Exodus 16
16:1 တစ်ဖန် အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ဧလိမ်အရပ်မှခရီးပြုကြ၏။ အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယလ၊ တစ်ဆယ့်ငါးရက်နေ့၌ ဧလိမ်အရပ်နှင့်သိနာတောင်ကြားရှိ သိန်တောကန္တာရသို့ ရောက်ကြ၏။
16:2 ထိုတောကန္တာရထဲ၌ အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မောရှေနှင့်အာရုန်တို့ထံသို့လာ၍
16:3 အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။
16:4 ထိုအခါ ထာဝရဘုရားက မောရှေအား “ငါသည် သင်တို့အတွက် မုန့်ကို မိုးကောင်းကင်မှရွာကျစေမည်။ လူတို့သည် ထွက်၍ တစ်နေ့စာတစ်နေ့ကောက်ယူကြရမည်။ ဤသို့သောအားဖြင့် ငါ၏တရားတော်အတိုင်း သူတို့လိုက်လျှောက်မည်၊ မလိုက်လျှောက်မည်ကို ငါစမ်းသပ်မည်။
16:5 ဆဋ္ဌမနေ့၌ နေ့စဉ်ထက် နှစ်ဆကောက်၍ ယူဆောင်လာပြီး ပြင်ဆင်ထားရမည်”ဟု မိန့်တော်မူ၏။
16:6 ထို့ကြောင့် မောရှေနှင့်အာရုန်က အစ္စရေးအမျိုးသားအပေါင်းတို့အား “ထာဝရဘုရားသည် သင်တို့အား အီဂျစ်ပြည်မှထုတ်ဆောင်တော်မူကြောင်းကို နေဝင်ချိန်၌ သင်တို့သိရကြလိမ့်မည်။
16:7 နံနက်အချိန်၌လည်း ထာဝရဘုရား၏ဘုန်းအသရေတော်ကို သင်တို့တွေ့မြင်ရကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားအား သင်တို့မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရားကြားတော်မူပြီ။ ငါတို့ကား မည်သူဖြစ်၍ ငါတို့ကို ညည်းညူပြရသနည်း”ဟု ဆိုလေ၏။
16:8 တစ်ဖန် မောရှေက “ထာဝရဘုရားသည် နေဝင်ချိန်၌ သင်တို့စားစရာအသားကိုလည်းကောင်း၊ နံနက်အချိန်၌ လုံလောက်သောမုန့်ကိုလည်းကောင်း ပေးတော်မူမည်။ အကြောင်းမူကား ထာဝရဘုရားထံ သင်တို့ညည်းညူ၍ မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရား ကြားတော်မူပြီ။ ငါတို့သည် မည်သူဖြစ်၍နည်း။ သင်တို့မြည်တွန်တောက်တီးသောအသံသည် ငါတို့ကိုဆန့်ကျင်သည်မဟုတ်၊ ထာဝရဘုရားကိုဆန့်ကျင်နေခြင်းပင်ဖြစ်၏”ဟု ဆိုလေ၏။
16:9 ထို့နောက် မောရှေက အာရုန်အား “အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ‘သင်တို့မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရားကြားတော်မူပြီဖြစ်၍ ရှေ့တော်သို့ ချဉ်းကပ်ကြလော့’ဟူ၍ ဆင့်ဆိုလော့”ဟု ဆို၏။
16:10 အာရုန်သည် အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုစဉ် သူတို့သည် တောကန္တာရဘက်သို့လှည့်ကြည့်သောအခါ မိုးတိမ်ထဲ၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထင်ရှားနေသည်ကိုမြင်ရကြလေ၏။
