Jeremiah 4
4:1 ထာဝရဘုရားက “အို အစ္စရေးလူမျိုးတို့၊ သင်ပြန်လာမည်ဆိုလျှင်၊ ငါ့ထံသို့ပြန်လာပါ။ သင်၏ရွံရှာဖွယ်ရာတို့ကို ငါ့ရှေ့မှဖယ်ရှားပြီး တည်တည်ကြည်ကြည်နေမည်ဆိုလျှင်၊
4:2 ‘ထာဝရဘုရားအသက်ရှင်တော်မူသည်’ဟု သစ္စာရှိစွာ၊ တရားမျှတစွာ၊ ဖြောင့်မတ်စွာ သင်ကျိန်ဆိုလျှင် လူမျိုးတကာတို့သည် ထာဝရဘုရားထံတော်မှ ကောင်းချီးမင်္ဂလာခံစားရမည်။ ကိုယ်တော်ကို ချီးမွမ်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။
4:3 ထာဝရဘုရားက ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား “သင်တို့၏လယ်မြေကို ထွန်ယက်ကြလော့။ ဆူးပင်များကြားတွင် မျိုးမကြဲနှင့်။
4:4 ယုဒပြည်သူဂျေရုဆလင်မြို့သားတို့၊ အရေဖျားလှီးခြင်းကိုခံ၍ သင်တို့ကိုယ်သင်တို့ ထာဝရဘုရားထံဆက်ကပ်ကြလော့။ သင်တို့၏စိတ်နှလုံးအရေဖျားကို ဖယ်ရှားကြလော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မီးကဲ့သို့ မည်သူမျှမငြှိမ်းနိုင်အောင် တောက်လောင်လိမ့်မည်။
4:5 ယုဒပြည်၌ ဟောပြောလော့။ ဂျေရုဆလင်မြို့ကို ကြားသိစေလော့။ ပြည်တစ်လျှောက်လုံး တံပိုးမှုတ်ကြလော့။ ‘စုဝေးကြစို့။ ခံတပ်မြို့များအတွင်းသို့ဝင်ကြစို့’ဟု ကြွေးကြော်ကြလော့။
4:6 ဇိအုန်တောင်ရှိရာဘက်သို့ အချက်ပြအလံကို လွှင့်ပြလော့။ လုံခြုံရာသို့ပြေးကြလော့။ ရပ်မနေကြနှင့်။ အကြောင်းမူကား ငါသည် ပျက်စီးခြင်းဘေးအန္တရာယ်ကြီးကို မြောက်အရပ်မှ ရောက်လာစေမည်”ဟု မိန့်တော်မူ၏။
4:7 ခြင်္သေ့သည် ပုန်းအောင်းရာမှထွက်လာပြီ။ လူမျိုးတကာတို့ကိုဖျက်ဆီးသောသူသည် မိမိ၏နေရာမှထွက်လာပြီ။ သင်၏ပြည်ကို လူသူကင်းမဲ့ရာအရပ်ဖြစ်စေရန် မိမိနေရာမှထွက်လာပြီ။ သင်တို့၏မြို့များသည် ပျက်စီးသွားလိမ့်မည်။ နေထိုင်သူရှိမည်မဟုတ်။
4:8 ထို့ကြောင့် လျှော်တေအဝတ်ကိုဝတ်၍ ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည် ငါတို့ထံမှ ပြန်လှည့်မသွားသေးပေ။
4:9 ထာဝရဘုရားက “ထိုနေ့ရက်၌ ရှင်ဘုရင်နှင့်အကြီးအကဲတို့သည် စိတ်ပျက်အားလျော့ကြလိမ့်မည်။ ယဇ်ပုရောဟိတ်တို့သည် တုန်လှုပ်ချောက်ချား၍ ပရောဖက်တို့သည် အံ့အားသင့်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
