Jeremiah 51
51:1 ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ဘေဘီလုံမြို့၊ လက်ကမိုင်ပြည်သားတို့အပေါ်သို့ ဖျက်ဆီးခြင်းလေကို သင့်ရောက်စေမည်။
51:2 ဘေဘီလုံမြို့သို့ ခြွေလှေ့သူတို့ကို စေလွှတ်မည်။ သူတို့သည် ထိုမြို့ကို လှေ့၍ သုတ်သင်ရှင်းလင်းလိမ့်မည်။ ဘေးအန္တရာယ်ကျရောက်မည့်နေ့၌ အဘက်ဘက်မှတိုက်ခိုက်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
51:3 လေးသမားတို့ကို လေးတင်ရသောအခွင့်၊ သံချပ်အင်္ကျီ ဝတ်ဆင်ရသောအခွင့် မပေးကြနှင့်။ လူပျိုတို့ကို မနှမြောနှင့်။ စစ်သည်ဗိုလ်ပါအပေါင်းတို့ကို အကုန်အစင်ဖျက်ဆီးကြလော့။
51:4 သူတို့သည် အသတ်ခံရ၍ ခါလဒဲပြည်တွင် လဲကျကြလိမ့်မည်။ ထိုးသတ်ခံရ၍ လမ်းမများပေါ်တွင် လဲကျကြလိမ့်မည်။
51:5 အကြောင်းမူကား အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကို သူတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စွန့်ပစ်တော်မမူ။ ခါလဒဲပြည်ကား သန့်ရှင်းသောအရှင်ကို ပြစ်မှားသောအပြစ်နှင့်ပြည့်နှက်၏။
51:6 ဘေဘီလုံမြို့မှ ထွက်ပြေးကြ။ အသက်ဘေးလွတ်အောင် ပြေးကြ။ ထိုမြို့၏အပြစ်ကြောင့် အဖျက်ဆီးမခံကြနှင့်။ အကြောင်းမူကား ထာဝရဘုရားလက်တုံ့ပြန်ရာအချိန်ကျရောက်ပြီ။ ထိုမြို့ခံထိုက်သောအပြစ်ကို ပြန်ပေးဆပ်စေတော်မူမည်။
51:7 ဘေဘီလုံမြို့သည် ထာဝရဘုရား၏လက်တော်၌ကိုင်ထားသော ရွှေဖလားဖြစ်၏။ မြေတစ်ပြင်လုံးကို ယစ်မူးစေ၏။ လူမျိုးတကာတို့သည် ထိုဖလားမှစပျစ်ဝိုင်ကိုသောက်ကြသဖြင့် မူးရူးသောလူမျိုးများ ဖြစ်ကြလေပြီ။
51:8 ဘေဘီလုံမြို့ကြီး ရုတ်ခြည်းပြိုလဲပျက်စီးသွားပြီ။ သူ့အတွက် ညည်းတွားငိုကြွေးကြလော့။ ဝေဒနာပျောက်ကောင်းပျောက်နိုင်မည်ဖြစ်၍ လိမ်းဆေးယူလာပေးကြလော့။
51:9 ငါတို့သည် ဘေဘီလုံမြို့ကို ကုသပေးသော်လည်း ကုသ၍မရ။ သူ့ကိုထားခဲ့ပြီး ကိုယ့်ပြည်ကိုယ်ပြန်ကြစို့။ အကြောင်းမူကား သူခံရသောစီရင်ခြင်းသည် မိုးထိတိုင် ရောက်လေပြီ။ မိုးတိမ်ထိတိုင် မြင့်လေပြီ။
51:10 ငါတို့ဖြောင့်မတ်ကြောင်း ထာဝရဘုရားပြသတော်မူပြီ။ လာကြ။ ငါတို့၏ဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုကို ဇိအုန်မြို့တွင် ပြောကြားကြစို့။
