Jeremiah 15
15:1 တစ်ဖန် ထာဝရဘုရားက ငါ့အား “မောရှေနှင့်ရှမွေလသည် ငါ့ရှေ့၌လာရပ်လျှင်ပင် ဤလူမျိုးထံ ငါ့စိတ်ပြန်လည်လာမည်မဟုတ်။ သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်လော့။ ငါ့ရှေ့မှ ထွက်သွားစေလော့။
15:2 သူတို့က ‘အကျွန်ုပ်တို့သည် မည်သည့်အရပ်သို့ သွားရမည်နည်း’ဟု သင့်အားမေးလျှင် သင်က သူတို့အား ထာဝရဘုရားက ‘သေသင့်သောသူတို့သည် သေဘေးရှိရာသို့၊ ဓားဘေးသင့်မည့်သူတို့သည် ဓားဘေးရှိရာသို့၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်မည့်သူတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးရှိရာသို့၊ ဖမ်းခေါ်သွားခြင်းခံရမည့်သူတို့သည် ဖမ်းခေါ်သွားရာသို့ သွားရမည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်” ဟု မိန့်တော်မူ၏။
15:3 တစ်ဖန် ထာဝရဘုရားက “သတ်ဖြတ်မည့်ဓား၊ ကိုက်ဆွဲသွားမည့်ခွေး၊ ဝါးမျိုဖျက်ဆီးမည့် ကောင်းကင်ငှက်နှင့်မြေတိရစ္ဆာန် စသည့်ဘေးလေးမျိုးကို သူတို့ထံ ငါစေလွှတ်မည်။
15:4 ဂျေရုဆလင်မြို့၌ ဟေဇကိ၏သား၊ ယုဒဘုရင်မနာရှေပြုခဲ့သောအမှုကြောင့် ငါသည် သူတို့အား မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ထိတ်လန့်စရာဖြစ်စေမည်။
15:5 အို ဂျေရုဆလင်မြို့၊ သင့်ကိုမည်သူသနားမည်နည်း။ မည်သူစာနာထောက်ထားမည်နည်း။ မည်သူသည် သင့်အား သာကြောင်းမာကြောင်း လှည့်၍နှုတ်ခွန်းဆက်မည်နည်း”ဟု မိန့်တော်မူ၏။
15:6 တစ်ဖန် ထာဝရဘုရားက “သင်သည် ငါ့ကို ပစ်ပယ်လေပြီ။ ငါ့ကို ကျောခိုင်းသွားလေပြီ။ ထို့ကြောင့် ငါသည် လက်ကိုဆန့်၍ သင့်ကို ဖျက်ဆီးမည်။ သင့်ကို သက်ညှာရသည်မှာ ငါပင်ပန်းလှပြီ။
15:7 ငါသည် သူတို့ကို ဤပြည်ရှိမြို့တံခါးများ၌ ဆန်ကောဖြင့်လှေ့မည်။ သူတို့၏သားသမီးများကို ဆုံးပါးစေမည်။ ငါ့လူမျိုးသည် လမ်းလွဲရာမှ ပြန်မလာသောကြောင့် သူတို့ကို ငါဖျက်ဆီးမည်။
15:8 မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးထက်မက များပြားလိမ့်မည်။ မွန်းတည့်ချိန်၌ပင် သားလူပျိုရှိသောအမိတို့ထံ အဖျက်သမားကို ငါစေလွှတ်မည်။ သူတို့အပေါ် ထိတ်လန့်ခြင်း၊ နာကျင်ခြင်းကို ရုတ်တရက် ကျရောက်စေမည်”ဟု မိန့်တော်မူ၏။
15:9 “သားခုနစ်ယောက်မိခင်သည် အားလျော့၍ အသက်ငင်လေပြီ။ နေ့အချိန်၌ပင် သူ့ဘဝနေဝင်ချိန်ရောက်လေပြီ။ သူသည် အရှက်ကွဲသောသူ၊ မျက်နှာပျက်သောသူ ဖြစ်ရလေပြီ။ သူတို့ထဲမှကြွင်းကျန်သောသူတို့ကိုလည်း သူတို့ရန်သူတို့၏ဓားဖြင့် ဆုံးစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
15:10 အို ငါ့မွေးသမိခင်၊ ငါ၌အမင်္ဂလာရှိ၏။ ငါသည် မြေတစ်ပြင်လုံးနှင့်ခိုက်ရန်ဖြစ်ပွားသောသူ၊ အငြင်းပွားသောသူ ဖြစ်ရပါပြီတကား။ ငါသည် သူတို့ကို မချေးငှားပေးဖူးပါ။ သူတို့ထံမှ မချေးယူဖူးပါ။ သို့ရာတွင် သူတို့အားလုံးက ငါ့ကိုကျိန်ဆဲကြပါ၏။