4:10 ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ဓားသည် လည်မျိုကိုထောက်နေလျက်ပင် ‘သင်တို့တွင် ငြိမ်သက်ခြင်းရှိလိမ့်မည်’ဟု ကိုယ်တော်မိန့်တော်မူသည်မှာ ဂျေရုဆလင်မြို့သားနှင့်တကွ ဤလူမျိုးတို့ကို အမှန်လှည့်စားခြင်းဖြစ်ပါပြီတကား”ဟု လျှောက်ဆို၏။
4:11 ထိုနေ့ရက်၌ ဂျေရုဆလင်မြို့သားနှင့်တကွ ဤလူမျိုးတို့အား “တောကန္တာရရှိတောင်ကတုံးမှ လေပူသည် ငါ၏လူမျိုးသမီးပျိုထံလာလိမ့်မည်။ သန့်ရှင်းသွားစေရန် လှေ့ထုတ်သောလေမဟုတ်။
4:12 ထိုထက်အားကောင်းသောလေသည် ငါ့ထံမှလာလိမ့်မည်။ ယခု ငါကိုယ်တိုင် သူတို့ကို စစ်ကြောစီရင်မည်”ဟု မိန့်ဆိုပြီ။
4:13 ကြည့်ရှုလော့။ ဖျက်ဆီးသောသူသည် မိုးတိမ်ကဲ့သို့တက်လာမည်။ သူ၏စစ်ရထားသည် လေပွေကဲ့သို့ ဖြစ်မည်။ သူ၏မြင်းတို့သည် လင်းယုန်ထက်လျင်မြန်၏။ ငါတို့၌ အမင်္ဂလာရှိ၏။ ငါတို့သည် ဖျက်ဆီးခြင်းခံကြရပြီ။
4:14 အို ဂျေရုဆလင်မြို့၊ ကယ်တင်ခြင်းခံရရန် ဆိုးညစ်သောသင်၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေလော့။ ယုတ်ညံ့သောအကြံအစည်များကို သင့်စိတ်ထဲ၌ မည်မျှကြာအောင် ရှိနေစေမည်နည်း။
4:15 ဒန်မြို့မှ ကြွေးကြော်သံ၊ ဧဖရိမ်တောင်ပေါ်မှ သတင်းဆိုးကြေညာသံ ကြားရ၏။
4:16 “လူမျိုးတကာတို့အား အသိပေးလော့။ ဂျေရုဆလင်မြို့ကို ကြားသိစေလော့။ မြို့ကိုဝိုင်းထားမည့်သူတို့သည် ဝေးသောပြည်မှလာနေပြီ။ ယုဒပြည်ရှိမြို့များကို စစ်ညာသံပေးကြပြီ။
4:17 လယ်စောင့်များကဲ့သို့ သူတို့သည် ယုဒပြည်ကိုဝိုင်းရံထားကြပြီ။ အကြောင်းမူကား ယုဒပြည်သည် ငါ့ကိုပုန်ကန်ကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
4:18 သင်၏အပြုအမူ၊ အကျင့်အကြံတို့ကြောင့် ဤအမှုတို့သည် သင့်အပေါ် ကျရောက်လေပြီ။ ဤသည်ကား သင်၏ဆိုးညစ်မှုပေတည်း။ မည်မျှ ခါးသီးသနည်း။ မည်မျှ စိတ်နာကျင်ဖွယ်ကောင်းသနည်း။
4:19 ငါ့အူထဲ၊ အသည်းထဲအထိ နာကျင်နေ၏။ ငါ့စိတ် မငြိမ်မသက်ဖြစ်နေ၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်။ တံပိုးမှုတ်သံ၊ စစ်ပွဲကြွေးကြော်သံကို ငါကြားရ၏။
