Ecclesiastes 2
2:1 ငါသည် ငါ့စိတ်နှလုံးအား “ယခုလာလော့။ အပျော်အပါးအားဖြင့် သင့်ကို ငါစမ်းသပ်မည်။ ကောင်းသောအရာကိုလည်း ခံစားသိရှိလော့”ဟု မြွက်ဆို၏။ သို့ရာတွင် ကြည့်ရှုလော့။ ထိုအမှုအရာသည်လည်း အချည်းနှီးဖြစ်၏။
2:2 ရယ်မောခြင်းသည် “ရူးသွပ်ခြင်းဖြစ်၏” ဟူ၍လည်းကောင်း၊ အပျော်အပါးသည် “မည်သည့်အကျိုးရှိသနည်း” ဟူ၍လည်းကောင်း ငါဆို၏။
2:3 လူသားတို့သည် မိမိတို့၏အနည်းငယ်သော အသက်တာနေ့ရက်များ၌ မိုးကောင်းကင်အောက်တွင် မည်သည့်အရာပြုကောင်းသည်ကို ငါမြင်ရသည်အထိ ငါ့စိတ်နှလုံးကို ဉာဏ်ပညာဖြင့်ဦးဆောင်ရင်း မိုက်မဲသောအမှု၌ကျင်လည်၍ ငါ့ကိုယ်ခန္ဓာကိုစပျစ်ဝိုင်ဖြင့်အားတက်စေမည်ဟု ငါ့စိတ်နှလုံးထဲတွင် ငါကြံစည်၏။
2:4 ငါသည် ငါပြုသောအမှုများကို တိုးပွားစေ၏။ ငါ့အတွက် အိမ်များကို ငါတည်ဆောက်၍ စပျစ်ခြံများကို ငါစိုက်ပျိုး၏။
2:5 ဥယျာဉ်များနှင့် သစ်သီးခြံများကိုလည်း ငါလုပ်၍ ထိုနေရာများတွင် သီးစားပင်အမျိုးမျိုးကို ငါစိုက်ပျိုး၏။
2:6 သစ်ပင်များပေါက်နေသောတောထဲသို့ရေသွင်းရန် ရေလှောင်ကန်များကိုလည်း ငါတည်ဆောက်၏။
2:7 ငါသည် ကျွန်ယောက်ျားနှင့် ကျွန်မိန်းမတို့ကို ဝယ်ယူ၏။ ငါ့ထံ၌ ကျွန်သပေါက်များလည်းရှိ၏။ ငါ့အလျင် ဂျေရုဆလင်မြို့၌ရှိနှင့်သူအားလုံးတို့ထက် များစွာသောတိရစ္ဆာန်တို့လည်း ငါ၌ရှိ၏။
2:8 ရွှေနှင့်ငွေတို့ကိုလည်းကောင်း၊ ရှင်ဘုရင်များနှင့်တိုင်းပြည်တို့၏ဘဏ္ဍာကိုလည်းကောင်း ငါစုဆောင်း၏။ အမျိုးသားသီချင်းသည်နှင့် အမျိုးသမီးသီချင်းသည်တို့ကိုလည်းကောင်း၊ လူသားတို့ပျော်မွေ့ရာဖြစ်သောမောင်းမမိဿံများကိုလည်းကောင်း ငါခေါ်ယူ၏။
2:9 ဤသို့ဖြင့် ငါသည် ကြီးမြတ်လာ၍ ငါ့အလျင် ဂျေရုဆလင်မြို့၌ရှိနှင့်သူအားလုံးတို့ထက်သာလွန်၏။ ငါ၏ဉာဏ်ပညာသည်လည်း ငါ၌တည်မြဲတည်နေ၏။
2:10 ငါသည် ငါ့မျက်စိလိုချင်တပ်မက်သောအရာတစ်စုံတစ်ခုကိုမျှမငြင်း။ ငါ့စိတ်နှလုံးကိုလည်း အပျော်အပါးရှိသမျှကိုခံစားခွင့်ပေးထား၏။ အမှန်စင်စစ် ငါ၏စိတ်နှလုံးသည် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ ဝမ်းမြောက်၏။ ဤသည်ကား ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးအတွက် ငါရရှိသောဝေစုဖြစ်၏။
2:11 သို့သော် ငါ့လက်ဖြင့်ပြုခဲ့သောအမှုအားလုံးတို့ကိုလည်းကောင်း၊ ထိုအမှုတို့ကိုပြုလုပ်ရန် ငါကြိုးပမ်းအားထုတ်ခဲ့သည့် ငါ၏ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း ငါပြန်၍ဆန်းစစ်သောအခါ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ နေအောက်တွင် အကျိုးဖြစ်စေသောအရာတစ်စုံတစ်ခုမျှမရှိ။
2:12 ရှင်ဘုရင်နောက်မှပေါ်ထွန်းလာသောသူသည် မည်သည့်အရာကိုပြုနိုင်သနည်း။ ထိုရှင်ဘုရင်ပြုပြီးသောအရာကိုသာပြုနိုင်၏။ ထို့ကြောင့် ငါသည် ဉာဏ်ပညာကိုလည်းကောင်း၊ ရူးသွပ်ခြင်းနှင့် မိုက်မဲခြင်းတို့ကိုလည်းကောင်း ပြန်၍ဆန်းစစ်ကြည့်၏။
2:13 ထိုအခါ အလင်းသည် အမှောင်ထက် ပို၍အကျိုးရှိသကဲ့သို့ ဉာဏ်ပညာသည် မိုက်မဲခြင်းထက် ပို၍အကျိုးရှိသည်ကို ငါတွေ့မြင်၏။