51:11 မြားတို့ကို ချွန်ထက်စေကြ။ ဒိုင်းလွှားတို့ကို ကိုင်စွဲကြ။ ထာဝရဘုရားသည် ဘေဘီလုံမြို့ကို ဖျက်ဆီးပစ်ရန် အကြံရှိတော်မူသည်ဖြစ်၍ မေဒိဘုရင်တို့၏စိတ်ကို နှိုးဆော်တော်မူပြီ။ ထာဝရဘုရား လက်တုံ့ပြန်တော်မူပြီ။ ဗိမာန်တော်အဖို့ လက်တုံ့ပြန်တော်မူပြီ။
51:12 ဘေဘီလုံမြို့ရိုးကိုဖြိုဖျက်ရန် အချက်ပြအလံကို လွှင့်ထူကြ။ အစောင့်များကို ကြပ်ကြပ်ချထားကြ။ ကင်းစောင့်တို့ကိုနေရာချထားကြ။ ကင်းပုန်းများကို ပြင်ဆင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် ဘေဘီလုံမြို့သားများနှင့်ပတ်သက်၍ မိန့်ဆိုထားခဲ့သည့်အတိုင်း ကြံစည်တော်မူမည်၊ ပြုတော်မူမည်။
51:13 မြစ်နား ၌နေ၍ ဥစ္စာကြွယ်ဝသောမြို့၊ သင်၏မတရားအကျိုးစီးပွားရှာခြင်းများ အဆုံးသတ်မည့်အချိန်ရောက်လာပြီ။
51:14 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အကယ်စင်စစ် သင့်နေရာသို့ ကျိုင်းကောင်ကဲ့သို့ လူအုပ်ကြီးကို ရောက်လာစေမည်။ သူတို့သည် စစ်အောင်သံကို ကြွေးကြော်ကြလိမ့်မည်”ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်၍ကျိန်ဆိုတော်မူပြီ။
51:15 ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူ၏။ ဉာဏ်ပညာအားဖြင့် ကမ္ဘာကြီးကို တည်တော်မူ၏။ ထိုးထွင်းဉာဏ်အားဖြင့် ကောင်းကင်ကို ဖြန့်ကြက်တော်မူ၏။
51:16 ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေတော်မူ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။
51:17 လူအပေါင်းတို့သည် အသိတရားကင်းမဲ့၏။ ပညာလည်းမရှိ။ ပန်းထိမ်သမားတို့သည်လည်း ရုပ်တုဆင်းတုအားဖြင့် အရှက်ကွဲကြလိမ့်မည်။ အကြောင်းမူကား သူတို့သွန်းလုပ်သောရုပ်တုသည် လှည့်စားခြင်းသာဖြစ်၏။ အသက်မရှိ။
51:18 ထိုအရာတို့သည် အချည်းနှီးသောအရာဖြစ်၏။ လှည့်စားတတ်သောအရာဖြစ်၏။ စစ်ကြောစီရင်ချိန်ရောက်လျှင် ပျက်စီးသွားရလိမ့်မည်။
51:19 ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ ယာကုပ်အမျိုးအနွယ်သည် ကိုယ်တော်၏အမွေတော်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
51:20 ထာဝရဘုရားက “သင်သည် ငါ့အဖို့ စစ်တင်းပုတ်၊ စစ်လက်နက်ဖြစ်၏။ ငါသည် သင့်အားဖြင့် လူမျိုးတကာတို့ကို တကွဲတပြားဖြစ်စေမည်။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးပစ်မည်။
51:21 သင့်အားဖြင့် မြင်းနှင့်မြင်းစီးသူရဲ၊ စစ်ရထားနှင့်စစ်ရထားစီးသူတို့ကို တကွဲတပြားဖြစ်စေမည်။
