Exodus 27
27:1 ယဇ်ပလ္လင်ကို အကေရှား သစ်သားဖြင့် လုပ်ရမည်။ ထိုယဇ်ပလ္လင်သည် အလျားငါးတောင် ၊ အနံငါးတောင် စတုရန်းပုံဖြစ်၍ အမြင့်သုံးတောင် ရှိရမည်။
27:2 ယဇ်ပလ္လင်၏ထောင့်လေးထောင့်၌ ချိုများကိုလုပ်၍ ထိုချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်ရမည်။ ယဇ်ပလ္လင်ကို ကြေးနီဖြင့်မွမ်းမံရမည်။
27:3 ယဇ်ပလ္လင်မှပြာကိုဖယ်ရှားရန်အတွက် အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်းတို့ကိုလည်း လုပ်ရမည်။ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်ရမည်။
27:4 ယဇ်ပလ္လင်အတွက် ကြေးနီစကာမီးကျီးခံပြားကိုလုပ်၍ မီးကျီးခံပြားထောင့်လေးထောင့်စကာပေါ်တွင် ကြေးနီကွင်းလေးကွင်းကိုတပ်ရမည်။
27:5 စကာကို ယဇ်ပလ္လင်၏အလယ်အထိရောက်အောင် ယဇ်ပလ္လင်၏အစွန်းထွက်နေသောနေရာမှ အောက်သို့ချရမည်။
27:6 ယဇ်ပလ္လင်အတွက် ထမ်းပိုးတို့ကို အကေရှား သစ်သားဖြင့်လုပ်၍ ကြေးနီဖြင့်မွမ်းမံရမည်။
27:7 ယဇ်ပလ္လင်ကိုထမ်းသောအခါ ထမ်းပိုးတို့သည် ယဇ်ပလ္လင်၏ဘေးနှစ်ဖက်၌ရှိနေစေရန် ထိုထမ်းပိုးတို့ကို ကွင်းများထဲသို့လျှိုသွင်းထားရမည်။
27:8 ယဇ်ပလ္လင်ကို ပျဉ်ပြားများဖြင့် လုပ်ရမည်။ အတွင်း၌ အခေါင်းပေါက်ဖြစ်ရမည်။ တောင်ပေါ်၌ သင့်အား ငါပြခဲ့သည့်အတိုင်း လုပ်ကြရမည်။
27:9 ကိန်းဝပ်တော်မူရာတဲတော်၏ဝင်းကိုလည်း လုပ်ရမည်။ ထိုဝင်း၏တောင်ဘက်ခြမ်းတစ်ခြမ်းအတွက် အလျားအတောင်တစ်ရာ ရှိသောအကာကို ရက်လုပ်ထားသောပိတ်ချောထည်ဖြင့်လုပ်ရမည်။
27:10 ထိုအကာအတွက် တိုင်နှစ်ဆယ်နှင့် တိုင်အောက်ခံအစွပ်အခုနှစ်ဆယ်ကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့်တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်ရမည်။
27:11 ထိုနည်းတူ မြောက်ဘက်ခြမ်းအတွက် အလျားအတောင်တစ်ရာရှည်သောအကာကိုလုပ်ရမည်။ ထိုအကာအတွက် တိုင်နှစ်ဆယ်နှင့် တိုင်အောက်ခံအစွပ်အခုနှစ်ဆယ်ကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့် တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်ရမည်။
27:12 ဝင်းအနောက်ဘက်အကျယ်အတိုင်း အတောင်ငါးဆယ် ရှိသောအကာနှင့်တကွ အကာအတွက် တိုင်ဆယ်တိုင်၊ တိုင်အောက်ခံအစွပ်ဆယ်ခု လုပ်ရမည်။
27:13 နေထွက်ရာအရပ် ဝင်းအရှေ့ဘက်ခြမ်းအကျယ်သည် အတောင်ငါးဆယ်ရှိ၍
27:14 ဝင်းအဝင်ဝတစ်ဘက်၌ တစ်ဆယ့်ငါးတောင် ရှိသောအကာနှင့်တကွ အကာအတွက် တိုင်သုံးတိုင်၊ တိုင်အောက်ခံအစွပ်သုံးခု၊
27:15 ကျန်တစ်ဘက်၌လည်း တစ်ဆယ့်ငါးတောင်ရှိသောအကာနှင့်တကွ အကာအတွက် တိုင်သုံးတိုင်၊ တိုင်အောက်ခံအစွပ်သုံးခု လုပ်ရမည်။
27:16 ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသော အတောင်နှစ်ဆယ် ရှိသည့်လိုက်ကာနှင့်တကွ လိုက်ကာအတွက် တိုင်လေးတိုင်၊ တိုင်အောက်ခံအစွပ်လေးခု လုပ်ရမည်။
27:17 ဝင်းပတ်ပတ်လည်ရှိတိုင်အားလုံးတို့၏ထိပ်ကို ငွေအစွပ်ဖြင့်စွပ်ရမည်။ တိုင်ချိတ်များကို ငွေဖြင့်လည်းကောင်း၊ တိုင်အောက်ခံအစွပ်များကို ကြေးနီဖြင့်လည်းကောင်း လုပ်ရမည်။
27:18 ဝင်းသည် အလျားအတောင်တစ်ရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍ ရက်လုပ်ထားသောပိတ်ချောထည်အကာနှင့် အောက်ခံကြေးနီအစွပ် တို့ပါရမည်။
27:19 ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိစ္စအဝဝအတွက် တန်ဆာပလာ၊ တဲငုတ်တိုင်၊ ဝင်းငုတ်တိုင် အားလုံးတို့ကို ကြေးနီဖြင့်လုပ်ရမည်။
27:20 မီးခွက်အစဉ်မပြတ်လင်းနေစေဖို့ မီးထွန်းရန်အတွက် ထောင်းယူသောသံလွင်ဆီသန့်ကို သင့်ထံသို့ယူဆောင်လာရန် အစ္စရေးအမျိုးသားတို့အား သင်ဆင့်ဆိုရမည်။
27:21 တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။