Isaiah 39
39:1 ထိုအခါ ဟေဇကိမင်းကြီး ဖျားနာရာမှ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း ဗာလဒန်၏သား ဘေဘီလုံဘုရင်မေရောဒဗာလဒန်မင်းကြီး ကြားသိသောအခါ ဟေဇကိမင်းကြီးထံသို့ စာလွှာနှင့်လက်ဆောင်တို့ကို ပေးပို့၏။
39:2 ဟေဇကိမင်းကြီးသည် သူတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆို၍ မိမိဘဏ္ဍာတိုက်ထဲမှ ရွှေငွေ၊ အမွှေးနံ့သာ၊ အဖိုးတန်ဆီမှစ၍ လက်နက်တိုက်အားလုံးနှင့် တွေ့သမျှအဖိုးတန်ရတနာတို့ကို သူတို့အား ပြလေ၏။ နန်းတွင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ထိုသူတို့အား ဟေဇကိမင်းကြီး မပြပေးသောအရာတစ်စုံတစ်ခုမျှမရှိ။
39:3 ထိုအခါ ပရောဖက်ဟေရှာယသည် ဟေဇကိမင်းကြီးထံသို့လာပြီး “ထိုသူတို့သည် မည်သည့်အကြောင်းကို ပြောဆိုကြသနည်း။ မည်သည့်အရပ်မှ လာကြသနည်း”ဟု မေးလျှင် ဟေဇကိမင်းကြီးက “သူတို့သည် ဝေးလံသောအရပ် ဘေဘီလုံမြို့မှ လာကြပါ၏”ဟု ဆိုလေ၏။
39:4 ဟေရှာယက “နန်းတော်တွင် မည်သည့်အရာကို မြင်ကြပြီနည်း”ဟု မေးလျှင် ဟေဇကိမင်းကြီးက “နန်းတော်၌ရှိသမျှတို့ကို သူတို့မြင်ကြပြီ။ ဥစ္စာဘဏ္ဍာများထဲမှ သူတို့အား ငါမပြသောအရာတစ်စုံတစ်ခုမျှမရှိ”ဟု ပြန်ဖြေ၏။
39:5 ထိုအခါ ဟေရှာယက ဟေဇကိမင်းကြီးအား “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်လော့။
39:6 ‘ကြည့်ရှုလော့။ သင်၏နန်းတော်ထဲရှိအရာအားလုံး၊ သင်၏ဘိုးဘေးတို့စုဆောင်းထား၍ ယနေ့တိုင်အောင်ရှိနေသည့်အရာအားလုံးတို့ကို ဘေဘီလုံမြို့သို့ ယူဆောင်သွားမည့်နေ့ ရောက်လာလိမ့်မည်။ တစ်စုံတစ်ခုမျှကြွင်းကျန်လိမ့်မည်မဟုတ်’ဟု ထာဝရဘုရားမိန့်တော်မူပြီ။
39:7 သင်မှဆင်းသက်၍ သင်ရသောသားသမီးအချို့တို့ကိုလည်း ဖမ်းဆီးသွားလိမ့်မည်။ သူတို့သည် ဘေဘီလုံဘုရင်၏နန်းတော်၌ မိန်းမစိုးများဖြစ်ရကြလိမ့်မည်”ဟု ဆင့်ဆိုလေ၏။
39:8 ဟေဇကိမင်းကြီးက “အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်းချမ်းလုံခြုံမည်ဆိုလျှင် ရပါပြီ”ဟု တွေး၍ ဟေရှာယအား “သင်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော်သည် ကောင်းပါ၏”ဟု မိန့်ဆိုလေ၏။