Isaiah 19
19:1 အီဂျစ်ပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သောတိမ်တိုက်ကိုစီး၍ အီဂျစ်ပြည်သို့ ကြွလာတော်မူ၏။ အီဂျစ်ပြည်၏ရုပ်တုတို့သည် ကိုယ်တော်၏ရှေ့၌ လှုပ်ခါကြ၍ အီဂျစ်ပြည်သားတို့သည် စိတ်ပျက်အားလျော့ကြလိမ့်မည်။
19:2 “ငါသည် အီဂျစ်ပြည်သားတို့ကို အချင်းချင်းဆန့်ကျင်ရန် လှုံ့ဆော်၍ သူတို့သည် ညီအစ်ကိုအချင်းချင်း၊ အိမ်နီးချင်းအချင်းချင်း၊ မြို့အချင်းချင်း၊ နိုင်ငံအချင်းချင်း ဆန့်ကျင်ကြလိမ့်မည်။
19:3 အီဂျစ်ပြည်သားတို့သည် စိတ်ပျက်ကြလိမ့်မည်။ သူတို့၏အကြံအစည်ကိုလည်း ငါဖျက်ဆီးမည်။ ထိုအခါ သူတို့သည် ရုပ်တု၊ နတ်၊ နတ်ဝင်သည်၊ နတ်ထိန်းတို့ထံ မေးမြန်းကြလိမ့်မည်။
19:4 အီဂျစ်ပြည်သားတို့ကို ကြမ်းကြုတ်သောသခင်တို့၏လက်သို့ ငါအပ်မည်။ ခက်ထန်သောဘုရင်သည် သူတို့ကိုအုပ်စိုးလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
19:5 ပင်လယ်ရေတို့သည် ကုန်ခန်းသွားလိမ့်မည်။ မြစ်ရေသည် ခန်းခြောက်သွားလိမ့်မည်။
19:6 မြစ်များနံဟောင်၍ အီဂျစ်ပြည်၏မြစ်ချောင်းများသည် တိမ်ကောခန်းခြောက်သွားလိမ့်မည်။ ကျူပင်၊ ကိုင်းပင်တို့သည်လည်း ညှိုးနွမ်းကြလိမ့်မည်။
19:7 နိုင်းမြစ်ဝရှိ အပင်များနှင့် နိုင်းမြစ်ဘေးရှိ စိုက်ခင်းရှိသမျှသည်လည်း ဘာမျှမကျန်၊ ခြောက်သွေ့လွင့်ပျောက်သွားလိမ့်မည်။
19:8 တံငါသည်တို့သည် ညည်းတွားကြ၍ နိုင်းမြစ်၌ငါးမျှားသောသူအားလုံး ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ရေပြင်ပေါ်၌ ပိုက်ချသောသူတို့သည်လည်း အားလျော့ကြလိမ့်မည်။
19:9 ဗီသွာလျှော်ငင်သောသူများ၊ အဖြူရောင်ပိတ်ချောရက်လုပ်သောသူတို့သည် အရှက်ကွဲကြရလိမ့်မည်။
19:10 အီဂျစ်ပြည်၏ရက်ကန်းသည်တို့သည် စိတ်ဓာတ်ကျ၍ အလုပ်သမားအပေါင်းတို့သည် စိတ်ပျက်ကြလိမ့်မည်။
19:11 အကယ်စင်စစ် ဇောနမြို့၏အကြီးအကဲတို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ဖာရောမင်းကြီး၏ပညာရှိသော အတိုင်ပင်ခံအမတ်တို့သည် မိုက်မဲသောအကြံဉာဏ်ကိုပေးကြ၏။ ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ပညာရှိတို့၏အမျိုး၊ ရှေးဘုရင်တို့၏အမျိုး ဖြစ်ပါသည်”ဟု မည်သို့လျှောက်ဆိုနိုင်မည်နည်း။
19:12 သင်၏ပညာရှိတို့သည် အဘယ်မှာနည်း။ သူတို့သည် အီဂျစ်ပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကြံစည်တော်မူသောအရာကို သင့်အား ပြောပြကြပါစေ။ ဖော်ပြကြပါစေ။
19:13 ဇောနမြို့၏အကြီးအကဲတို့သည် မိုက်မဲကြပြီ။ မင်ဖစ်မြို့၏အကြီးအကဲတို့သည် လှည့်စားကြပြီ။ အီဂျစ်ပြည်၏ခေါင်းဆောင်တို့သည် ပြည်သူပြည်သားတို့ကို လမ်းလွဲစေကြပြီ။
19:14 ထာဝရဘုရားသည် အီဂျစ်ပြည်ထဲသို့ ရှုပ်ထွေးသောသဘောကို သွင်းတော်မူသဖြင့် ယစ်မူးသူသည် မိမိအန်ဖတ်ပေါ်မှာ ဒယီးဒယိုင်ဖြစ်နေသကဲ့သို့ သူတို့သည် အီဂျစ်ပြည်၏အမှုကိစ္စရှိသမျှတို့ကို လမ်းလွဲစေကြပြီ။
19:15 ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံကိုင်းဖြစ်စေ၊ ကျူပင်ဖြစ်စေ အီဂျစ်ပြည်အတွက် လုပ်ဆောင်ပေးနိုင်သောအရာတစ်ခုမျှမရှိ။
