Psalms 90
90:1 အို ဘုရားရှင်၊ ကိုယ်တော်သည် မျိုးဆက်အစဉ်အဆက် အကျွန်ုပ်တို့၏မှီခိုရာဖြစ်တော်မူ၏။
90:2 တောင်များမဖြစ်ပေါ်မီ၊ မြေကြီးနှင့်ကမ္ဘာလောကကို ကိုယ်တော်ဖြစ်ပွားစေတော်မမူမီ ထာဝရကာလမှ ထာဝရကာလတိုင်အောင် ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။
90:3 ကိုယ်တော်က “အချင်းလူသားတို့၊ ပြန်သွားကြလော့”ဟု မိန့်တော်မူလျက် လူကို မြေမှုန့်သို့ ပြန်သွားစေတော်မူ၏။
90:4 အကြောင်းမူကား ကိုယ်တော်၏ရှေ့မှောက်တွင် အနှစ်တစ်ထောင်သည် ကုန်လွန်ပြီးသော ယမန်နေ့ကဲ့သို့လည်းကောင်း၊ ညဥ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
90:5 ကိုယ်တော်သည် လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၍ သူတို့သည် အိပ်ပျော်သွားကြရပါ၏။ လူသည် နံနက်အချိန်တွင် ကြီးထွားလာသည့် မြက်ပင်ကဲ့သို့ဖြစ်ပါ၏။
90:6 မြက်ပင်သည် နံနက်အချိန်တွင် ရှင်သန်ကြီးထွားလာသော်လည်း နေဝင်ချိန်၌ ညှိုး၍ခြောက်သွေ့သွားပါ၏။
90:7 အကယ်စင်စစ် အကျွန်ုပ်တို့သည် ကိုယ်တော်၏အမျက်တော်ကြောင့် ပျက်စီးကြရပါ၏။ ကိုယ်တော်၏အမျက်ဒေါသကြောင့် ထိတ်လန့်ခြင်းရှိကြပါ၏။
90:8 ကိုယ်တော်သည် အကျွန်ုပ်တို့၏ဒုစရိုက်များကို ရှေ့တော်၌လည်းကောင်း၊ အကျွန်ုပ်တို့ဝှက်ထားသောအပြစ်များကို မျက်နှာတော်၏အလင်း၌လည်းကောင်း ချထားတော်မူ၏။
90:9 အကြောင်းမူကား အကျွန်ုပ်တို့၏နေ့ရက်အားလုံးသည် ကိုယ်တော်၏အမျက်တော်အောက်၌ ကုန်လွန်သွားကြပါ၏။ အကျွန်ုပ်တို့၏နှစ်ကာလတို့သည် သက်ပြင်းတစ်ချက်အချမှာပင် ကုန်ဆုံးသွားပါ၏။
90:10 အကျွန်ုပ်တို့၏အသက်တာနှစ်ကာလသည် အနှစ်ခုနစ်ဆယ်ဖြစ်ပါ၏။ ကျန်းမာသန်စွမ်းလျှင် အနှစ်ရှစ်ဆယ်ဖြစ်နိုင်ပါ၏။ သို့သော် ထိုနှစ်ကာလတို့၏အကောင်းဆုံးအချိန်မှာပင် အခက်အခဲပြဿနာနှင့် ဆင်းရဲဒုက္ခမျှသာဖြစ်ပါ၏။ အကယ်စင်စစ် အချိန်တို့သည် လျင်မြန်စွာကုန်လွန်၍ အကျွန်ုပ်တို့သည် အဝေးသို့ပျံသန်းသွားကြပါ၏။
90:11 ကိုယ်တော့်အမျက်တော်တန်ခိုးကိုလည်းကောင်း၊ အမျက်ထွက်သည့်ပမာဏနှင့်အညီ ကြောက်ရွံ့ရကြောင်းကိုလည်းကောင်း မည်သူသိနိုင်ပါသနည်း။
90:12 အကျွန်ုပ်တို့သည် ဉာဏ်ပညာနှင့်ပြည့်စုံသော စိတ်နှလုံးရှိလာမည့်အကြောင်း အကျွန်ုပ်တို့၏ နေ့ရက်များကို မှန်ကန်စွာရေတွက်နိုင်ရန် သွန်သင်တော်မူပါ။
90:13 အို ထာဝရဘုရား၊ ပြန်ကြွလာတော်မူပါ။ မည်မျှကြာပါမည်နည်း။ ကိုယ်တော်၏အစေအပါးအပေါ် သနားကရုဏာထားတော်မူပါ။
90:14 နံနက်အချိန်၌ ကိုယ်တော်၏မေတ္တာကရုဏာတော်အားဖြင့် အကျွန်ုပ်တို့ကိုပြည့်စုံကြွယ်ဝစေတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏အသက်တာတစ်လျှောက်လုံး ရွှင်လန်းစွာသီချင်းဆို၍ ဝမ်းမြောက်ရပါလိမ့်မည်။
90:15 အကျွန်ုပ်တို့ကို နှိမ့်ချတော်မူခဲ့သည့်နေ့ရက်များ၊ အကျွန်ုပ်တို့ ဒုက္ခနှင့်ကြုံတွေ့ခဲ့ရသည့် နှစ်ကာလများနှင့်အမျှ အကျွန်ုပ်တို့ကို ဝမ်းမြောက်စေတော်မူပါ။
90:16 ကိုယ်တော်၏လုပ်ဆောင်တော်မူချက်သည် ကိုယ်တော်၏အစေအပါးတို့ထံ၌လည်းကောင်း၊ ကိုယ်တော်၏ဘုန်းအာနုဘော်သည် သူတို့၏ သားသမီးတို့ထံ၌လည်းကောင်း ထင်ရှားပါစေသော။
90:17 အကျွန်ုပ်၏အရှင် ဘုရားသခင်၏ ကျေးဇူးပြုတော်မူခြင်းသည် အကျွန်ုပ်တို့အပေါ် သက်ရောက်ပါစေသော။ အကျွန်ုပ်တို့၏လက်ဖြင့်ပြုသောအမှုတို့ကို အကျွန်ုပ်တို့အတွက် မြဲမြံစေတော်မူပါ။ ဟုတ်ပါ၏။ အကျွန်ုပ်တို့၏လက်ဖြင့် ပြုသောအမှုတို့ကို မြဲမြံစေတော်မူပါ။