Isaiah 13
13:1 ဘေဘီလုံမြို့နှင့်ပတ်သက်၍ အာမုတ်၏သား ဟေရှာယမြင်ရသောဗျာဒိတ်တော်။
13:2 တောင်ကတုံးပေါ်၌ အချက်ပြအလံကိုလွှင့်ထူကြ။ သူတို့ထံ အသံကိုလွှင့်ကြ။ လက်ကိုဝှေ့ယမ်းကြ။ ထိုအခါ မင်းအရာရှိတံခါးတို့မှ သူတို့ဝင်လာမည်။
13:3 ငါ၏သန့်ရှင်းသူတို့ကို ငါမိန့်မှာထားပြီ။ ငါ့အမျက်တော်အတိုင်းလုပ်ဆောင်ရန် ငါဂုဏ်ယူဝင့်ကြွားရာစစ်သူရဲများကို ငါဆင့်ခေါ်ပြီ။
13:4 လူအုပ်ကြီးမှထွက်သောအသံကဲ့သို့ တောင်ပေါ်မှ ဆူဆူညံညံအသံ၊ တိုင်းနိုင်ငံတို့မှ လူမျိုးတို့ အတူတကွစုဝေး၍ အုတ်အုတ်ကျက်ကျက်ဖြစ်သောအသံပါတကား။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စစ်ပွဲအတွက် စစ်သည်အလုံးအရင်းကို ခင်းကျင်းတော်မူပြီ။
13:5 ထာဝရဘုရားနှင့် အမျက်တော်လက်နက်သည် မြေတစ်ပြင်လုံးကိုဖျက်ဆီးရန် ကောင်းကင်အစွန်း၊ ဝေးလံသောအရပ်မှ လာကြပြီ။
13:6 ညည်းတွားငိုကြွေးကြလော့။ ထာဝရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံမှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာမည်။
13:7 ထို့ကြောင့် လူတိုင်း လက်အားယုတ်လိမ့်မည်။ လူတိုင်း စိတ်ပျက်အားလျော့လိမ့်မည်။
13:8 ထိတ်လန့်လိမ့်မည်။ ပြင်းထန်သောဝေဒနာ၊ မချိတင်ကဲဝေဒနာသည် သူတို့ကို ဆုပ်ကိုင်ထားလိမ့်မည်။ သားဖွားသောမိန်းမကဲ့သို့ လူးလွန့်ရလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်လိမ့်မည်။ သူတို့မျက်နှာသည် မီးလျှံကဲ့သို့ဖြစ်လိမ့်မည်။
13:9 ကြည့်ရှုလော့။ ထာဝရဘုရား၏နေ့ရက်သည် ပြင်းထန်သောအမျက်ဒေါသဖြင့် ရက်စက်ကြမ်းတမ်းစွာလာနေပြီ။ ကမ္ဘာမြေကြီးကို လူသူကင်းမဲ့ရာဖြစ်စေမည်။ မြေပြင်ပေါ်မှအပြစ်သားတို့ကို သုတ်သင်ပယ်ရှင်းတော်မူမည်။
13:10 ကောင်းကင်ကြယ်၊ ကောင်းကင်ကြယ်စုတို့သည် အလင်းကိုမပေး။ နေထွက်ချိန်၌ မှောင်မည်းနေမည်။ လသည်လည်း အလင်းကိုမပေး။
13:11 ဆိုးညစ်သောကမ္ဘာကြီး၊ ဆိုးယုတ်သောဒုစရိုက်သမားတို့ကို ငါဒဏ်ခတ်မည်။ မာနထောင်လွှားသောသူတို့၏မာနကို ငါချုပ်ငြိမ်းစေမည်။ ကြမ်းကြုတ်သောသူတို့၏မာနကို ငါချိုးပစ်မည်။