19:16 ထိုနေ့ရက်၌ အီဂျစ်ပြည်သားတို့သည် မိန်းမကဲ့သို့ဖြစ်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် လက်တော်ကို ဝှေ့တော်မူသောကြောင့် သူတို့သည် ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။
19:17 အီဂျစ်ပြည်ကိုဆန့်ကျင်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား အကြံအစည်တော်ကြောင့် အီဂျစ်ပြည်သည် ယုဒပြည်ကို ကြောက်လိမ့်မည်။ ယုဒပြည်ဟုပြောရုံမျှနှင့် လူတိုင်း ကြောက်ရွံ့ကြလိမ့်မည်။
19:18 ထိုနေ့ရက်တွင် အီဂျစ်ပြည်၌ ခါနာန်ဘာသာစကားပြောသောမြို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအား တိုင်တည်ကျိန်ဆိုသောမြို့ ငါးမြို့ရှိလိမ့်မည်။ တစ်မြို့ကို ပျက်စီးခြင်းမြို့ ဟု ခေါ်ဝေါ်ကြလိမ့်မည်။
19:19 ထိုနေ့ရက်တွင် အီဂျစ်ပြည်အလယ်၌ ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုရှိလိမ့်မည်။ ထိုပြည်၏နယ်စပ်၌ ထာဝရဘုရားအတွက် ကျောက်တိုင်တစ်တိုင်ရှိလိမ့်မည်။
19:20 ထိုကျောက်တိုင်သည် အီဂျစ်ပြည်တွင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အမှတ်လက္ခဏာသဖွယ်၊ သက်သေသဖွယ် ဖြစ်လိမ့်မည်။ သူတို့သည် ညှဉ်းဆဲခြင်းခံရသောကြောင့် ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ကြသောအခါ ကိုယ်တော်သည် ကယ်တင်ပေးသူ၊ ကာကွယ်ပေးသူကို သူတို့ထံစေလွှတ်တော်မူ၍ သူတို့ကို ကယ်တင်တော်မူလိမ့်မည်။
19:21 ထာဝရဘုရားသည် အီဂျစ်ပြည်သားတို့အား မိမိကိုသိစေတော်မူသဖြင့် ထိုနေ့ရက်၌ အီဂျစ်ပြည်သားတို့သည် ထာဝရဘုရားကိုသိလာကြပြီး ယဇ်နှင့်ပူဇော်သက္ကာတို့ဖြင့် ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရားအား ကတိသစ္စာပြု၍ ပြည့်စုံစေကြလိမ့်မည်။
19:22 ထာဝရဘုရားသည် အီဂျစ်ပြည်ကိုဒဏ်ခတ်တော်မူမည်။ ဒဏ်ခတ်ပြီးမှ ဒဏ်ရာကိုပျောက်ကင်းစေတော်မူမည်။ သူတို့သည် ထာဝရဘုရားထံ ပြန်လာကြမည်။ ကိုယ်တော်သည် သူတို့၏ဆုတောင်းသံကို နားညောင်း၍ သူတို့ဒဏ်ရာကို ပျောက်ကင်းစေတော်မူမည်။
19:23 ထိုနေ့ရက်၌ အီဂျစ်ပြည်မှ အဆီးရီးယားပြည်သို့ လမ်းမကြီးပေါက်လိမ့်မည်။ အဆီးရီးယားပြည်သားတို့သည် အီဂျစ်ပြည်သို့လည်းကောင်း၊ အီဂျစ်ပြည်သားတို့သည် အဆီးရီးယားပြည်သို့လည်းကောင်း သွားလာကြလိမ့်မည်။ အီဂျစ်ပြည်သားတို့သည် အဆီးရီးယားပြည်သားတို့နှင့်အတူ ဝတ်ပြုကြလိမ့်မည်။
19:24 ထိုနေ့ရက်၌ အစ္စရေးပြည်သည် အီဂျစ်ပြည်၊ အဆီးရီးယားပြည်တို့နှင့်အတူ တတိယမြောက်ပြည်အဖြစ်ပူးပေါင်း၍ ကမ္ဘာမြေကြီးအလယ်၌ ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
19:25 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါ၏လူဖြစ်သောအီဂျစ်လူမျိုး၊ ငါ့လက်ဖြင့်ပုံဖော်ဖန်ဆင်းထားသူဖြစ်သောအဆီးရီးယားလူမျိုး၊ ငါ့အမွေဥစ္စာဖြစ်သောအစ္စရေးလူမျိုးတို့၌ မင်္ဂလာရှိကြစေသတည်း”ဟု သူတို့ကို ကောင်းချီးပေးတော်မူမည်။