Psalms 94
94:1 လက်တုံ့ပြန်တော်မူသောဘုရားသခင် အို ထာဝရဘုရား၊ လက်တုံ့ပြန်တော်မူသောဘုရားသခင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
94:2 ကမ္ဘာမြေကြီးကိုတရားစီရင်တော်မူသောအရှင်၊ ထတော်မူပါ။ မောက်မာသောသူတို့အား အကျိုးအပြစ်ကို ပြန်ပေးဆပ်စေတော်မူပါ။
94:3 ဆိုးယုတ်သောသူတို့သည် မည်မျှကြာအောင်၊ အို ထာဝရဘုရား၊ ဆိုးယုတ်သောသူတို့သည် မည်မျှကြာအောင် ရွှင်မြူးကြမည်နည်း။
94:4 သူတို့သည် မောက်မာသောစကားများကို မြွက်ဟပြောဆိုကြပါ၏။ အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဝါကြွားကြပါ၏။
94:5 အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏လူမျိုးတော်ကို နှိမ်နင်း၍ ကိုယ်တော်၏အမွေတော်ကို နှိပ်စက်ကြပါ၏။
94:6 သူတို့သည် မုဆိုးမနှင့် တိုင်းတစ်ပါးသားကို သတ်ဖြတ်ကြပါ၏။ ဖတဆိုးတို့ကိုလည်း သတ်၍
94:7 “ထာဝရဘုရားက မမြင်၊ ယာကုပ်၏ဘုရားသခင်က မသိ”ဟု ဆိုကြပါ၏။
94:8 လူတို့ထဲမှ အသိတရားကင်းမဲ့သောသူတို့၊ နားလည်ကြလော့။ မိုက်မဲသောသူတို့၊ မည်သည့်အချိန်မှ ပညာသတိရှိလာကြမည်နည်း။
94:9 နားကိုစိုက်ထားသောအရှင်သည် မကြားဘဲနေတော်မူမည်လော။ မျက်စိကိုပုံဖော်ဖန်ဆင်းသောအရှင်သည် မမြင်ဘဲနေတော်မူမည်လော။
94:10 လူမျိုးတကာတို့ကို ပဲ့ပြင်သောအရှင်၊ လူကို အသိပညာသင်ကြားပေးသောအရှင်သည် မဆုံးမဘဲနေတော်မူမည်လော။
94:11 လူ၏အကြံအစည်တို့သည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရားသိတော်မူ၏။
94:12 အို ထာဝရဘုရား၊ ဆိုးယုတ်သောသူတို့အတွက် တွင်းတူးစဉ်အခါ ဒုက္ခရောက်သောနေ့ရက်များမှလွတ်ငြိမ်းစေရန် ကိုယ်တော်ပဲ့ပြင်သောသူ၊ ကိုယ်တော်၏တရားတော်ကို ကိုယ်တော်သင်ကြားပေးသောသူသည် မင်္ဂလာရှိပါ၏။
94:14 အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို ပစ်ပယ်တော်မူမည်မဟုတ်။ မိမိ၏အမွေတော်ကိုလည်း စွန့်ပစ်တော်မူမည်မဟုတ်။
94:15 အကယ်စင်စစ် တရားစီရင်ခြင်းသည် ဖြောင့်မတ်ခြင်းထံသို့ ပြန်လှည့်လာ၍ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့သည် ၎င်း၏နောက်သို့လိုက်ကြလိမ့်မည်။
94:16 မည်သူသည် ဆိုးညစ်သောအမှုပြုသောသူတို့ကို ဆန့်ကျင်ပြီး ငါ့အတွက်ထမည်နည်း။ မည်သူသည် အပြစ်ဒုစရိုက်ပြုသောသူတို့ကို ဆန့်ကျင်ပြီး ငါ့အတွက် ရပ်တည်မည်နည်း။
94:17 ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မမူလျှင် ငါ၏စိတ်ဝိညာဉ်သည် တစ်ခဏချင်းတွင် ဆိတ်ငြိမ်ရာအရပ်၌ နေရပေလိမ့်မည်။
94:18 “ငါ့ခြေချော်ပြီ”ဟု အကျွန်ုပ်ဆိုသောအခါ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အကျွန်ုပ်ကိုဖေးမတော်မူ၏။
94:19 အကျွန်ုပ်စိတ်ထဲ၌ စိုးရိမ်ပူပန်မှု များပြားသောအခါ ကိုယ်တော်၏နှစ်သိမ့်မှုသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ရွှင်လန်းချမ်းမြေ့စေပါ၏။
94:20 ပြဋ္ဌာန်းချက်အားဖြင့် အခက်အခဲပြဿနာကို ဖြစ်ပေါ်စေသော ယုတ်မာစဉ်းလဲသည့်ရာဇပလ္လင်သည် ကိုယ်တော်နှင့်မိတ်ဖွဲ့နိုင်ပါမည်လော။
94:21 သူတို့သည် ဖြောင့်မတ်သောသူ၏အသက်ကို ရန်ရှာရန်စုဝေး၍ အပြစ်ကင်းသောသူကို သေဒဏ်စီရင်ကြပါ၏။
94:22 သို့သော် ထာဝရဘုရားသည် ငါ၏ခိုကိုးရာဖြစ်တော်မူ၏။ ငါ၏ဘုရားသခင်သည် ငါခိုလှုံရာ ကျောက်ဆောင်ဖြစ်တော်မူ၏။
94:23 ကိုယ်တော်သည် သူတို့၏အပြစ်ဒုစရိုက်အတွက် သူတို့ကိုလက်တုံ့ပြန်၍ သူတို့၏မကောင်းမှုအတွက် သူတို့ကိုဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။