15:11 ထာဝရဘုရားက “အကယ်စင်စစ် သင်၏ကောင်းကျိုးချမ်းသာအတွက် သင့်ကို ငါကယ်တင်မည်။ ဘေးရောက်ချိန်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ ရန်သူတို့က သင့်ကို တောင်းပန်လာစေရမည်။
15:12 သံ၊ အထူးသဖြင့် မြောက်အရပ်မှသံ၊ သို့မဟုတ် ကြေးနီကို ချိုးနိုင်သောသူရှိသလော။
15:13 သင့်ပြည်တစ်လျှောက်လုံးတွင် သင်ပြုသောအပြစ်ကြောင့် သင်၏ဥစ္စာပစ္စည်း၊ သင်၏ဘဏ္ဍာတို့ကို လုယူဖျက်ဆီးရာအဖြစ် အဖိုးအခမဲ့ ငါပေးလိုက်မည်။
15:14 တောက်လောင်သောငါ့အမျက်မီးသည် သင်တို့ကိုလောင်ကျွမ်းမည်ဖြစ်၍ သင်မသိသောပြည်သို့ ရန်သူတို့နှင့်အတူ သင်လိုက်ပါသွားရမည်”ဟု မိန့်တော်မူ၏။
15:15 အို ထာဝရဘုရား၊ ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ အကျွန်ုပ်ကိုအကြည့်အရှုကြွလာတော်မူပါ။ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသူတို့အား လက်တုံ့ပြန်ပေးတော်မူပါ။ ကိုယ်တော်သည် စိတ်ရှည်သည်းခံတော်မူသည်ဖြစ်၍ အကျွန်ုပ်ကို အဝေးသို့မနှင်လိုက်ပါနှင့်။ ကိုယ်တော်ကြောင့် အကျွန်ုပ်ကဲ့ရဲ့ပြစ်တင်ခြင်းခံရကြောင်းကို သိမှတ်တော်မူပါ။
15:16 ကိုယ်တော်၏နှုတ်ကပတ်တော်ကို တွေ့ရှိပါပြီ၊ မှီဝဲပါပြီ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေပါ၏။ အို ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူဖြစ်ပါ၏။
15:17 အပျော်အပါးလိုက်စားသောသူတို့၏အစည်းအဝေး၌ အကျွန်ုပ်မထိုင်ပါ။ ပျော်ပါး၍လည်း မနေပါ။ အကျွန်ုပ်အပေါ်၌ ကိုယ်တော်၏လက်တော်သက်ရောက်သောကြောင့် အကျွန်ုပ်တစ်ယောက်တည်းနေပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ဒေါသနှင့်ပြည့်စေတော်မူပါ၏။
15:18 အကျွန်ုပ်၏ဝေဒနာသည် အဘယ်ကြောင့် အတောမသတ်နိုင်ပါသနည်း။ အကျွန်ုပ်၏ဒဏ်ရာသည် အဘယ်ကြောင့် ကုသ၍ မပျောက်ကင်းနိုင်ပါသနည်း။ ကိုယ်တော်သည် အကျွန်ုပ်အားထား၍မရသော၊ အကျွန်ုပ်ကိုလှည့်စားသောစမ်းရေကဲ့သို့ ဖြစ်တော်မူ၍လော။
15:19 ထို့ကြောင့် ထာဝရဘုရားက “သင်ပြန်လာလျှင် သင့်ကို ငါလက်ခံမည်။ ငါ့ရှေ့၌ သင်ရပ်ရလိမ့်မည်။ အကျိုးမဲ့သောစကားထက် အကျိုးရှိသောစကားကိုပြောလျှင် သင်သည် ငါ၏နှုတ်ကဲ့သို့ ဖြစ်လိမ့်မည်။ သင်သည် သူတို့ရှိရာသို့ ပြန်မသွားရ။ သူတို့သည် သင်ရှိရာသို့ ပြန်လာကြလိမ့်မည်။
15:20 ငါသည် ဤလူတို့ရှေ့၌ သင့်ကို ခိုင်ခံ့သောကြေးနီမြို့ရိုးဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်ခိုက်သော်လည်း နိုင်မည်မဟုတ်။ အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုရွေးနုတ်ကယ်တင်မည်”ဟု မိန့်တော်မူ၏။
15:21 ထာဝရဘုရားက “ဆိုးညစ်သောသူတို့လက်ထဲမှ သင့်ကိုကယ်နုတ်မည်။ ကြမ်းကြုတ်သောသူ၏လက်ထဲမှ သင့်ကိုရွေးနုတ်မည်”ဟု မိန့်တော်မူ၏။