Exodus 6
6:1 ထာဝရဘုရားက မောရှေအား “ယခု ငါသည် ဖာရောမင်းကြီးအား မည်သို့ပြုမည်ကို သင်တွေ့မြင်ရမည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို လွှတ်လိမ့်မည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို သူ၏တိုင်းပြည်မှ နှင်ထုတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
6:2 တစ်ဖန် ဘုရားသခင်က မောရှေအား “ငါသည် ထာဝရဘုရားဖြစ်၏။
6:3 ငါသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ထင်ရှားပြခဲ့သော်လည်း ထာဝရဘုရားဟူသောငါ၏နာမကို သူတို့မသိခဲ့ကြပေ။
6:4 ဧည့်သည်အဖြစ် သူတို့တည်းခိုနေထိုင်ခဲ့သည့်ပြည်တည်းဟူသော ခါနာန်ပြည်ကို သူတို့အားပေးရန် ငါ၏ပဋိညာဉ်ကို သူတို့၌ ငါတည်စေပြီ။
6:5 ထို့ပြင် အီဂျစ်လူမျိုးတို့၏ကျွန်ပြုခြင်းကိုခံနေရသော အစ္စရေးအမျိုးသားတို့၏ညည်းတွားမြည်တမ်းသံကိုလည်း ငါကြား၍ ငါ၏ပဋိညာဉ်ကို ငါအောက်မေ့၏။
6:6 သို့ဖြစ်၍ အစ္စရေးအမျိုးသားတို့အား ‘ငါသည် ထာဝရဘုရားဖြစ်၏။ အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကို ဆွဲထုတ်၍ သူတို့၏ကျွန်ပြုခြင်းမှလည်း သင်တို့ကို ငါကယ်နုတ်မည်။ လက်ရုံးကိုဆန့်လျက် သူတို့ကိုကြီးလေးသောအပြစ်ဒဏ်ပေးခြင်းဖြင့် သင်တို့ကို ငါရွေးနုတ်မည်။
6:7 ငါသည် သင်တို့ကို ငါ၏လူမျိုးတော်အဖြစ်သိမ်းယူမည်။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ ငါသည် အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကိုဆွဲထုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်။
6:8 ငါသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ကျိန်ဆို ခဲ့သည့်ပြည်သို့ သင်တို့ကိုပို့ဆောင်မည်။ ထိုပြည်ကိုလည်း သင်တို့အား ငါအပိုင်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
6:9 မောရှေသည် အစ္စရေးအမျိုးသားတို့အား ထိုအတိုင်းဆင့်ဆိုသော်လည်း သူတို့သည် စိတ်နာကြည်းသောကြောင့်လည်းကောင်း၊ ကြမ်းတမ်းစွာကျွန်ပြုခံရသောကြောင့်လည်းကောင်း မောရှေ၏စကားကို နားမထောင်ကြပေ။
6:10 ထို့ကြောင့် ထာဝရဘုရားက မောရှေအား
6:11 “အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် သူ၏ပြည်ထဲမှ အစ္စရေးအမျိုးသားတို့ကိုလွှတ်ပေးရန် သွား၍ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
6:12 မောရှေက “အစ္စရေးအမျိုးသားများပင် အကျွန်ုပ်စကားကိုနားမထောင်လျှင် ဖာရောမင်းကြီးသည် နှုတ်လေးသောသူ အကျွန်ုပ်၏စကားကို မည်သို့နားထောင်ပါမည်နည်း”ဟု ထာဝရဘုရား၏ရှေ့တော်၌ ပြန်လျှောက်လေ၏။
6:13 ထိုသို့ မောရှေနှင့်အာရုန်အား အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ရန် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည်ကို အစ္စရေးအမျိုးသားတို့နှင့် အီဂျစ်ဘုရင်ဖာရောမင်းကြီးတို့အား ပြောကြားစေ၏။