51:22 သင့်အားဖြင့် ယောက်ျားနှင့်မိန်းမ၊ လူကြီးနှင့်လူငယ်၊ လူပျိုနှင့်အပျိုတို့ကို တကွဲတပြားဖြစ်စေမည်။
51:23 သင့်အားဖြင့် သိုးထိန်းနှင့်သိုးစု၊ လယ်သမားနှင့်လယ်ထွန်နွား၊ ဘုရင်ခံနှင့်အုပ်ချုပ်သူတို့ကို တကွဲတပြားဖြစ်စေမည်။
51:24 ဇိအုန်မြို့သူမြို့သားအပေါ် ဘေဘီလုံမြို့သူ ခါလဒဲပြည်သားတို့ကျူးလွန်ခဲ့သည့် လုပ်ရပ်အတိုင်း သူတို့ကို သင်တို့မျက်စိရှေ့တွင် ပြန်ပေးဆပ်စေမည်”ဟု မိန့်တော်မူ၏။
51:25 ထာဝရဘုရားက “အို ဖျက်ဆီးတတ်သောတောင်၊ မြေကြီးတစ်ပြင်လုံးကို ဖျက်ဆီးသောတောင်၊ ကြည့်ရှုလော့။ သင့်ကို ငါစီရင်မည်။ ငါသည် လက်ကိုဆန့်၍ သင့်ကို ချောက်ကမ်းပါးပေါ်မှ လှိမ့်ချပစ်မည်။ သင့်အား မီးကျွမ်းတောင်ဖြစ်စေမည်”ဟု မိန့်တော်မူ၏။
51:26 ထာဝရဘုရားက “ထောင့်ချုပ်ကျောက်၊ အုတ်မြစ်ကျောက်တစ်လုံးမျှ သင့်ထံမှ ရနိုင်တော့မည်မဟုတ်။ သင်သည် လူသူကင်းမဲ့ရာ အစဉ်ဖြစ်မည်”ဟု မိန့်တော်မူ၏။
51:27 ထိုပြည်၌ အချက်ပြအလံကိုလွှင့်ထူကြ။ လူမျိုးတကာတို့ကို တံပိုးမှုတ်သံပေးကြ။ ထိုပြည်ကိုတိုက်ခိုက်ရန် လူမျိုးတကာတို့ကို အသင့်ပြင်ဆင်စေကြ။ အာရရတ်၊ မိန္နိနှင့် အာရှကေနတ် စသော တိုင်းနိုင်ငံတို့ကို ဆင့်ခေါ်ကြ။ စစ်ဦးစီးကိုခန့်ထားကြ။ မြင်းတို့ကို ကျိုင်းကောင်အုပ်ကဲ့သို့ ချီတက်စေကြ။
51:28 ထိုပြည်ကိုတိုက်ခိုက်ရန် လူမျိုးတကာတို့ကို အသင့်ပြင်ဆင်စေကြ။ မေဒိဘုရင်များ၊ ဘုရင်ခံများအပါအဝင် မင်းအရာရှိအားလုံးနှင့် လက်အောက်ခံနိုင်ငံအားလုံးကို အသင့်ပြင်ဆင်စေကြ။
51:29 ကမ္ဘာမြေကြီး တုန်ခါလေပြီ၊ တုန်လှုပ်လေပြီ။ အကြောင်းမူကား ဘေဘီလုံမြို့ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်ဟူသော ထာဝရဘုရား၏အကြံအစည်တော်အတိုင်း ထိုမြို့၌ ဖြစ်လာလေပြီ။
51:30 ဘေဘီလုံစစ်သူရဲတို့သည် စစ်မတိုက်ဝံ့တော့ဘဲ ရဲတိုက်များ၌သာ နေကြလေပြီ။ သူတို့သည် ရဲစွမ်းသတ္တိကုန်ခန်း၍ မိန်းမကဲ့သို့ဖြစ်လေပြီ။ သူတို့နေရာကို မီးရှို့ပစ်ကြပြီ။ ကန့်လန့်ကျင်တို့ကိုလည်း ချိုးပစ်ကြပြီ။
51:31 ဘေဘီလုံမြို့တစ်မြို့လုံးသိမ်းပိုက်ခံရကြောင်းကို ခြေမြန်တော်တစ်ယောက်မှ တစ်ယောက်၊ စေတမန်တစ်ယောက်မှ တစ်ယောက် တစ်ဆင့်ပြီးတစ်ဆင့် ဘေဘီလုံဘုရင်ထံ သတင်းပို့ကြ၏။
51:32 ဆိပ်ကမ်းတို့ကို သိမ်းပိုက်ကြပြီ။ ခံတပ် များကို မီးရှို့ပစ်ကြပြီ။ စစ်သူရဲတို့လည်း ဆောက်တည်ရာမရကြောက်လန့်ကြလေပြီ။