2:14 ပညာရှိသောသူ၏မျက်စိသည် သူ၏ဦးခေါင်းထဲ၌ရှိ၏။ မိုက်မဲသောသူမူကား အမှောင်ထဲ၌လျှောက်လှမ်းတတ်၏။ သို့ရာတွင် တစ်ခုတည်းသောအဖြစ်သည် သူတို့အားလုံး၌ဖြစ်ပျက်သည်ကို ငါသိ၏။
2:15 ထိုအခါ ငါက “မိုက်မဲသောသူ၌ဖြစ်ပျက်သောအဖြစ်မျိုးသည် ငါ၌လည်းဖြစ်ပျက်လိမ့်မည်။ သို့ဖြစ်လျှင် ငါဉာဏ်ပညာရှိခြင်းသည် ငါ့အတွက် မည်သို့အကျိုးထူးသနည်း”ဟု ငါ့စိတ်ထဲ၌မြွက်ဆို၏။ တစ်ဖန် “ဤအရာသည်လည်း အချည်းနှီးဖြစ်၏”ဟု ငါ့စိတ်ထဲ၌ ပြောဆို၏။
2:16 အမှန်စင်စစ် မိုက်မဲသောသူကဲ့သို့ပင် ပညာရှိသောသူသည်လည်း အစဉ်အမြဲအောက်မေ့ခြင်းခံရမည်မဟုတ်။ နောင်လာမည့်နေ့ရက်များတွင် အားလုံးသည် မေ့လျော့ခြင်းခံရလိမ့်မည်။ ပညာရှိသောသူသည် မိုက်မဲသောသူနည်းတူ သေတတ်ပါသည်တကား။
2:17 ထို့ကြောင့် ငါသည် အသက်ရှင်ရခြင်းကိုမုန်း၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင်ပြုသောအမှုသည် ငါ့အတွက် ငြီးငွေ့ဖွယ်ကောင်း၏။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
2:18 နေအောက်တွင် ငါကြိုးပမ်းအားထုတ်သော ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးကိုလည်း ငါမုန်း၏။ အကြောင်းမူကား ငါ့နောက်လာမည့်သူအား ၎င်းတို့ကိုချန်ထားခဲ့ရမည်ဖြစ်၏။
2:19 ထိုသူသည် ပညာရှိသောသူဖြစ်မည်လော၊ သို့မဟုတ် မိုက်မဲသောသူဖြစ်မည်လော မည်သူသိနိုင်သနည်း။ သို့သော် နေအောက်တွင် ဉာဏ်ပညာရှိစွာငါကြိုးပမ်းအားထုတ်သည့် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးကို ထိုသူသည် စိုးမိုးရလိမ့်မည်။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
2:20 ထို့ကြောင့် နေအောက်တွင်ငါကြိုးပမ်းအားထုတ်သည့် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးအပေါ် ငါသည် မျှော်လင့်စရာကင်းမဲ့လာလေ၏။
2:21 အကြောင်းမူကား ဉာဏ်ပညာ၊ အသိပညာနှင့် ကျွမ်းကျင်မှုတို့ဖြင့် ကြိုးပမ်းအားထုတ်သောသူရှိသော်လည်း ထိုသူသည် မိမိ၏ဝေစုကို ကြိုးပမ်းအားထုတ်မှုမရှိသောသူအား ပေးအပ်ရမည်ဖြစ်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး အလွန်ငြီးငွေ့ဖွယ်ကောင်းသောအမှုဖြစ်၏။
2:22 လူသည် နေအောက်တွင်ကြိုးပမ်းအားထုတ်သည့် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံးအတွက်လည်းကောင်း၊ သူ၏စိတ်နှလုံးစွဲလမ်းသောအရာများအတွက်လည်းကောင်း မည်သည့်အရာကိုရရှိသနည်း။
2:23 သူ၏နေ့ရက်ရှိသမျှတို့သည် ဒုက္ခဝေဒနာနှင့်ပြည့်လျက် သူ၏အလုပ်သည်ပူဆွေးစရာဖြစ်၏။ သူ၏စိတ်နှလုံးသည် ညအခါ၌ပင် မနားရပေ။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
2:24 လူသည် စားလျက်၊ သောက်လျက်၊ မိမိ၏ကြိုးပမ်းအားထုတ်မှုအပေါ် စိတ်ကျေနပ်အားရလျက်နေခြင်းမှတစ်ပါး သူ့အတွက်အခြားကောင်းသောအရာမရှိ။ ထိုအရာသည်လည်း ဘုရားသခင်၏လက်တော်မှလာသည်ကို ငါတွေ့မြင်၏။
2:25 အကြောင်းမူကား ကိုယ်တော်နှင့်ကင်း၍ မည်သူသည် စားနိုင်မည်နည်း။ မည်သူသည် စိတ်ပျော်ရွှင်နိုင်မည်နည်း။
2:26 အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။