Isaiah 45
45:1 ရှင်ဘုရင်တို့၏ခါးပန်းကိုဖြေချပြီး တိုင်းနိုင်ငံတို့ကို သူ့အဖို့နှိမ်နင်းပေးဖို့၊ မြို့တံခါးကို ပိတ်မထားဘဲ သူ့အဖို့အစဉ်ပွင့်နေစေဖို့ ငါကိုယ်တိုင် သူ၏ညာလက်ကိုဆွဲကိုင်ထားသောသူ ငါ၏ဘိသိက်ခံကုရုမင်းကြီးအား ငါထာဝရဘုရားက
45:2 “သင့်ရှေ့မှ ငါသွား၍ ကုန်းမြင့်တို့ကို ညီညာစေမည်။ ကြေးဝါတံခါးတို့ကိုချိုးဖျက်၍ သံကန့်လန့်ကျင်တို့ကို ငါဖြတ်ပစ်မည်။
45:3 ငါသည် သင့်ကို အမည်ဖြင့်ခေါ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရှိစေရန် အမှောင်ထဲမှဥစ္စာဘဏ္ဍာ၊ လျှို့ဝှက်သောအရပ်မှဝှက်ထားသောဘဏ္ဍာတို့ကို သင့်အားငါပေးမည်။
45:4 ငါ့အစေအပါးယာကုပ်၊ ငါရွေးချယ်သောအစ္စရေးအတွက် သင့်ကို အမည်ဖြင့် ငါခေါ်၏။ သင်သည် ငါ့ကို မသိသော်လည်း ငါသည် သင့်ကိုဘွဲ့နာမပေး၏။
45:5 ငါသာလျှင် ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ သင်သည် ငါ့ကို မသိသော်လည်း ငါသည် သင့်ကိုခွန်အားနှင့်ပတ်စည်းမည်။
45:6 ငါသာလျှင် ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါးအခြားသောဘုရားမရှိကြောင်းကို အရှေ့အရပ်မှ အနောက်အရပ်တိုင်အောင် လူတို့သိမြင်ကြလိမ့်မည်။
45:7 ငါသည် အလင်းကိုပုံဖော်ဖန်ဆင်း၏၊ အမှောင်ကိုလည်းဖန်ဆင်း၏။ ငြိမ်းချမ်းမှုကိုဖြစ်စေ၏၊ ဘေးအန္တရာယ်ကိုလည်း ဖြစ်ပေါ်စေ၏။ ဤအရာအားလုံးတို့ကို ငါထာဝရဘုရား စီရင်၏။
45:8 အို မိုးကောင်းကင်၊ အထက်မှ တဖွဲဖွဲရွာချလော့။ မိုးတိမ်တို့သည် ဖြောင့်မတ်ခြင်းကို ရွာသွန်းပါစေ။ မြေကြီးသည် ပွင့်ဟ၍ ကယ်တင်ခြင်း သီးပွင့်ပါစေ။ ဖြောင့်မတ်ခြင်းလည်း ပေါက်ပါစေ။ ဤအမှုကို ငါထာဝရဘုရားဖန်ဆင်း၏။
45:9 မိမိကို ပုံဖော်ဖန်ဆင်းသောအရှင်အား ရန်တွေ့သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မြေအိုးကွဲများထဲမှ အိုးကွဲတစ်ခုသာဖြစ်၏။ အိုးမြေက မိမိကိုပုံသွင်းသောသူအား ‘မည်သည့်အရာကို သင်ပြုလုပ်နေသနည်း။ သင်ပြုလုပ်ထားသောအရာ၌ လက်မရှိပါလား’ဟု ဆိုရမည်လော။
45:10 ဖခင်အား ‘သင်သည် မည်သည့်အရာကို မွေးဖွားစေသနည်း’ဟူ၍လည်းကောင်း၊ မိခင်အား ‘သင်သည် မည်သည့်အရာကို မွေးဖွားသနည်း’ဟူ၍လည်းကောင်း ဆိုသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
45:11 အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ ထိုလူမျိုးကိုပုံဖော်ဖန်ဆင်းသော ထာဝရဘုရားက “ဖြစ်လာမည့်အရာတို့နှင့်ပတ်သက်၍ ငါ့ကို မေးခွန်းထုတ်ကြသလော။ ငါ့သားသမီးတို့နှင့်ပတ်သက်၍၊ ငါ့လက်ပြုသောအမှုနှင့်ပတ်သက်၍ ငါ့ကို အမိန့်ပေးကြသလော။
45:12 ငါကိုယ်တော်တိုင် မြေကြီးကိုတည်၍ မြေကြီးပေါ်၌ လူကိုဖန်ဆင်းပြီ။ ငါသည် မိုးကောင်းကင်ကို ငါ့လက်နှင့်ဖြန့်ကြက်၍ မိုးကောင်းကင်တန်ဆာရှိသမျှတို့ကို အမိန့်ပေးပြီ။
