Jeremiah 13
13:1 ထာဝရဘုရားက “ချည်ချောခါးပတ်တစ်ခုကို သွားဝယ်ပြီးလျှင် သင့်ခါး၌စည်းလော့။ ရေမစိမ်နှင့်”ဟု ငါ့အားမိန့်တော်မူ၏။
13:2 ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ငါသည် ခါးပတ်ကိုဝယ်၍ ခါး၌စည်းလေ၏။
13:3 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ ဒုတိယအကြိမ် ရောက်လာ၍
13:4 “သင်ဝယ်၍ ခါး၌စည်းထားသောခါးပတ်ကိုယူပြီး ယူဖရေးတီးမြစ်ရှိရာသို့ ထသွားလော့။ ထိုနေရာရှိ ကျောက်တုံးကြားတွင် ဝှက်ထားလော့”ဟု မိန့်တော်မူ၏။
13:5 ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ငါသည် ယူဖရေးတီးမြစ်ရှိရာသို့သွား၍ ထိုခါးပတ်ကို ဝှက်ထားလေ၏။
13:6 နေ့ရက်များစွာလွန်ပြီးမှ ထာဝရဘုရားက “ယူဖရေးတီးမြစ်ရှိရာသို့ သင်ထသွားလော့။ ငါမိန့်မှာထား၍ ထိုနေရာတွင်သင်ဝှက်ထားသော ခါးပတ်ကို ယူခဲ့လော့”ဟု ငါ့အား မိန့်တော်မူ၏။
13:7 ငါသည်လည်း ယူဖရေးတီးမြစ်ရှိရာသို့သွား၍ ခါးပတ်ကို ဝှက်ထားခဲ့သောနေရာမှ တူးယူလေ၏။ ထိုအခါ ခါးပတ်သည် ဆွေး၍သုံးမရတော့ချေ။
13:8 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာပြန်၏။
13:9 ထာဝရဘုရားက “ယုဒပြည်၏မာန၊ ဂျေရုဆလင်မြို့၏မာနကြီးခြင်းကို ထိုခါးပတ်ကဲ့သို့ ငါဖျက်ဆီးမည်။
13:10 ငါ့စကားကို နားမထောင်၊ ဆိုးညစ်မာကျောသောစိတ်သဘောနောက်သို့လိုက်၍ အခြားသောဘုရားများကို ဝတ်ပြုကိုးကွယ်သော ဤလူမျိုးတို့သည် သုံးမရသောခါးပတ်ကဲ့သို့ ဖြစ်ကြမည်”ဟု မိန့်တော်မူ၏။
13:11 တစ်ဖန် ထာဝရဘုရားက “လူသည် ခါး၌ခါးပတ်ကို စည်းထားသကဲ့သို့ အစ္စရေးအမျိုးအနွယ်နှင့် ယုဒအမျိုးအနွယ်အပေါင်းတို့ကို ငါ့လူမျိုးတော်၊ ငါ့နာမတော်၊ ငါ့ဘုန်းတော်၊ ငါ့ဂုဏ်တော်အဖြစ် ငါ့ခါး၌စည်းထားသော်လည်း သူတို့သည် ငါ့စကားကို နားမထောင်ကြ”ဟု မိန့်တော်မူ၏။
13:12 သင်သည်လည်း သူတို့အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘အိုးရှိသမျှသည် စပျစ်ဝိုင်နှင့်ပြည့်ရမည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောလော့။ ထိုအခါ သူတို့က “အိုးရှိသမျှသည် စပျစ်ဝိုင်နှင့်ပြည့်ရမည်ကို ငါတို့မသိသလော”ဟု ပြန်ပြောကြလိမ့်မည်။
13:13 ထိုအခါ သင်က သူတို့အား “ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဤပြည်၌နေထိုင်သောသူအားလုံးအပါအဝင် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင်စိုးစံသောရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဂျေရုဆလင်မြို့သားအားလုံးတို့ကို ယစ်မူးသောသူဖြစ်စေမည်။
13:14 သူတို့အချင်းချင်းကိုသာမက သားအဖချင်းကိုပင် ကွဲပြားစေမည်။ မသနား၊ မညှာတာ၊ မစာနာဘဲ သူတို့ကိုဖျက်ဆီးမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