4:20 ပျက်စီးခြင်းတစ်ခုပြီးတစ်ခု လိုက်လာပြီ။ တစ်ပြည်လုံး ဖျက်ဆီးခြင်းခံရပြီ။ ငါ့တဲတို့သည် ရုတ်တရက်ဖျက်ဆီးခြင်းခံရပြီ။ ငါ့ရွက်ထည်တို့သည် တစ်ခဏချင်းတွင် ဖျက်ဆီးခြင်းခံရပြီ။
4:21 အချက်ပြအလံကို မည်သည့်အချိန်အထိ ငါမြင်နေရမည်နည်း။ တံပိုးမှုတ်သံကို မည်သည့်အချိန်အထိ ငါကြားနေရမည်နည်း။
4:22 “ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။”
4:23 ငါသည် မြေကြီးကိုကြည့်လိုက်သော် ၎င်းသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။ မိုးကောင်းကင်သည်လည်း အလင်းမရှိ။
4:24 ငါသည် တောင်ကြီးတို့ကိုကြည့်လိုက်သော် ၎င်းတို့သည် တုန်ခါလျက်၊ တောင်ငယ်ရှိသမျှလည်း လှုပ်ယမ်းလျက်နေ၏။
4:25 ငါကြည့်လိုက်သော် လူတစ်ယောက်မျှမရှိ။ မိုးကောင်းကင်ရှိငှက်ရှိသမျှတို့သည်လည်း ပျံသန်းသွားလေပြီ။
4:26 ငါကြည့်လိုက်သော် သီးနှံဖြစ်ထွန်းသောမြေတို့သည် တောကန္တာရဖြစ်လေပြီ။ ထာဝရဘုရားရှေ့၊ ပြင်းထန်သောအမျက်တော်ရှေ့၌ မြို့အားလုံး ပြိုပျက်သွားလေပြီ။
4:27 ထာဝရဘုရားက “ငါသည် ပြည်တစ်ပြည်လုံးကို လူသူကင်းမဲ့ရာဖြစ်စေမည်။ သို့သော် အကုန်အစင်သုတ်သင်ဖျက်ဆီးမည်မဟုတ်။
4:28 ထို့ကြောင့် မြေကြီးသည် ငိုကြွေးမြည်တမ်းလိမ့်မည်။ အထက်ကောင်းကင်သည် မှောင်မည်းလိမ့်မည်။ ငါမိန့်ဆိုခဲ့ပြီ။ ကြံစည်ခဲ့ပြီ။ စိတ်ပြောင်းလဲမည်မဟုတ်။ နောက်ပြန်လှည့်မည်မဟုတ်။
4:29 မြင်းသည်တော်၊ လေးသည်တော်တို့၏အသံကြောင့် မြို့သားအားလုံး ထွက်ပြေးကြ၏။ သူတို့သည် တောနက်ထဲသို့ဝင်၍ ကျောက်ဆောင်များပေါ်သို့တက်ကြ၏။ မြို့ရှိသမျှတို့သည် စွန့်ပစ်ခြင်းကိုခံရ၍ နေထိုင်သူတစ်ယောက်မျှမရှိပေ။
4:30 အို ဖျက်ဆီးခြင်းခံရသောသူ၊ သင်မည်သို့ပြုမည်နည်း။ ကတ္တီပါနီကိုဝတ်ဆင်ခြင်း၊ ရွှေတန်ဆာဆင်ယင်ခြင်း၊ မျက်လုံးအလှပေါ်အောင်အရောင်ခြယ်ခြင်းဖြင့် သင့်ကိုယ်သင် အချည်းနှီးလှပစေပြီ။ သင်ချစ်သောသူတို့သည် သင့်ကိုစွန့်ပစ်ပြီ။ သင့်အသက်ကိုသတ်ရန် ရှာကြံကြပြီ။
4:31 သားဦးဖွား၍ ဝေဒနာခံစားရသောမိန်းမ၏ညည်းတွားသံကဲ့သို့ ဇိအုန်သမီး၏အသံကို ငါကြားရ၏။ သူသည် မောဟိုက်လျက်၊ လက်ကိုဖြန့်ထားလျက် ‘ငါ၌ အမင်္ဂလာရှိ၏။ လူသတ်သမားများကြောင့် ငါ့စိတ်နှလုံး မောပန်းလှသည်’ဟု ဆို၏။