Proverbs 20
20:1 စပျစ်ဝိုင်သည် ပြက်ရယ်ပြုစေတတ်၏။ သေရည်သေရက်သည်လည်း ဆူပူသောင်းကျန်းစေတတ်၏။ ၎င်းတို့ကြောင့် လမ်းလွဲသောသူရှိသမျှသည် ဉာဏ်ပညာမရှိ။
20:2 ရှင်ဘုရင်နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအရာသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ့ကိုအမျက်ထွက်စေသောသူသည် မိမိအသက်ကိုဆုံးရှုံးရ တတ်၏။
20:3 ခိုက်ရန်ဖြစ်ပွားခြင်းကိုရှောင်ရှားသောသူသည် ဂုဏ်သရေရှိ၏။ ဆိုးမိုက်သောသူတိုင်းကား ခိုက်ရန်ဖြစ်တတ်ကြ၏။
20:4 ပျင်းရိသောသူသည် စိုက်ပျိုးရာသီ၌ ထွန်ယက်စိုက်ပျိုးခြင်းမပြုသောကြောင့် ရိတ်သိမ်းချိန်၌ တောင်းရမ်းသော်လည်း ဘာမျှမရချေ။
20:5 လူ၏စိတ်နှလုံး၌ရှိသောအကြံဉာဏ်သည် နက်သောရေနှင့်တူ၏။ သို့သော် ထိုးထွင်းဉာဏ်ရှိသောသူသည် ၎င်းကိုခပ်ယူလိမ့်မည်။
20:6 များစွာသောလူတို့သည် မိမိတို့၏မေတ္တာကရုဏာကို ထုတ်ဖော်ပြောဆိုတတ်ကြ၏။ သို့သော် သစ္စာရှိသောသူကို မည်သူရှာတွေ့နိုင်သနည်း။
20:7 ဖြောင့်မတ်သောသူသည် တည်ကြည်စွာလျှောက်လှမ်းတတ်၏။ နောင်လာမည့် သူ၏သားမြေးတို့သည် မင်္ဂလာရှိကြ၏။
20:8 တရားစီရင်ရာပလ္လင်ပေါ်တွင်ထိုင်သော ရှင်ဘုရင်သည် မကောင်းမှုရှိသမျှကို မိမိ၏မျက်စိဖြင့် လွင့်သွားစေတတ်၏။
20:9 “ငါသည် ငါ၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေပြီ၊ ငါသည် အပြစ်မှစင်ကြယ်ပြီ”ဟု မည်သူပြောဆိုနိုင်သနည်း။
20:10 အချိန်ချင်းမတူသောအလေး၊ အဝင်ချင်းမတူသောခြင်တောင်း၊ ထိုနှစ်မျိုးစလုံးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
20:11 ကလေးသူငယ်ပင်လျှင် သူ၏လုပ်ဆောင်ချက်သည် သန့်ရှင်းစင်ကြယ်ခြင်းရှိ၊ မရှိ၊ ဖြောင့်မှန်ခြင်းရှိ၊ မရှိ သူ၏အပြုအမူအားဖြင့် ထင်ရှားစေတတ်၏။
20:12 ကြားတတ်သောနား၊ မြင်တတ်သောမျက်စိ၊ ဤအရာနှစ်ပါးစလုံးကို ထာဝရဘုရားဖန်ဆင်းတော်မူ၏။
20:13 အအိပ်မမက်နှင့်။ အအိပ်မက်လျှင် ဆင်းရဲသွားလိမ့်မည်။ သင်၏မျက်စိကို ဖွင့်ထားလော့။ သို့ပြုလျှင် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။
20:14 ဝယ်သောသူသည် “မကောင်းဘူး၊ မကောင်းဘူး”ဟု ဆိုတတ်၏။ သို့သော် ဝယ်၍ထွက်သွားပြီးမှ ဝါကြွားတတ်၏။
20:15 ရွှေရှိ၏။ ပတ္တမြားလည်းများစွာရှိ၏။ သို့သော် အသိပညာရှိသောနှုတ်ခမ်းသည် အဖိုးတန်သောရတနာဖြစ်၏။