51:33 အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဘေဘီလုံသမီးပျိုသည် တလင်းနယ်ချိန်၌ နင်းနယ်ခံရသောကောက်နယ်တလင်းနှင့်တူ၏။ တစ်ခဏချင်းတွင် ရိတ်သိမ်းချိန်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
51:34 “ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ငါ့ကို ကိုက်စားလေပြီ။ နင်းချေလေပြီ။ ငါ့ကို အိုးလွတ်ဖြစ်စေပြီ။ မြွေနဂါးကဲ့သို့ ငါ့ကို ဝါးမျိုလေပြီ။ ငါ၏စားကောင်းသောက်ဖွယ်တို့နှင့် သူ့ဝမ်းကိုပြည့်စေပြီ။ ပြီးမှ ငါ့ကို အန်ထုတ် လေပြီ။
51:35 ငါ့ကိုယ်၊ ငါ့အသား ခံရသောရက်စက်ကြမ်းကြုတ်မှုသည် ဘေဘီလုံပြည်အပေါ် ကျရောက်ပါစေ”ဟု ဇိအုန်မြို့သားတို့ ဆိုလိမ့်မည်။ “ငါတို့သွန်းခဲ့ရသောသွေးသည် ခါလဒဲပြည်သားတို့အပေါ် ကျရောက်ပါစေ”ဟု ဂျေရုဆလင်မြို့သားတို့ ဆိုလိမ့်မည်။
51:36 ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ သင့်အမှုကိစ္စကို ငါရင်ဆိုင်ဖြေရှင်းပေးမည်။ သင့်အစား ငါအမှန် လက်တုံ့ပြန်မည်။ သူ၏ပင်လယ်ရေကို ခန်းစေမည်၊ စမ်းရေတွင်းကို ခြောက်သွေ့စေမည်။
51:37 ဘေဘီလုံပြည်သည် နေထိုင်သူမရှိဘဲ အပျက်အစီးပုံကြီး၊ ခွေးအတို့ခိုအောင်းရာ၊ ထိတ်လန့်စရာ၊ ကဲ့ရဲ့စရာ ဖြစ်မည်။
51:38 သူတို့အားလုံး ခြင်္သေ့ပျိုကဲ့သို့ ဟိန်းဟောက်ကြလိမ့်မည်၊ ခြင်္သေ့ငယ်ကဲ့သို့ မာန်ဖီကြလိမ့်မည်”ဟု မိန့်တော်မူ၏။
51:39 ထာဝရဘုရားက “သူတို့ အာသာငမ်းငမ်းဖြစ်နေချိန်တွင် ငါသည် စားသောက်ပွဲ ခင်းကျွေးမည်။ သူတို့ကို မူးအောင်တိုက်မည်။ သူတို့သည်လည်း အပျော်ကြူး၍ မနိုးသောအိပ်ခြင်းဖြင့် ထာဝရအိပ်ပျော်မည်”ဟု မိန့်တော်မူ၏။
51:40 ထာဝရဘုရားက “သူတို့ကို သိုးသငယ်ကဲ့သို့၊ သိုးထီးဆိတ်ထီးကဲ့သို့ ဆွဲထုတ်၍ သတ်မည်။
51:41 ရှေရှက်မြို့ကြီး အသိမ်းခံရလေပြီတကား။ မြေတစ်ပြင်လုံးချီးမွမ်းရာမြို့ကြီး အသိမ်းခံရလေပြီတကား။ ဘေဘီလုံမြို့သည် လူမျိုးတကာတို့တွင် ထိတ်လန့်စရာဖြစ်လေပြီတကား။
51:42 ဘေဘီလုံမြို့ကို ပင်လယ်ရေ လွှမ်းမိုးလေပြီ။ လှိုင်းလုံးကြီးများ ဖုံးအုပ်လေပြီ။
51:43 မြို့ရွာတို့သည် လူသူကင်းမဲ့၍ ခြောက်သွေ့သောကန္တာရမြေ ဖြစ်လိမ့်မည်။ နေထိုင်သူမရှိ၊ ဖြတ်သန်းသွားလာသူမရှိသောမြေ ဖြစ်လိမ့်မည်။