13:12 လူကို ရွှေစင်ထက်၊ လူသားကို ဩဖိရရွှေထက် ငါရှားပါးစေမည်။
13:13 ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ပြင်းစွာအမျက်ဒေါသထွက်တော်မူသောနေ့ရက်၌ မိုးကောင်းကင်ကို ငါလှုပ်ခတ်စေမည်။ မြေကြီးသည်လည်း မိမိနေရာမှ ရွေ့သွားလိမ့်မည်။
13:14 လူအသီးသီးတို့သည် အမဲလိုက်ခံရသောဒရယ်ကဲ့သို့၊ စုစည်းပေးမည့်သူမရှိသောသိုးကဲ့သို့ ဖြစ်လိမ့်မည်။ မိမိလူမျိုးထံ ပြန်လှည့်၍ မိမိပြည်သို့ ပြန်ပြေးလာကြလိမ့်မည်။
13:15 တွေ့ရှိဖမ်းမိခြင်းခံရသောသူအပေါင်းတို့သည် ဓားဖြင့်သတ်ဖြတ်ခြင်းခံကြရလိမ့်မည်။
13:16 သူတို့ကလေးငယ်များသည် သူတို့မျက်စိရှေ့တွင် ကိုင်ပေါက်ခံရလိမ့်မည်။ သူတို့အိမ်သည် တိုက်ခိုက်လုယက်ခံရ၍ သူတို့မယားသည်လည်း အဓမ္မပြုကျင့်ခြင်းခံရလိမ့်မည်။
13:17 ကြည့်ရှုလော့။ ငွေကိုပဓာနမထား၊ ရွှေကိုမနှစ်သက်သော မေဒိလူမျိုးတို့ကို ငါလှုံ့ဆော်မည်။
13:18 သူတို့သည် လူငယ်တို့ကို လေးဖြင့်ဖြိုခွင်းကြလိမ့်မည်။ ရင်သွေးငယ် တို့ကို မသနား။ ကလေးငယ်တို့အပေါ် ညှာတာသောအကြည့်မရှိ။
13:19 တိုင်းနိုင်ငံတို့၏ဂုဏ်သရေ၊ ခါလဒဲလူမျိုးတို့ဂုဏ်ယူဝါကြွားရာဖြစ်သော ဘေဘီလုံမြို့သည် ဘုရားသခင်ဖြိုဖျက်ခဲ့သော သောဒုံမြို့နှင့်ဂေါမောရမြို့ကဲ့သို့ဖြစ်လိမ့်မည်။
13:20 ထိုမြို့၌ မျိုးဆက်အဆက်ဆက် ကာလအစဉ် မည်သူမျှမှီတင်းနေထိုင်မည်မဟုတ်။ ထိုမြို့၌ အာရပ်လူမျိုးတစ်ယောက်မျှ တဲဆောက်မည်မဟုတ်။ သိုးထိန်းတစ်ယောက်မျှ သိုးတို့ကိုထိန်းကျောင်းမည်မဟုတ်။
13:21 ကန္တာရသတ္တဝါတို့သည် ထိုမြို့၌ ကျက်စားကြလိမ့်မည်။ သူတို့၏အိမ်များသည် အူတတ်သောတိရစ္ဆာန်များနှင့်ပြည့်လိမ့်မည်။ ထိုမြို့၌ ငှက်ကုလားအုတ် များ နေကြ၍ တောဆိတ်များ ခုန်ပေါက်ကြလိမ့်မည်။
13:22 တောခွေးတို့သည် ထိုမြို့၏ခံတပ်တို့၌လည်းကောင်း၊ ခွေးအတို့သည် ဇိမ်ခံရာနန်းတော်တို့၌လည်းကောင်း အူကြလိမ့်မည်။ ထိုသို့ ထိုမြို့၏အချိန်သည် မကြာမီရောက်လာမည်။ ထိုမြို့တည်ရမည့်နေ့ရက် ကြာရှည်တော့မည်မဟုတ်။