6:14 အစ္စရေးလူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများကား ဤသူတို့တည်း။ အစ္စရေး၏သားဦးဖြစ်သူရုဗင်၏သားများမှာ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ တို့ဖြစ်ကြ၏။ ဤသည်ကား ရုဗင်၏မျိုးနွယ်စုဖြစ်၏။
6:15 ရှိမောင်၏သားများမှာ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာနှင့် ခါနာန်အမျိုးသမီး၏သား ရှောလ တို့ဖြစ်ကြ၏။ ဤသည်ကား ရှိမောင်၏မျိုးနွယ်စုဖြစ်၏။
6:16 လေဝိသားမြေးတို့၏ဆွေစဉ်မျိုးဆက်အမည်များကား ဂေရရှုန်၊ ကောဟတ်၊ မေရာရိ တို့ဖြစ်ကြ၏။ လေဝိအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။
6:17 မျိုးနွယ်စုအလိုက် ဂေရရှုန်၏သားများမှာ လိဗနိနှင့်ရှိမိ တို့ဖြစ်ကြ၏။
6:18 ကောဟတ်၏သားများမှာ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ တို့ဖြစ်ကြ၏။ ကောဟတ်အသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်သုံးနှစ်ဖြစ်၏။
6:19 မေရာရိ၏သားများမှာ မဟာလိနှင့်မုရှိ တို့ဖြစ်ကြ၏။ ဤသည်ကား လေဝိမျိုးနွယ်စု၏ဆွေစဉ်မျိုးဆက်များဖြစ်၏။
6:20 အာမရံသည် မိမိ၏အရီးယောခေဗက်နှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် အာရုန်နှင့်မောရှေ တို့ကိုမွေးဖွားပေး၏။ အာမရံအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။
6:21 ဣဇဟာ၏သားများမှာ ကောရ၊ နေဖက်၊ ဇိခရိ တို့ဖြစ်ကြ၏။
6:22 ဩဇေလ၏သားများမှာ မိရှေလ၊ ဧလဇာဖန်၊ သိသရိ တို့ဖြစ်ကြ၏။
6:23 အာရုန်သည် အမိနဒပ်၏သမီးဖြစ်သော နာရှုန်၏နှမ ဧလိရှဘနှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ကိုမွေးဖွားပေး၏။
6:24 ကောရ၏သားများမှာ အဿိရ၊ ဧလကာနနှင့် အဗျာသပ် တို့ဖြစ်ကြ၏။ ဤသည်ကား ကောရအမျိုး၏မျိုးနွယ်စုဖြစ်၏။
6:25 အာရုန်၏သား ဧလာဇာသည် ပုတျေလ၏သမီးတစ်ယောက်နှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် ဖိနဟတ်ကို မွေးဖွားပေး၏။ ဤသည်ကား မျိုးနွယ်စုအလိုက် လေဝိဘိုးဘေးတို့၏အကြီးအမှူးများ ဖြစ်ကြ၏။
6:26 “အစ္စရေးအမျိုးသားတို့ကို အဖွဲ့အလိုက် အီဂျစ်ပြည်ထဲမှ ထုတ်ဆောင်လော့”ဟု ထာဝရဘုရားအမိန့်ပေးခြင်းခံရသောသူများကား အာရုန်နှင့်မောရှေပေတည်း။
6:27 အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်ထဲမှ ထွက်သွားခွင့်ပေးရန် အီဂျစ်ဘုရင်ဖာရောမင်းကြီးအား ပြောဆိုခဲ့သောသူများကား အာရုန်နှင့်မောရှေပင်တည်း။
6:28 အီဂျစ်ပြည်၌ မောရှေအား ထာဝရဘုရားမိန့်ဆိုတော်မူသောနေ့တွင်
6:29 ထာဝရဘုရားက မောရှေအား “ငါသည် ထာဝရဘုရားဖြစ်၏။ သင့်အားငါမိန့်ဆိုသောအရာအားလုံးကို အီဂျစ်ဘုရင်ဖာရောမင်းကြီးအားဆင့်ဆိုလော့”ဟု မိန့်တော်မူခဲ့၏။
6:30 မောရှေက “အကျွန်ုပ်သည် နှုတ်လေးသောသူ ဖြစ်၍ ဖာရောမင်းကြီးသည် အကျွန်ုပ်၏စကားကို မည်သို့နားထောင်ပါမည်နည်း”ဟု ထာဝရဘုရား၏ရှေ့တော်၌ပြန်လျှောက်၏။