51:44 ဘေဘီလုံမြို့ရှိ ဗေလဘုရားကို ငါဒဏ်ခတ်မည်။ သူဝါးမျိုခဲ့သမျှကို သူ့ပါးစပ်မှ ပြန်အန်ထုတ်စေမည်။ လူမျိုးတကာတို့သည် သူ့ကို ဆည်းကပ်ကြတော့မည်မဟုတ်။ ဘေဘီလုံမြို့ရိုးကြီး ပြိုလဲသွားလေပြီ။
51:45 ငါ့လူမျိုးတော်တို့၊ ဘေဘီလုံပြည်ထဲမှ ထွက်ခဲ့ကြ။ ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်မှ အသက်ဘေးလွတ်အောင်ပြေးကြ။
51:46 ထိုပြည်၌ကြားရသောသတင်းများကြောင့် သင်တို့မကြောက်နှင့်၊ စိတ်မပျက်နှင့်။ အခြေအမြစ်မရှိသောသတင်းစကားများကို တစ်နှစ်ပြီးတစ်နှစ် ကြားရလိမ့်မည်။ ပြည်ထဲ၌ အကြမ်းဖက်မှုဖြစ်နေပြီ။ အုပ်စိုးသူအချင်းချင်း တိုက်ခိုက်ကြပြီ။
51:47 ထို့ကြောင့် ကြည့်ရှုလော့။ ဘေဘီလုံမြို့ရှိ ရုပ်တုဆင်းတုများကို ငါဒဏ်ခတ်သောနေ့ ရောက်လာတော့မည်။ ထိုမြို့တစ်မြို့လုံး အရှက်ကွဲလိမ့်မည်။ အသတ်ခံရသောသူအပေါင်းတို့သည် မြို့ထဲတွင် လဲကျသေဆုံးကြလိမ့်မည်။
51:48 မိုးကောင်းကင်အောက်၊ မြေကြီးပေါ်ရှိရှိသမျှတို့သည် ဘေဘီလုံမြို့ကြောင့် အားရဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ အဖျက်သမားသည် မြောက်အရပ်မှလာ၍ ထိုမြို့ကို တိုက်ခိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။
51:49 ဘေဘီလုံမြို့သည် အစ္စရေးလူမျိုးတို့ကို သတ်ခဲ့သောကြောင့် ကျရှုံးရမည်။ မြေကြီးသားအပေါင်းတို့သည် ဘေဘီလုံမြို့ကြောင့် လဲကျသေဆုံးရပြီ။
51:50 ဓားဘေးမှ လွတ်မြောက်သောသူတို့၊ ထွက်သွားကြ။ ရပ်မနေကြနှင့်။ ထာဝရဘုရားကို အဝေးမှအောက်မေ့ကြ။ ဂျေရုဆလင်မြို့ကို သတိရကြ။
51:51 ကဲ့ရဲ့ပြစ်တင်သံကို ကြားရသည်ဖြစ်၍ ငါတို့အရှက်ကွဲရပြီ။ ထာဝရဘုရား၏အိမ်တော်၊ သန့်ရှင်းရာဌာနတော်ထဲသို့ တစ်ပါးအမျိုးသားများ ဝင်ရောက်ကြပြီဖြစ်၍ ငါတို့အသရေပျက်ရပြီ။
51:52 ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ဘေဘီလုံပြည်ရှိ ရုပ်တုဆင်းတုများကို ငါဒဏ်ခတ်သောနေ့ရက်ရောက်လာသောအခါ ထိုပြည်တစ်ပြည်လုံးတွင် ဒဏ်ရာရသောသူများ ညည်းတွားလျက်ရှိကြလိမ့်မည်”ဟု မိန့်တော်မူ၏။
51:53 ထာဝရဘုရားက “ဘေဘီလုံမြို့သည် မိုးကောင်းကင်သို့တက်၍ မြင့်မားသောရဲတိုက်ကို အခိုင်အမာတည်လျှင်ပင် ငါသည် အဖျက်သမားကိုစေလွှတ်၍ သူတို့ကို တိုက်စေမည်”ဟု မိန့်တော်မူ၏။
51:54 ဘေဘီလုံမြို့မှ အော်ဟစ်သံပါတကား။ ခါလဒဲပြည်မှ ကြီးမားသောပျက်စီးခြင်းပါတကား။
