Jeremiah 22
22:1 ထာဝရဘုရားက “ယုဒဘုရင်၏နန်းတော်သို့ဆင်းသွားလော့။ ထိုအရပ်၌ ဤစကားကို သင်ပြောကြားရမည်။
22:2 ‘ဤမြို့တံခါးကိုဖြတ်သန်းသွားလာသော ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင်စိုးစံသည့် ယုဒဘုရင်မှစ၍ အစေအပါးများ၊ ပြည်သူပြည်သားများတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
22:3 ထာဝရဘုရားက တရားမျှတစွာ၊ ဖြောင့်မတ်စွာပြုကြလော့။ နှိပ်စက်ခံရသူကို နှိပ်စက်သူ၏လက်မှကယ်နုတ်လော့။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ကို နိုင်ထက်စီးနင်းမပြုနှင့်။ အကြမ်းမဖက်နှင့်။ ဤအရပ်၌ အပြစ်မဲ့သောသူကို မသတ်နှင့်။
22:4 ဤစကားအတိုင်း သင်တို့အမှန်တကယ်လိုက်နာလျှင် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် စိုးစံသောရှင်ဘုရင်တို့သည် ရထားစီးလျက်၊ မြင်းစီးလျက် သူတို့၏အမှုထမ်းများ၊ ပြည်သူပြည်သားများပါလျက် ဤနန်းတော်တံခါးကို ဖြတ်သန်းသွားလာရလိမ့်မည်။
22:5 ဤစကားအတိုင်း သင်တို့မလိုက်နာလျှင် ဤနန်းတော်ကို ပြိုပျက်ရာအရပ်ဖြစ်စေမည်ဟု ငါထာဝရဘုရားသည် ကိုယ့်ကိုယ်ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟုမိန့်တော်မူပြီ’ဟူ၍ ပြောကြားလော့”ဟု မိန့်ဆို၏။
22:6 ယုဒဘုရင်၏နန်းတော်နှင့်ပတ်သက်၍ ထာဝရဘုရားက “သင်သည် ဂိလဒ်ပြည်ကဲ့သို့၊ လက်ဘနွန်တောင်ထိပ်ကဲ့သို့ ဖြစ်သော်လည်း ငါသည် သင့်ကို တောကန္တာရကဲ့သို့၊ လူမနေသောမြို့ကဲ့သို့ ဖြစ်စေမည်။
22:7 လက်နက်ကိုယ်စီပါသော အဖျက်သမားများကို သင့်ထံသို့ ငါစေလွှတ်မည်။ သူတို့သည် သင်တို့၏အကောင်းဆုံးသစ်ကတိုးပင်များကို ခုတ်လှဲ၍ မီးထဲသို့ ပစ်ချကြလိမ့်မည်။
22:8 ဤမြို့နားဖြတ်သွားသောလူအများတို့က ‘ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း’ဟု တစ်ယောက်ကိုတစ်ယောက် မေးမြန်းကြလိမ့်မည်။
22:9 ‘သူတို့၏ဘုရားသခင်ထာဝရဘုရားနှင့် ဖွဲ့ခဲ့သောပဋိညာဉ်ကို စွန့်ပယ်၍ အခြားဘုရားများကို ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့်ဖြစ်သည်’ဟူ၍ ပြန်ပြောကြလိမ့်မည်”ဟု မိန့်တော်မူ၏။
22:10 သေသောသူအတွက် မငိုကြွေးနှင့်၊ ဝမ်းမနည်းနှင့်။ သို့သော် အဝေးသို့ထွက်သွားသောသူအတွက် ဝမ်းနည်းပက်လက်ငိုကြွေးလော့။ သူသည် နောက်တစ်ဖန် ပြန်လာရတော့မည်မဟုတ်။ သူ၏မွေးရပ်မြေကို ပြန်မြင်ရတော့မည်မဟုတ်။
22:11 ခမည်းတော်ယောရှိမင်းကြီး၏အရိုက်အရာကို ဆက်ခံသော ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ရှလ္လုံမင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “သူသည် ဤပြည်မှထွက်သွား၍ နောက်တစ်ဖန် ပြန်လာရတော့မည်မဟုတ်။
22:12 ရန်သူဖမ်းခေါ်သွားရာအရပ်၌ပင် သေရမည်။ ဤပြည်ကို မြင်ရတော့မည်မဟုတ်။
22:13 မသမာသောနည်းဖြင့် မိမိနန်းတော်ကို တည်ဆောက်သောသူ၊ မတရားသောနည်းဖြင့် ဘုံဗိမာန်များကို တည်ဆောက်သောသူ၊ အမျိုးသားချင်းတို့ကို ခိုင်းစေပြီး လုပ်အားခမပေးသောသူ၊
22:14 ‘ငါ့အတွက် ကြီးမားသောနန်းတော်၊ ကျယ်ဝန်းသောဘုံဗိမာန်များကို တည်ဆောက်မည်။ ပြတင်းပေါက်များကိုဖောက်၍ သစ်ကတိုးနှင့်အကွက်ဖော်ပြီးလျှင် အနီရောင်သုတ်မည်’ဟု ဆိုသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