45:13 ငါကိုယ်တော်တိုင် ကုရုမင်းကြီးကို ဖြောင့်မတ်ခြင်းအတွက် နိုးထစေပြီ။ သူသွားရာလမ်းရှိသမျှကို ဖြောင့်ဖြူးစေမည်။ သူသည် ငါ၏မြို့ကို ပြန်လည်တည်ဆောက်လိမ့်မည်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောငါ့လူတို့ကို အဖိုးအခ၊ တံစိုးလက်ဆောင်မယူဘဲ လွှတ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
45:14 ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
45:15 အို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကယ်တင်ရှင်၊ အကယ်စင်စစ် ကိုယ်တော်သည် လျှို့ဝှက်နက်နဲသောဘုရား ဖြစ်တော်မူ၏။
45:16 ရုပ်တုထုလုပ်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ အသရေပျက်ရလိမ့်မည်။ အသရေပျက်လျက် အတူတကွထွက်သွားရလိမ့်မည်။
45:17 အစ္စရေးလူမျိုးသည် ထာဝရဘုရားအားဖြင့် ထာဝရတည်သောကယ်တင်ခြင်းကိုရရှိမည်။ သင်တို့သည် ကာလအစဉ်အဆက် အရှက်ကွဲရမည်မဟုတ်။ အသရေပျက်ရမည်မဟုတ်။
45:18 မိုးကောင်းကင်ကိုဖန်ဆင်းတော်မူသော ဘုရားသခင်၊ မြေကြီးကိုပုံဖော်ဖန်ဆင်းသော၊ ဖြစ်တည်စေသော၊ အချည်းနှီးသက်သက်မဖန်ဆင်းဘဲ သက်ရှိတို့နေထိုင်ရာအဖြစ် ပုံဖော်ဖန်ဆင်းတော်မူသောအရှင် ထာဝရဘုရားက “ငါသည် ထာဝရဘုရားဖြစ်၏။ အခြားဘုရားမရှိ” ဟု မိန့်တော်မူ၏။
45:19 ငါသည် မြေကြီး၏မှောင်မိုက်သောအရပ်၌ လျှို့ဝှက်စွာမမြွက်ဆို။ ယာကုပ်၏သားစဉ်မြေးဆက်အား “ငါ့ကို အချည်းနှီးရှာကြလော့”ဟု ငါမပြော။ ငါသည် ဖြောင့်မတ်သောစကားကို မြွက်ဆို၍ ဟုတ်မှန်သောအရာတို့ကို ဖော်ပြသော ထာဝရဘုရားဖြစ်၏။
45:20 လူမျိုးအပေါင်းတို့လက်မှ ထွက်ပြေးလွတ်မြောက်လာသောသူတို့၊ စုရုံး၍ လာကြလော့။ အတူတကွ ချဉ်းကပ်ကြလော့။ သစ်သားရုပ်တုဆင်းတုကို ဆောင်ထားသောသူ၊ မကယ်တင်နိုင်သောဘုရားထံ ဆုတောင်းသောသူတို့သည် အသိဉာဏ်မရှိ။
45:21 ပြောပြကြလော့။ တင်ပြကြလော့။ သူတို့ အတူတကွတိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလမှစ၍ မည်သူကြားသိစေခဲ့သနည်း။ ထိုအချိန်မှစ၍ မည်သူပြောကြားခဲ့သနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှတစ်ပါး အခြားမရှိ။
45:22 မြေကြီးစွန်းရှိသမျှတို့၊ ငါ့ထံသို့ပြန်လှည့်လာ၍ ကယ်တင်ခြင်းကိုခံယူကြလော့။ အကြောင်းမူကား ငါသည် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။
45:23 အကယ်စင်စစ် “ငါ့ရှေ့မှောက်၌ လူတိုင်းဒူးထောက်ကြရလိမ့်မည်။ လူတိုင်း၏နှုတ်သည် သစ္စာဆိုကြရလိမ့်မည်” ဟု ငါကိုယ်တိုင် ကျိန်ဆိုပြီ။ ဤဖြောင့်မှန်သောစကားသည် ငါ့နှုတ်မှထွက်လာသည်ဖြစ်၍ ပြန်လှည့်လာမည်မဟုတ်။
45:24 “ထာဝရဘုရား၌သာ ဖြောင့်မတ်ခြင်းရှိ၏။ အစွမ်းသတ္တိရှိ၏”ဟု ငါ့အား ပြောဆိုကြလိမ့်မည်။ သူတို့သည် ကိုယ်တော်ထံသို့လာကြလိမ့်မည်။ ကိုယ်တော့်ကိုအမျက်ထွက်သောသူအပေါင်းတို့မူကား အရှက်ကွဲရလိမ့်မည်။
45:25 အစ္စရေးလူမျိုး၏သားစဉ်မြေးဆက်အပေါင်းတို့သည် ထာဝရဘုရားအားဖြင့် ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရမည်။ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။