသခင်​၏​လုပ်ဆောင်​တော်မူ​ချက်​ကို ပြောကြား​ကာ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​ကို ဂရုပြု​ကြ​လိမ့်မည်​။ 64:10 ဖြောင့်မတ်​သော​သူ​သည် ထာဝရဘုရား​၌​ဝမ်းမြောက်​၍ ကိုယ်တော်​ကို​ခိုလှုံ​လိမ့်မည်​။ စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​အပေါင်း​တို့​သည်​လည်း ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်​။