22:15 ထာဝရဘုရားက “သစ်ကတိုးနန်းတော်တွင်စံမြန်းရသောကြောင့် သင်ဘုရင်ဖြစ်သည်ဟု သင်ထင်သလော။ သင်၏ဖခင်လည်း စားသောက်ခဲ့ရသည်မဟုတ်လော။ သူသည် တရားမျှတသောသူ၊ ဖြောင့်မတ်သောသူဖြစ်သောကြောင့် ကောင်းစားခဲ့သည်မဟုတ်လော။
22:16 ဆင်းရဲနွမ်းပါးသူတို့၏အမှုကို တရားသဖြင့်စီရင်သောကြောင့် ကောင်းစားခဲ့သည်မဟုတ်လော။ ဤသည်ကား ငါ့ကိုသိကျွမ်းခြင်းကြောင့်ပင်မဟုတ်လော”ဟု မိန့်တော်မူ၏။
22:17 သင့်မျက်စိ၊ သင့်စိတ်နှလုံးထဲတွင်မူကား မတရားစီးပွားရှာခြင်း၊ အပြစ်မဲ့သောသူကိုသတ်ဖြတ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ နှိပ်စက်ခြင်းတို့သာရှိ၏။
22:18 ထို့ကြောင့် ယောရှိ၏သား ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “အလို ငါ့အစ်ကို၊ အလို ငါ့နှမဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။ အလို သခင်၊ အလို ဘုန်းကြီးသောသူဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။
22:19 မြည်းကိုသင်္ဂြိုဟ်သကဲ့သို့ သူ့ကို သင်္ဂြိုဟ်ကြလိမ့်မည်။ ဂျေရုဆလင်တံခါးအပြင်ဘက်သို့ ဆွဲထုတ်၍ ပစ်ထားကြလိမ့်မည်။
22:20 လက်ဘနွန်တောင်ပေါ်သို့တက်သွား၍ အော်ဟစ်လော့။ ဗာရှန်ပြည်၌ သင့်အသံကိုလွှင့်လော့။ အာဗရိမ်အရပ်မှ အော်ဟစ်လော့။ သင်ချစ်သောသူအားလုံး ပျက်စီးကုန်ပြီ။
22:21 သင်ကောင်းစားစဉ်အခါက သင့်အား ငါသတိပေးသော်လည်း သင်က ‘ငါနားမထောင်’ဟု ပြန်ပြော၏။ ငယ်စဉ်ကပင် ငါ့စကားကိုနားမထောင်ဘဲနေသည်မှာ သင်၏အကျင့်ဖြစ်၏။
22:22 သင်၏သိုးထိန်းအားလုံးတို့သည် လေတိုက်ရာသို့ လွင့်ပါသွားရမည်။ သင်ချစ်သောသူတို့သည် ဖမ်းခေါ်သွားရာသို့ လိုက်ပါသွားရမည်။ သင်၏မကောင်းမှုအလုံးစုံကြောင့် အရှက်ကွဲရလိမ့်မည်။ အသရေပျက်ရလိမ့်မည်။
22:23 သစ်ကတိုးပင်၌အသိုက်လုပ်၍ လက်ဘနွန်တောင်၌နေသောသူ၊ သားဖွားဝေဒနာကဲ့သို့ နာကျင်ခြင်းဝေဒနာကို သင်ခံစားရသောအခါ သင်မည်မျှညည်းတွားလိမ့်မည်နည်း”ဟု မိန့်တော်မူ၏။
22:24 ထာဝရဘုရားက “ငါအသက်ရှင်သည်နှင့်အညီ ယောယကိမ်၏သား ယုဒဘုရင်ခေါနိသည် ငါ့လက်ယာလက်၌ရှိသော တံဆိပ်ဖြစ်ခဲ့လျှင်လည်း သင့်ကို ငါဖယ်ပစ်မည်။
22:25 သင့်အသက်ကိုရန်ရှာသောသူ၊ သင်ကြောက်သောသူ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာနှင့် ခါလဒဲတပ်၏လက်သို့ သင့်ကို ငါအပ်မည်။
22:26 ငါသည် သင်နှင့် သင့်မွေးသမိခင်ကို သင်တို့မွေးဖွားရာအရပ်မဟုတ်သောအခြားပြည်သို့ နှင်ထုတ်လိုက်မည်။ ထိုပြည်၌ပင် သင်တို့သေရလိမ့်မည်။
22:27 သူတို့ပြည်သို့ပြန်လာလိုသော်လည်း ပြန်လာရတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
22:28 “ခေါနိဟူသော ဤလူသည် အသုံးမဝင်သောအိုးကွဲလော။ မည်သူမျှအလိုမရှိသောအိုးလော။ အဘယ်ကြောင့် သူနှင့်သူ့အမျိုးအနွယ်ကို စွန့်ပစ်ရသနည်း။ အဘယ်ကြောင့် သူတို့မသိသောပြည်သို့ သူတို့ကို နှင်ထုတ်ရသနည်း။
22:29 အို မြေကြီး မြေကြီး မြေကြီး၊ ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။
22:30 ‘ဤလူကို သားသမီးမထွန်းကားသောသူ၊ တစ်သက်လုံး အောင်မြင်မှုမရသောသူ’ဟု မှတ်တမ်းတင်ကြလော့။ သူ၏အမျိုးအနွယ်တစ်စုံတစ်ယောက်မျှ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်၌ စံမြန်းခွင့်၊ ယုဒပြည်ကို အုပ်စိုးခွင့် ရတော့မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။