Exodus 20
20:1 ဘုရားသခင်မိန့်တော်မူသောစကားအလုံးစုံကား ဤသို့တည်း။
20:2 “ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
20:3 သင်၌ ငါမှတစ်ပါး အခြားဘုရား မရှိစေရ။
20:4 အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသမျှသောအရာတို့၏ပုံသဏ္ဌာန်နှင့်တူသော ရုပ်တုဆင်းတုကို သင့်အဖို့မပြုလုပ်ရ။
20:5 ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊
20:6 ငါ့ကိုချစ်၍ ငါ၏ပညတ်များကိုစောင့်ထိန်းသောသူတို့ကိုကား မျိုးဆက်အထောင်အသောင်းတိုင်အောင် မေတ္တာကရုဏာပြသောဘုရား ဖြစ်၏။
20:7 သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို အချည်းနှီးမမြွက်ဆိုရ။ အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏နာမတော်ကို အချည်းနှီးမြွက်ဆိုသောသူအား အပြစ်မပေးဘဲနေတော်မူမည်မဟုတ်။
20:8 ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရန် အောက်မေ့လော့။
20:9 သင်၏အလုပ်ရှိသမျှကို ခြောက်ရက်ပတ်လုံး အားထုတ်လုပ်ဆောင်လော့။
20:10 သတ္တမနေ့သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ဥပုသ်နေ့ ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ သင်၏ကျွန်ယောက်ျားကျွန်မိန်းမ၊ သင်၏တိရစ္ဆာန်နှင့် သင့်မြို့အတွင်းရှိတိုင်းတစ်ပါးသားတို့သည် မည်သည့်အလုပ်ကိုမျှမလုပ်ရ။
20:11 အကြောင်းမူကား ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသမျှသောအရာတို့ကို ခြောက်ရက်ပတ်လုံးဖန်ဆင်း၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထို့ကြောင့် ထာဝရဘုရားသည် ဥပုသ်နေ့ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။
20:12 သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့်မည်။
20:13 လူမသတ်ရ။
20:14 အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ။
20:15 မခိုးရ။
20:16 သင်၏အိမ်နီးချင်းကိုဆန့်ကျင်၍ မမှန်သောသက်သေမထွက်ဆိုရ။
20:17 သင့်အိမ်နီးချင်း၏အိမ်ကိုမတပ်မက်ရ။ သင့်အိမ်နီးချင်း၏မယား၊ ကျွန်ယောက်ျားကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ သင့်အိမ်နီးချင်း၌ရှိသောအရာတစ်စုံတစ်ခုကိုမျှ မတပ်မက်ရ။”
20:18 လူအပေါင်းတို့သည် မိုးချုန်းသံများနှင့်တံပိုးမှုတ်သံကိုကြား၍ လျှပ်စီးများနှင့်မီးခိုးထွက်နေသောတောင်ကို တွေ့မြင်ကြသောအခါ လူတို့သည် ကြောက်ရွံ့တုန်လှုပ်၍ အဝေး၌ရပ်လျက်နေကြ၏။
20:19 ထို့နောက် သူတို့က မောရှေအား “သင်သာလျှင် အကျွန်ုပ်တို့ကိုဆင့်ဆိုပါလော့။ အကျွန်ုပ်တို့နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင် မိန့်ဆိုတော်မမူပါစေနှင့်။ မိန့်ဆိုတော်မူလျှင် အကျွန်ုပ်တို့သေကြရပါလိမ့်မည်”ဟု ဆိုကြ၏။
20:20 မောရှေကလည်း လူတို့အား “မကြောက်ကြနှင့်။ သင်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့၍ အပြစ်မပြုမည့်အကြောင်း ဘုရားသခင်သည် သင်တို့ကို စမ်းသပ်ရန် ကြွလာတော်မူ၏”ဟု ဆိုလေ၏။
20:21 မောရှေသည် ဘုရားသခင်ရှိရာအမှောင်ထုသို့ ချဉ်းကပ်သောအခါ လူတို့သည် အဝေး၌ရပ်နေကြ၏။
20:22 ထိုအခါ ထာဝရဘုရားက မောရှေအား “အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ထာဝရဘုရားက ‘ငါသည် သင်တို့အား ကောင်းကင်မှ စကားပြောသည်ကို သင်တို့ကိုယ်တိုင် ကြုံတွေ့ရပြီ။
20:23 သင်တို့သည် ငါနှင့်ယှဉ်၍ သင်တို့အဖို့ ရွှေဘုရားငွေဘုရားများကိုလည်း မပြုလုပ်ရ။
20:24 သင်တို့သည် ငါ့အတွက် မြေယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်များ၊ မိတ်သဟာယယဇ်များအဖြစ် သင်တို့၏သိုးများ၊ နွားများကို ယဇ်ပူဇော်ရမည်။ ထိုသို့ ငါ၏နာမတော်ကိုအောက်မေ့ရာအရပ်ရပ်ရှိ သင်တို့ထံသို့ ငါကြွလာ၍ သင်တို့ကိုကောင်းချီးပေးမည်။
20:25 ကျောက်ကို ကျောက်ထွင်းကိရိယာဖြင့်ထုဆစ်လျှင် ထိုကျောက်ကို ညစ်ညူးစေရာရောက်သည်ဖြစ်၍ ငါ့အတွက် ကျောက်ယဇ်ပလ္လင်ကိုတည်လျှင် ထုဆစ်ထားသောကျောက်ဖြင့် မတည်ရ။
20:26 သင်တို့၏အရှက် မပေါ်မည့်အကြောင်း ငါ၏ယဇ်ပလ္လင်ပေါ်သို့ လှေကားဖြင့်မတက်ရ’ဟု မိန့်တော်မူ၏။