Jeremiah 28
28:1 ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံကာလ အစပိုင်း စတုတ္ထနှစ်၊ ပဉ္စမလတွင်ပင် ဂိဗောင်မြို့မှ အဇ္ဇုရ၏သား ပရောဖက်ဟာနနိယက ထာဝရဘုရား၏အိမ်တော်၊ ယဇ်ပုရောဟိတ်နှင့် လူအပေါင်းတို့ရှေ့တွင် ငါ့အား
28:2 “အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဘေဘီလုံဘုရင်၏ထမ်းပိုးကို ငါချိုးမည်။
28:3 ဤအရပ်မှ ဘေဘီလုံမြို့သို့ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသိမ်းဆည်းယူဆောင်သွားသည့် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်ရှိသမျှတို့ကို နှစ်နှစ်အတွင်း ဤအရပ်သို့ ငါပြန်ယူဆောင်လာမည်။
28:4 ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်းခံရသော ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအပေါင်းတို့ကိုလည်း ဤမြို့သို့ ပြန်ခေါ်ဆောင်လာမည်။ အကြောင်းမူကား ငါသည် ဘေဘီလုံဘုရင်၏ထမ်းပိုးကို ချိုးမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆို၏။
28:5 ထိုအခါ ပရောဖက်ယေရမိက ထာဝရဘုရား၏အိမ်တော်၌ ရပ်နေကြသော ယဇ်ပုရောဟိတ်နှင့် လူအပေါင်းတို့ရှေ့၌ ပရောဖက်ဟာနနိယအား
28:6 “အာမင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပါစေသော။ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်ပစ္စည်းများနှင့် သုံ့ပန်းအားလုံးကို ဘေဘီလုံမြို့မှ ဤအရပ်သို့ ပြန်ခေါ်ဆောင်လာမည်ဟူ၍ သင်ပရောဖက်ပြုဟောပြောသည့်အတိုင်း ထာဝရဘုရား ပြည့်စုံစေပါစေ။
28:7 သို့ရာတွင် သင်နှင့်တကွ လူအပေါင်းတို့အား ငါပြောသောစကားကို နားထောင်လော့။
28:8 သင်နှင့်ကျွန်ုပ်မရှိမီ ယခင်ကရှိနှင့်သော ပရောဖက်တို့သည် တိုင်းနိုင်ငံကြီးများနှင့်တကွ အပြည်ပြည်တို့တွင် စစ်ဘေး၊ ဆင်းရဲဒုက္ခဘေးနှင့် ကပ်ရောဂါဘေးတို့ဖြစ်မည့်အကြောင်း ပရောဖက်ပြုဟောပြောခဲ့ကြ၏။
28:9 ပရောဖက်တစ်ဦးက ငြိမ်းချမ်းခြင်းအကြောင်းကို ပရောဖက်ပြုဟောပြော၍ သူဟောသည့်အတိုင်းဖြစ်လာလျှင် သူသည် ထာဝရဘုရားစေလွှတ်တော်မူသောပရောဖက်ဖြစ်ကြောင်း သိရမည်”ဟု ဆို၏။
28:10 ထိုအခါ ပရောဖက်ဟာနနိယသည် ပရောဖက်ယေရမိ၏ပခုံး မှ ထမ်းပိုးကိုယူ၍ ချိုးပစ်ပြီးလျှင်
28:11 ဟာနနိယက လူအပေါင်းတို့ရှေ့၌ “ထာဝရဘုရားက ‘လူမျိုးအပေါင်းတို့၏ပခုံး ပေါ်တင်ထားသော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး၏ထမ်းပိုးကို နှစ်နှစ်အတွင်း ငါချိုးပစ်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောလေ၏။ ထိုအခါ ပရောဖက်ယေရမိသည် ထိုနေရာမှ ထွက်သွားလေ၏။
28:12 ပရောဖက်ယေရမိ၏ပခုံး မှထမ်းပိုးကို ပရောဖက်ဟာနနိယချိုးပြီးနောက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံရောက်လာ၍
28:13 “ဟာနနိယထံသို့သွားပြီး ထာဝရဘုရားက ‘သင်ချိုးလိုက်သောသစ်သားထမ်းပိုးအစား သံထမ်းပိုးကို သင်ပြုလုပ်လေပြီ’ဟု မိန့်တော်မူ၏။
28:14 အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဤလူမျိုးအပေါင်းတို့၏ပခုံး ပေါ်၌ သံထမ်းပိုးကို ငါတင်ပြီ။ သူတို့သည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို စင်စစ်အစေခံရမည်။ တောရိုင်းတိရစ္ဆာန်များကိုလည်း သူ့အား ငါပေးအပ်လေပြီ’ဟူ၍ မိန့်တော်မူကြောင်းဆင့်ဆိုလော့”ဟု မိန့်ဆို၏။
28:15 ပရောဖက်ယေရမိက ပရောဖက်ဟာနနိယအား “ဟာနနိယ ယခုနားထောင်လော့။ ထာဝရဘုရားသည် သင့်ကိုစေလွှတ်တော်မူသည်မဟုတ်။ သင်သည် ဤလူမျိုးအား မုသားကို ယုံစားစေပြီ။
28:16 ထို့ကြောင့် ထာဝရဘုရားက ‘ကြည့်ရှုလော့။ သင်သည် ထာဝရဘုရားအား ပုန်ကန်ပြောဆိုသည်ဖြစ်၍ သင့်ကို ကမ္ဘာမြေပေါ်မှ ထွက်သွားစေမည်။ ဤနှစ်တွင် သင်သေရမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆိုလေ၏။
28:17 ထိုနှစ်၊ သတ္တမလတွင်ပင် ပရောဖက်ဟာနနိယ သေဆုံးလေ၏။