Jeremiah 6
6:1 အို ဗင်္ယာမိန်အမျိုးသားတို့၊ ဂျေရုဆလင်မြို့မှထွက်၍ လုံခြုံရာသို့ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ အချက်ပြမီးကို မြှောက်ပြကြလော့။ ပျက်စီးခြင်းဘေးအန္တရာယ်ကြီးသည် မြောက်ဘက်အရပ်မှ ထွက်ပေါ်လာပြီ။
6:2 နူးညံ့လှပသော ဇိအုန်သမီးပျိုကို ငါသုတ်သင်ပယ်ရှင်းမည်။
6:3 သိုးထိန်းတို့သည် မိမိတို့၏သိုးအုပ်များနှင့်အတူ လာ၍ ဇိအုန်မြို့ပတ်ပတ်လည်၌ တဲထိုးကြမည်။ အသီးသီး မိမိစားကျက်၌ ကျက်စားကြမည်”ဟု မိန့်တော်မူ၏။
6:4 ဇိအုန်မြို့ကို စစ်တိုက်ရန် ပြင်ဆင်ကြ။ ထကြ။ မွန်းတည့်ချိန်၌ စစ်ချီကြစို့။ အလို ငါတို့ခက်ပြီ။ ညနေစောင်းပြီ။ နေဝင်တော့မည်။ နေ့အချိန်ကုန်လွန်ပြီ။
6:5 ထကြ။ ညအချိန် စစ်ချီသွား၍ ဇိအုန်မြို့၏ခံတပ်များကို ဖျက်ဆီးကြစို့။
6:6 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဂျေရုဆလင်မြို့ကိုတိုက်ခိုက်ရန် သစ်ပင်ကိုခုတ်လှဲ၍ မြေကတုတ်ဖို့ကြလော့။ ဤမြို့သည် ဒဏ်ခတ်ခံရမည့်မြို့ဖြစ်၏။ မြို့ထဲတွင် ဖိနှိပ်ချုပ်ချယ်မှုဖြင့် ပြည့်၏။
6:7 ရေတွင်းမှရေထွက်လာသကဲ့သို့ ထိုမြို့ထဲမှမကောင်းမှုထွက်လာ၏။ မြို့ထဲ၌ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖျက်ဆီးခြင်းသတင်းကို ကြားရ၏။ ရောဂါဝေဒနာ၊ ထိခိုက်ဒဏ်ရာသည် ငါ့ရှေ့၌ အစဉ်ရှိ၏။
6:8 အို ဂျေရုဆလင်မြို့၊ ဆုံးမပဲ့ပြင်ခြင်းကိုခံယူလော့။ သို့မဟုတ်လျှင် သင့်ကို ငါစွန့်ခွာသွားမည်။ သင့်ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ် ဖြစ်စေမည်”ဟု မိန့်တော်မူ၏။
6:9 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စပျစ်သီးအကြွင်းအကျန်တို့ကို တစ်လုံးမကျန်ဆွတ်ခူးသကဲ့သို့ အစ္စရေးလူမျိုးအကြွင်းအကျန်တို့ကို ဆွတ်ခူးကြလိမ့်မည်။ စပျစ်သီးဆွတ်ခူးသောသူကဲ့သို့ သင့်လက်ကို စပျစ်နွယ်များကြားသို့ လှမ်းလိုက်ဦးလော့”ဟု မိန့်တော်မူ၏။
6:10 သူတို့သည် အကျွန်ုပ်၏စကားကိုနားထောင်ကြမည့်အကြောင်း မည်သူ့ကိုပြောရမည်နည်း၊ မည်သူ့ကိုသတိပေးရမည်နည်း။ သူတို့၏နားသည် အရေဖျားလှီးခြင်းမခံသောနားဖြစ်၍ နားမထောင်နိုင်ကြ။ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို မနှစ်သက်၊ ပြက်ရယ်ပြုကြ၏။
6:11 သို့ဖြစ်၍ ထာဝရဘုရား၏အမျက်ဒေါသသည် အကျွန်ုပ်ထဲ၌ပြည့်၍ မထမ်းနိုင်လောက်အောင် ပင်ပန်းလှ၏။ “ထိုအမျက်ဒေါသကို လမ်းပေါ်ရှိ ကလေးသူငယ်များနှင့်တကွ လူငယ်အစုအဝေးတို့အပေါ် သွန်ချလော့။ လင်မယား၊ သက်ကြီးရွယ်အိုတို့သည်လည်း ဖမ်းဆီးခြင်းခံရလိမ့်မည်။
6:12 ထိုပြည်သားတို့အပေါ် ငါ၏လက်ကိုဆန့်မည်ဖြစ်၍ သူတို့၏မယားများနှင့်တကွ အိမ်များ၊ လယ်ယာများသည် အခြားသူများလက်ထဲသို့ ရောက်သွားလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
6:13 “အဘယ်ကြောင့်ဆိုသော် အငယ်ဆုံးမှစ၍ အကြီးဆုံးတိုင်အောင် ထိုသူအပေါင်းတို့သည် မတရားသောအကျိုးစီးပွားကို တပ်မက်ကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်အပေါင်းတို့သည်လည်း မဟုတ်မမှန်ပြုမူတတ်ကြ၏။
6:14 ငြိမ်းချမ်းမှုမရှိသော်လည်း ‘ငြိမ်းချမ်းသည်၊ ငြိမ်းချမ်းသည်’ဟု ဆိုလျက် ငါ့လူမျိုးတော်၏ဒဏ်ရာကို ပေါ့ပေါ့တန်တန်ကုသပေးကြ၏။