51:55 ထာဝရဘုရားသည် ဘေဘီလုံမြို့ကိုဖျက်ဆီး၍ ထိုမြို့မှ ဆူညံပွက်လောသောအသံကို ဆိတ်သုဉ်းစေတော်မူ၏။ ရန်သူလှိုင်းလုံးကြီးသည် အဟုန်ပြင်းသောရေနှင့်တူ၏။ သူတို့မြည်ဟည်းသောအသံသည် ပဲ့တင်ထပ်လေပြီ။
51:56 အကြောင်းမူကား ဘေဘီလုံမြို့ကို တိုက်ခိုက်ဖျက်ဆီးမည့်သူ ရောက်လာပြီ။ ဘေဘီလုံစစ်သူရဲတို့ အဖမ်းခံရပြီ။ သူတို့၏လေးတို့သည်လည်း ကျိုးလေပြီ။ ထာဝရဘုရားသည် အကျိုးအပြစ်အလျောက် ပြန်ပေးဆပ်သောဘုရားသခင် ဖြစ်တော်မူသောကြောင့် အမှန်ပင် ပြန်ပေးဆပ်တော်မူမည်။
51:57 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “ငါသည် ဘေဘီလုံမြို့၏မှူးမတ်များ၊ ပညာရှိများ၊ ဘုရင်ခံများ၊ အုပ်ချုပ်သူများ၊ စစ်သူရဲများကို ယစ်မူးစေ၍ မနိုးသောအိပ်ခြင်းဖြင့် ထာဝရအိပ်ပျော်စေမည်”ဟု မိန့်တော်မူ၏။
51:58 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထုထည်ကြီးမားသော ဘေဘီလုံမြို့ရိုးသည် လုံးလုံးဖြိုဖျက်ခြင်းခံရလိမ့်မည်။ မြင့်မားသောမြို့တံခါးတို့သည်လည်း မီးရှို့ခံရလိမ့်မည်။ လူတို့သည် အချည်းနှီးကြိုးစားအားထုတ်ခဲ့ကြပြီ။ လူမျိုးတကာတို့ ပင်ပန်းခဲ့သမျှ မီးစာဖြစ်သွားပြီ”ဟု မိန့်တော်မူ၏။
51:59 ပရောဖက်ယေရမိသည် ယုဒဘုရင်ဇေဒကိမင်းကြီး နန်းစံလေးနှစ်တွင် ဇေဒကိမင်းကြီးနှင့်အတူ ဘေဘီလုံမြို့သို့လိုက်ပါသွားသော မာသေယ၏မြေး၊ နေရိ၏သား စရာယအား စာပေးလိုက်၏။
51:60 ထိုစာကား ဘေဘီလုံမြို့အပေါ်ကျရောက်မည့် ဘေးအန္တရာယ်အလုံးစုံကို စာလိပ်တစ်ခုတွင် ယေရမိ ရေးသားထားသောစာဖြစ်၏။ ထိုရေးထားသောစာအားလုံးသည် ဘေဘီလုံမြို့ကိုရည်ညွှန်း၏။
51:61 ယေရမိက စရာယအား “ဘေဘီလုံမြို့သို့ ရောက်သောအခါ သင်သည် ဤစာကို အကုန်အစင်သေသေချာချာဖတ်ပြပြီးလျှင်
51:62 ‘အို ထာဝရဘုရား၊ ကိုယ်တော်က ဤအရပ်ကို ငါဖျက်ဆီးပစ်မည်။ နေထိုင်သူမရှိ။ လူမှစ၍ တိရစ္ဆာန်လည်းမရှိ။ လူသူကင်းမဲ့ရာအရပ် အစဉ်ဖြစ်စေမည်ဟု ဤအရပ်နှင့်ပတ်သက်၍ မိန့်တော်မူခဲ့ပြီ’ဟူ၍ လျှောက်ဆိုရမည်။
51:63 ဤစာကို သင်ဖတ်ပြပြီးသောအခါ စာလိပ်ကိုကျောက်ခဲနှင့်အတူချည်၍ ယူဖရေးတီးမြစ်ထဲသို့ ပစ်ချပြီးလျှင်
51:64 ‘ငါသည် ထိုမြို့ပေါ်သို့ ဘေးအန္တရာယ်ကျရောက်စေမည်ဖြစ်၍ ထိုစာလိပ်ကဲ့သို့ ဘေဘီလုံမြို့သည် နစ်မြုပ်ရလိမ့်မည်။ ပြန်ပေါ်လာတော့မည်မဟုတ်။ သူတို့သည် အားအင်ကုန်ခန်းကြလိမ့်မည်’ဟူ၍ သင်ဆိုရမည်”ဟု မှာကြားလေ၏။ ဤတွင် ယေရမိစကား ပြီးဆုံးသတည်း။