16:11 ထာဝရဘုရားက မောရှေအား
16:12 “အစ္စရေးအမျိုးသားတို့မြည်တွန်တောက်တီးသောအသံကို ငါကြားပြီ။ သူတို့အား ‘သင်တို့သည် နေဝင်ချိန်၌ အသားကိုစားရ၍ နံနက်အချိန်၌ မုန့်ဖြင့်ဝလင်ကြလိမ့်မည်။ ထိုအခါ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
16:13 နေဝင်ချိန်၌ ငုံးတို့သည် တက်လာ၍ တပ်စခန်းကိုဖုံးလွှမ်းကြ၏။ နံနက်အချိန်၌လည်း တပ်စခန်းပတ်ပတ်လည်တွင် နှင်းကျလေ၏။
16:14 နှင်းကွဲပြီးမှ တောကန္တာရ၏မြေမျက်နှာပြင်ပေါ်တွင် မြေပေါ်မှသေးငယ်သောနှင်းခဲသဖွယ် အချပ်အလွှာကလေးများကိုတွေ့ရ၏။
16:15 ထိုအရာကို အစ္စရေးအမျိုးသားတို့တွေ့မြင်သောအခါ မည်သည့်အရာဖြစ်သည်ကိုမသိသောကြောင့် “မည်သည့်အရာနည်း”ဟု အချင်းချင်းမေးမြန်းကြ၏။ ထိုအခါ မောရှေက “ဤအရာသည် သင်တို့ စားဖို့ ထာဝရဘုရားပေးတော်မူသောမုန့်ဖြစ်၏။
16:16 ထာဝရဘုရားက ‘တစ်ဦးစီစားနိုင်သလောက် ကောက်ယူကြလော့။ သင်တို့၏လူအရေအတွက်အလိုက် မိမိတဲ၌ရှိသောသူတစ်ဦးစီအတွက် တစ်ယောက်တစ်ဩမဲ စီ ယူကြရမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆိုလေ၏။
16:17 အစ္စရေးအမျိုးသားတို့သည်လည်း ထိုသို့ပြု၍ အနည်းအများအလိုက် ကောက်ယူကြ၏။
16:18 သူတို့သည် ဩမဲဖြင့် ခြင်တွယ်သောအခါ များများရသောသူမပို၊ နည်းနည်းရသောသူမလိုချေ။ တစ်ဦးစီစားနိုင်သလောက် ကောက်ယူကြ၏။
16:19 မောရှေက သူတို့အား “မည်သူမျှ ထိုမုန့်ကို နံနက်တိုင်အောင်မကြွင်းကျန်စေရ”ဟု ဆိုသော်လည်း
16:20 သူတို့သည် မောရှေ၏စကားကိုနားမထောင်ကြ။ လူအချို့တို့သည် နံနက်တိုင်အောင် ချန်ထားသဖြင့် ပိုးထိုး၍ အပုပ်နံ့ထွက်လေ၏။ မောရှေသည်လည်း သူတို့ကို အမျက်ထွက်လေ၏။
16:21 သူတို့သည် တစ်ဦးစီစားနိုင်သလောက် မုန့်ကိုနံနက်တိုင်းကောက်ယူကြ၏။ နေပူလာသောအခါ ထိုမုန့်သည် အရည်ပျော်လေ၏။
16:22 ဆဋ္ဌမနေ့ရောက်သောအခါ မုန့်ကို တစ်ယောက်နှစ်ဩမဲ စီ နှစ်ဆကောက်ယူကြ၏။ ထိုအကြောင်းကို လူထုခေါင်းဆောင်အပေါင်းတို့သည်လာ၍ မောရှေအားပြောကြားကြ၏။
16:23 မောရှေကလည်း “ဤအရာကား ထာဝရဘုရားမိန့်ဆိုတော်မူသောအရာဖြစ်၏။ မနက်ဖြန်သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ထာဝရဘုရား၏သန့်ရှင်းသောဥပုသ်နေ့ဖြစ်၏။ ထိုမုန့်ကို သင်တို့ဖုတ်လိုလျှင် ဖုတ်လော့။ ပြုတ်လိုလျှင် ပြုတ်လော့။ ပိုသမျှကို သင်တို့အတွက် ချန်ထားပြီး နံနက်တိုင်အောင်သိမ်းထားလော့”ဟု သူတို့အားဆို၏။