20:16 သူစိမ်းအတွက် အာမခံသောသူ၏အဝတ်ကိုယူထားလော့။ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမအတွက် အာမခံသောသူထံမှ အပေါင်ပစ္စည်းကိုယူထားလော့။
20:17 လှည့်ဖြား၍ရသောအစားအစာသည် စားသူအတွက်ချိုမြိန်သော်လည်း နောက်မှ သူ၏နှုတ်သည် ကျောက်စရစ်များနှင့်ပြည့်လိမ့်မည်။
20:18 အကြံဉာဏ်ယူခြင်းအားဖြင့် အကြံအစည်များ တည်တတ်၏။ လမ်းညွှန်မှုများကိုခံယူ၍ စစ်ပွဲကိုဆင်နွှဲလော့။
20:19 အတင်းအဖျင်းလိုက်ပြောသောသူသည် လျှို့ဝှက်ချက်ကို ပေါက်ကြားစေတတ်၏။ သို့ဖြစ်၍ နှုတ်ဖွာသောသူနှင့် ရောနှောဆက်ဆံခြင်းမပြုနှင့်။
20:20 မိမိ၏မိခင်နှင့်ဖခင်တို့ကို ကျိန်ဆဲသောသူ၏မီးခွက်သည် မှောင်မည်းသောအမှောင်ထဲတွင် ငြိမ်းသွားလိမ့်မည်။
20:21 အစ၌ အလျင်စလိုရယူသောအမွေသည် အဆုံး၌ ကောင်းချီးမင်္ဂလာ မဖြစ်ပေ။
20:22 “မကောင်းမှုကိုငါတုံ့ပြန်မည်”ဟု မဆိုနှင့်။ ထာဝရဘုရားကိုသာ စောင့်မျှော်လော့။ သို့ပြုလျှင် ကိုယ်တော်သည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။
20:23 အချိန်ချင်းမတူသောအလေးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မမှန်ကန်သောချိန်ခွင်သည်လည်း မကောင်းပေ။
20:24 လူ၏ခြေလှမ်းတို့ကို ထာဝရဘုရားစီရင်တော်မူ၏။ သို့ဖြစ်၍ လူသည် မိမိသွားရာလမ်းကို မည်သို့သိရှိနားလည်နိုင်မည်နည်း။
20:25 တစ်စုံတစ်ခုကို သန့်ရှင်းသောအရာအဖြစ် အလျင်စလိုဆက်ကပ်၍ ကတိသစ္စာပေးပြီးမှ ထောက်ရှုဆင်ခြင်ခြင်းသည် လူတစ်ဦးအတွက် ထောင်ချောက်ဖြစ်၏။
20:26 ပညာရှိသောရှင်ဘုရင်သည် ဆိုးယုတ်သောသူတို့ကို လှေ့၍ သူတို့အပေါ်၌ စပါးခြွေသောဘီးကိုလှိမ့်တတ်၏။
20:27 လူ၏ဝိညာဉ်သည် အတွင်းအကျဆုံးနေရာရှိသမျှတို့ကို ရှာဖွေတတ်သော ထာဝရဘုရား၏မီးခွက်ဖြစ်၏။
20:28 မေတ္တာကရုဏာနှင့်သမ္မာတရားသည် ရှင်ဘုရင်ကိုကာကွယ်စောင့်ရှောက်တတ်၏။ ရာဇပလ္လင်သည်လည်း မေတ္တာကရုဏာအားဖြင့် မြဲမြံတတ်၏။
20:29 လူပျိုတို့၏ဂုဏ်ကျက်သရေသည် သူတို့၏ခွန်အားဖြစ်၏။ အသက်ကြီးသောသူတို့၏ခန့်ညားထည်ဝါမှုကား ဖြူသောဆံပင်ဖြစ်၏။
20:30 ဒဏ်ရာဒဏ်ချက်သည် မကောင်းမှုကိုလည်းကောင်း၊ ရိုက်နှက်ခြင်းသည် အတွင်းအကျဆုံးနေရာများကိုလည်းကောင်း ဆေးကြောသန့်စင်ပေး၏။