13:15 ထာဝရဘုရားအမိန့်တော်ရှိ၏။ နားထောင်ကြ။ အာရုံစိုက်ကြလော့။ မထောင်လွှားကြနှင့်။
13:16 ကိုယ်တော်သည် မှောင်မိုက်ကိုဖြစ်စေသဖြင့် သင်တို့သည် မှောင်မည်းသောတောင်ပေါ်တွင် ခလုတ်မတိုက်မိမီ၊ သင်တို့သည် အလင်းကိုစောင့်မျှော်လျက်နေစဉ် ကိုယ်တော်သည် ထိုအလင်းကို မှုန်မှိုင်းစေ၍ အမှောင်ထုမဖြစ်စေမီ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ဘုန်းတော်ကို ချီးမွမ်းကြလော့။
13:17 သင်တို့နားမထောင်လျှင် သင်တို့၏မာန်မာနကြောင့် ငါ့စိတ်ဝိညာဉ်သည် ကွယ်ရာ၌ ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောကြောင့် ငါသည် ဝမ်းနည်းပက်လက်ငိုကြွေးမည်၊ မျက်ရည်ဖြိုင်ဖြိုင်စီးကျမည်။
13:18 ရှင်ဘုရင်နှင့်မယ်တော်အား “သင်တို့၏ဘုန်းသရဖူသည် သင်တို့၏ခေါင်းမှ ပြုတ်ကျပြီဖြစ်၍ နိမ့်ကျသောနေရာ၌ ထိုင်လော့”ဟု ပြောလော့။
13:19 တောင်ဘက်အရပ်ရှိမြို့များ ပိတ်ထားခြင်းခံရပြီ။ ဖွင့်မည့်သူတစ်ယောက်မျှမရှိ။ ယုဒပြည်သားအပေါင်းတို့သည် တစ်ယောက်မကျန်ဖမ်းခေါ်သွားခြင်းခံရလေပြီ။
13:20 မြောက်ဘက်အရပ်မှလာသောသူတို့ကို မျှော်ကြည့်လော့။ သင့်အား ပေးအပ်ထားသောသိုးစု၊ သင်ဂုဏ်ယူရာသိုးကား အဘယ်မှာနည်း။
13:21 သင်ကိုယ်တိုင်သင်ကြားပေးသောသူ၊ သင်၏မိတ်ဆွေဖြစ်သောသူကို သင်၏ခေါင်းဆောင်အဖြစ်ခန့်ထားတော်မူလျှင် သင်မည်သို့ဆိုမည်နည်း။ သားဖွားသောမိန်းမကဲ့သို့ သင်နာကျင်ခံစားရမည်မဟုတ်လော။
13:22 သင်သည် မိမိစိတ်ထဲ၌ “အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း”ဟု တွေးလျှင် သင်၏ဒုစရိုက်များကြောင့် သင်အဝတ်အချွတ်ခံရ၏၊ သင်အကြမ်းဖက်ခံရ၏။
13:23 အီသီယိုးပီးယားလူသည် မိမိအသားအရေကိုလည်းကောင်း၊ ကျားသစ်သည် အကွက်အကျားဖြစ်နေသည်ကိုလည်းကောင်း ပြောင်းလဲပစ်နိုင်သလော။ ပြောင်းလဲနိုင်မည်ဆိုလျှင် ဆိုးညစ်သောအမှုကိုပြုမြဲပြုတတ်သောသင်တို့သည် ကောင်းသောအမှုကိုပြုလာနိုင်လိမ့်မည်။
13:24 သို့ဖြစ်၍ ကန္တာရလေတိုက်သွားသောဖွဲကဲ့သို့ သူတို့ကို ငါကွဲလွင့်စေမည်။
13:25 ထာဝရဘုရားက “သင်သည် ငါ့ကိုမေ့လျော့၍ အချည်းနှီးသောအရာကို ယုံကြည်ကိုးစားသောကြောင့် ဤသည်ကား သင့်ကို ငါခွဲဝေပေးသော ဝေစုဖြစ်၏။
13:26 ငါကိုယ်တော်တိုင် သင့်အဝတ်ကို မျက်နှာဖုံးသည်အထိလှန်ပစ်မည်။ သင့်အရှက် ထင်ရှားလိမ့်မည်။
13:27 သင်ဖောက်ပြန်ခြင်း၊ ဟီသံပေးခြင်း၊ ညစ်ညမ်းသောပြည့်တန်ဆာအလုပ်လုပ်ခြင်း စသည့် ရွံရှာဖွယ်ရာတို့ကို ကွင်းပြင်၊ တောင်ကုန်းပေါ်၌ပြုနေသည်ကို ငါမြင်၏။ အို ဂျေရုဆလင်၊ သင်၌အမင်္ဂလာရှိ၏။ မည်မျှကြာအောင် ညစ်ညူးနေမည်နည်း”ဟု မိန့်တော်မူ၏။