16:24 သူတို့သည်လည်း မောရှေမိန့်မှာသည့်အတိုင်း နံနက်တိုင်အောင်ချန်ထားကြရာ အပုပ်နံ့ထွက်ခြင်းလည်းမရှိ၊ လောက်တက်ခြင်းလည်းမရှိ။
16:25 မောရှေက “ချန်ထားသောမုန့်ကို ယနေ့စားကြလော့။ ယနေ့သည် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၍ ထိုမုန့်ကို ယနေ့ မြေပေါ်၌တွေ့ရမည်မဟုတ်။
16:26 သင်တို့သည် ခြောက်ရက်ပတ်လုံး မုန့်ကို ကောက်ယူကြရမည်။ ဥပုသ်နေ့ဖြစ်သောသတ္တမနေ့၌မူကား ရှိမည်မဟုတ်”ဟု ဆိုလေ၏။
16:27 သတ္တမနေ့၌ လူအချို့တို့သည် ကောက်ယူရန်ထွက်သွားကြသော်လည်း ရှာမတွေ့ကြ။
16:28 ထိုအခါ ထာဝရဘုရားက မောရှေအား “သင်တို့သည် ငါ၏ပညတ်တော်နှင့် ဥပဒေသများကို မည်သည့်အချိန်ထိ မစောင့်ထိန်းဘဲ နေကြမည်နည်း။
16:29 ငါထာဝရဘုရားသည် သင်တို့အား ဥပုသ်နေ့ကို သတ်မှတ်ပေးတော်မူပြီ။ ထို့ကြောင့် ဆဋ္ဌမနေ့၌ သင်တို့အား မုန့်ကို နှစ်ရက်စာပေးတော်မူ၏။ လူတိုင်းမိမိနေရာ၌နေကြလော့။ သတ္တမနေ့၌ မည်သူမျှ မိမိနေရာမှမထွက်သွားကြနှင့်”ဟု မိန့်တော်မူ၏။
16:30 သို့ဖြစ်၍ လူတို့သည် သတ္တမနေ့၌ ငြိမ်ဝပ်စွာနေကြ၏။
16:31 အစ္စရေးအမျိုးသားတို့သည် ထိုမုန့်၏အမည်ကို မန္နဟုခေါ်ကြ၏။ နံနံစေ့နှင့်တူပြီး အဖြူရောင်ဖြစ်၏။ အရသာကား ပျားရည်ပါသောမုန့်ကြွပ်ပြားနှင့်တူ၏။
16:32 မောရှေက “ထာဝရဘုရားသည် သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာသောအခါ တောကန္တာရထဲ၌ သင်တို့အား ကျွေးမွေးခဲ့သောမုန့်ကို သင်တို့၏မျိုးဆက်အစဉ်အဆက်သိမြင်နိုင်ရန် သူတို့အတွက် ထိုမုန့်ကို တစ်ဩမဲအပြည့် သိမ်းထားရမည်။ ဤသည်ကား ထာဝရဘုရားမိန့်မှာတော်မူသောအရာဖြစ်သည်”ဟု ဆိုပြီး
16:33 အာရုန်အား “အိုးတစ်လုံးကိုယူလော့။ ထိုအထဲ၌ မန္နမုန့်တစ်ဩမဲအပြည့်ထည့်ပြီးလျှင် သင်တို့၏မျိုးဆက်အစဉ်အဆက်အတွက် ထိန်းသိမ်းရန် ထာဝရဘုရားရှေ့တော်၌ ထားလော့”ဟု ဆိုလေ၏။
16:34 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အာရုန်သည် မန္နမုန့်ကိုထိန်းသိမ်းရန် သက်သေခံချက်ရှေ့တွင် ထားလေ၏။
16:35 အစ္စရေးအမျိုးသားတို့သည် သူတို့အခြေချနေထိုင်မည့်ပြည်သို့မရောက်မချင်း အနှစ်လေးဆယ်ပတ်လုံး မန္နမုန့်ကိုစားကြ၏။ သူတို့သည် ခါနာန်ပြည်နယ်နိမိတ်သို့မရောက်မချင်း မန္နမုန့်ကိုစားကြ၏။
16:36 (တစ်ဩမဲကား တစ်ဧဖာ ၏ဆယ်ပုံတစ်ပုံဖြစ်၏။)