6:15 သူတို့သည် စက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
6:16 ထာဝရဘုရားက “လမ်းများ၌ရပ်၍ ကြည့်ကြလော့။ ရှေးလမ်းဟောင်းကို ရှာဖွေလျက် ကောင်းသောလမ်းအဘယ်မှာရှိသနည်းဟု မေးမြန်း၍ ထိုလမ်းကိုလိုက်လျှင် သင်တို့၏စိတ်ဝိညာဉ် သက်သာရာရလိမ့်မည်။ သို့သော် သူတို့က ‘ထိုလမ်းသို့ ငါတို့မလိုက်’ဟု ဆိုကြ၏။
6:17 ငါသည် ကင်းစောင့်တို့ကိုခန့်ထား၍ ‘တံပိုးမှုတ်သံကို အာရုံစိုက်နားထောင်ကြ’ဟု ဆိုသော်လည်း သူတို့က ‘ငါတို့ နားမထောင်’ဟု ဆိုကြ၏။
6:18 ထို့ကြောင့် အို လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ အို လူအစုအဝေးတို့၊ သူတို့၌ဖြစ်လာမည့်အရာကို စောင့်ကြည့်ကြလော့။
6:19 အို ကမ္ဘာမြေကြီး၊ နားထောင်လော့။ ဤလူမျိုးသည် ငါ့စကားကို အာရုံမစိုက်။ ငါ၏ပညတ်တရားကိုလည်း ငြင်းပယ်ကြသောကြောင့် ငါသည် သူတို့ထံသို့ သူတို့အကြံအစည်၏အကျိုးဆက်ဖြစ်သည့် ဘေးအန္တရာယ်ကို ယူဆောင်လာမည်။
6:20 ငါ့ထံ သင်တို့ယူလာသော ရှေဘပြည်မှလော်ဗန်၊ ဝေးသောပြည်မှမွှေးကြိုင်သောခါနဲ ကို ငါဘာလုပ်ရမည်နည်း။ သင်တို့၏မီးရှို့ရာယဇ်ကို ငါလက်မခံ။ သင်တို့၏ပူဇော်သက္ကာကို ငါမနှစ်သက်”ဟု မိန့်တော်မူ၏။
6:21 ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ဤလူမျိုးရှေ့တွင် ခလုတ်တံသင်းကိုချထားမည်။ အဖေနှင့်သားတို့သည် ခလုတ်တိုက်လဲကျကြလိမ့်မည်။ အိမ်နီးနားချင်းနှင့်အပေါင်းအဖော်တို့သည် ပျက်စီးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
6:22 ထာဝရဘုရားက “မြောက်အရပ်မှ လူမျိုးတစ်မျိုးရောက်လာမည်။ မြေကြီးစွန်းမှ လူမျိုးကြီးတစ်မျိုး ထကြွမည်။
6:23 သူတို့သည် လေးနှင့်လှံကိုစွဲကိုင်သောလူမျိုး၊ ရက်စက်ကြမ်းကြုတ်သောလူမျိုး၊ ကရုဏာကင်းသောလူမျိုးဖြစ်၏။ သူတို့၏အသံသည် သမုဒ္ဒရာမြည်ဟိန်းသံကဲ့သို့ဖြစ်၏။ အို ဇိအုန်သမီးပျို၊ ထိုသူတို့သည် မြင်းကိုစီး၍ စစ်သူရဲကဲ့သို့စစ်ခင်းကျင်းပြီး သင့်ကိုလာတိုက်နေပြီ”ဟု မိန့်တော်မူ၏။
6:24 ထိုသတင်းကိုကြားသောအခါ ငါတို့၏လက်များ ပျော့ခွေသွား၏။ ဆင်းရဲဒုက္ခသည် ငါတို့ကို ဖိစီးပြီ။ ငါတို့သည် သားဖွားမိန်းမကဲ့သို့ဝေဒနာခံစားရပြီ။
6:25 ရန်သူ၌ ဓားပါ၍ ပတ်ပတ်လည်၌ အန္တရာယ်ရှိသောကြောင့် ကွင်းပြင်သို့မသွားနှင့်။ လမ်းမပေါ် မထွက်နှင့်။
6:26 အို ငါ့လူမျိုးသမီးပျို၊ ပျက်စီးခြင်းသည် ငါတို့ထံ ရုတ်တရက်ရောက်လာမည်ဖြစ်၍ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာ၌လူးလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းသကဲ့သို့ ခါးသီးစွာငိုကြွေးလော့။
6:27 “သတ္တုစစ်သောသူကဲ့သို့ ငါ့လူမျိုးတော်ကို စစ်ဆေးသူအဖြစ်သင့်ကို ငါခန့်ထားပြီ။ ငါ့လူမျိုးတော်၏အကျင့်အကြံတို့ကို သိရှိဖို့ သူတို့ကို စစ်ဆေးရမည်။”
6:28 သူတို့အားလုံးသည် ကြေးနီကဲ့သို့၊ သံကဲ့သို့ ခေါင်းမာ၍ ပုန်ကန်တတ်၏။ အတင်းအဖျင်းလိုက်ပြောတတ်၏။ သူတို့အားလုံး အကျင့်ပျက်ပြားကြ၏။
6:29 ဖားဖို၌ မီးတောက်နေပြီ။ ခဲကို မီးလောင်ကုန်ပြီ။ သို့သော် သန့်စင်သောသူသည် အချည်းနှီးသန့်စင်ပြီ။ ဆိုးညစ်သောသူများ မပပျောက်။
6:30 ထိုသူတို့ကို ထာဝရဘုရားပယ်တော်မူပြီဖြစ်၍ သူတို့သည် ပယ်ထားသောငွေဟူ၍ အခေါ်ခံရမည်။