Lamentations 4
4:1 ရွှေသည် အရောင်မှိန်သွားပါပြီတကား။ ရွှေစင်သည် အရောင်ပြောင်းသွားပါပြီတကား။ သန့်ရှင်းရာဌာနမှ ကျောက်များသည်လည်း လမ်းဆုံလမ်းခွတို့၌ ပြန့်ကျဲနေပါပြီတကား။
4:2 ရွှေစင်သဖွယ်အဖိုးတန်သော ဇိအုန်မြို့သားတို့ကို အိုးထိန်းသည်လက်ဖြင့်လုပ်သောမြေအိုးကဲ့သို့ ထင်မှတ်ကြလေပြီတကား။
4:3 ခွေးအတို့ပင်လျှင် သားပေါက်ကို နို့တိုက်တတ်၏။ ငါ့လူမျိုးသမီးပျိုတို့မူကား ကန္တာရငှက်ကုလားအုတ်ကဲ့သို့ ရက်စက်တတ်ပါသည်တကား။
4:4 နို့စို့ကလေးငယ်သည် နို့ဆာသောကြောင့် သူ၏လျှာသည် အာခေါင်၌ ကပ်နေ၏။ ကလေးသူငယ်တို့သည် မုန့်ကိုတောင်းသော်လည်း ပေးမည့်သူတစ်ယောက်မျှမရှိ။
4:5 စားကောင်းသောက်ဖွယ်များ စားခဲ့ရသောသူတို့သည်လည်း လမ်းများပေါ်မှာ ငတ်မွတ်သေကျေကြရလေပြီ။ ကြက်သွေးရောင်အိပ်ရာပေါ်မှာ စံစားခဲ့ရသောသူတို့သည်လည်း နောက်ချေးပုံပေါ်၌ အိပ်ရလေပြီ။
4:6 မည်သူမျှမတိုက်ခိုက်ဘဲ တစ်ခဏအတွင်း ပြိုလဲသွားသော သောဒုံမြို့ခံရသောအပြစ်ဒဏ်ထက် ငါ့လူမျိုးသမီးပျို ခံရသောအပြစ်ဒဏ်သည် ကြီးလေးပါသည်တကား။
4:7 သူ၏အကြီးအကဲတို့သည် နှင်းပွင့်ထက်စင်ကြယ်၍ နို့ရည်ထက်ဖြူခဲ့၏။ သူတို့၏အသားအရေသည် ပတ္တမြားထက်နီ၏။ နီလာကဲ့သို့ တောက်ပသောအဆင်း ရှိခဲ့၏။
4:8 ယခုမူ သူတို့၏အသားသည် မီးသွေးထက်မည်းသဖြင့် လမ်းတွင်တွေ့လျှင်ပင် မမှတ်မိ၊ အသားအရေသည် အရိုး၌ကပ်နေသဖြင့် ထင်းခြောက်သဖွယ် ဖြစ်လေပြီ။
4:9 ဓားဘေးဖြင့် သေရသောသူတို့သည် လယ်ယာသီးနှံမထွက်သောကြောင့် ငတ်မွတ်၍ သေရသောသူတို့ထက် သာ၍ကောင်း၏။
4:10 သနားကြင်နာတတ်သောမိန်းမများပင်လျှင် မိမိရင်သွေးများ၏အသားကို ချက်ပြုတ်စားကြပြီ။ ငါ့လူမျိုးသမီးပျိုသည် ဆင်းရဲဒုက္ခရောက်သောကာလ၌ သူတို့ရင်သွေးသည် သူတို့အတွက် စားစရာဖြစ်လေပြီ။
4:11 ထာဝရဘုရား ပြင်းစွာအမျက်ထွက်လေပြီ။ အမျက်တော်မီးကို သွန်ချလေပြီ။ ဇိအုန်မြို့ကိုမီးရှို့၍ မြို့၏အုတ်မြစ်ကိုပါ လောင်ကျွမ်းစေလေပြီ။
4:12 ရန်ပြုလာသောရန်သူတို့ ဂျေရုဆလင်မြို့တံခါးထဲ ဝင်ရောက်လာနိုင်သည်ကို မည်သည့်မြေကြီးဘုရင်မျှ၊ မည်သည့်လောကလူသားမျှ မယုံနိုင်ကြပေ။
4:13 ဖြောင့်မတ်သောသူတို့၏သွေးကို မြို့လယ်ခေါင်၌ သွန်းခဲ့သော ပရောဖက်တို့၏အပြစ်၊ ယဇ်ပုရောဟိတ်တို့၏ဒုစရိုက်များကြောင့် ဤသို့ဖြစ်ရလေပြီ။
4:14 သူတို့သည် လမ်းများပေါ်တွင် မမြင်မကန်းလှည့်လည်သွားလာနေကြ၏။ သူတို့သည် သွေးဖြင့်ညစ်စွန်းနေသောကြောင့် မည်သူမျှသူတို့အဝတ်ကို မထိဝံ့ကြ။
4:15 လူတို့ကလည်း သူတို့အား “ထွက်သွားကြ၊ မစင်ကြယ်သောသူတို့၊ ထွက်သွားကြ၊ ထွက်သွားကြ။ ငါတို့ကို မထိနှင့်”ဟု ဟစ်အော်ကြ၏။ သူတို့လည်း ထွက်သွား၍ လှည့်လည်သွားလာကြရ၏။ လူမျိုးတကာတို့ကလည်း “ငါတို့နှင့်အတူ မနေကြတော့နှင့်”ဟု ဆိုကြ၏။
4:16 ထာဝရဘုရားကိုယ်တော်တိုင် သူတို့ကို ကွဲလွင့်စေတော်မူပြီ။ သူတို့ကို မကြည့်ရှုတော့ပေ။ လူတို့သည် ယဇ်ပုရောဟိတ်တို့ကို မရိုသေကြ။ သက်ကြီးဝါကြီးတို့ကို မသနားကြ။
4:17 ငါတို့သည် ကူညီမစခြင်းကို အချည်းနှီးစောင့်မျှော်လျက် ငါတို့မျက်စိသည် အားအင်ကုန်ခန်းလေပြီ။ မကယ်တင်နိုင်သောလူမျိုးခြားကို စောင့်မျှော်နေမိပြီ။
4:18 သူတို့သည် ငါတို့ကို ခြေရာခံလိုက်ကြသောကြောင့် လမ်းပေါ်၌ ငါတို့မသွားမလာနိုင်။ ငါတို့နိဂုံးချုပ်ချိန် နီးလာပြီ။ ငါတို့နိဂုံးချုပ်ချိန် ရောက်လာပြီဖြစ်၍ ငါတို့အသက်ရှင်ရသောနေ့ ကုန်ဆုံးလေပြီ။
4:19 ငါတို့ကို လိုက်သောသူတို့သည် ကောင်းကင်လင်းယုန်ငှက်ထက် သာ၍လျင်မြန်ကြ၏။ တောင်များပေါ်တွင် ငါတို့ကို အပြင်းအထန်လိုက်ကြ၏။ တောကန္တာရတွင်လည်း ငါတို့ကို ချောင်းမြောင်းကြ၏။
4:20 ငါတို့က “လူမျိုးခြားတို့တွင် ထိုသူ၏အရိပ်အောက်၌ ငါတို့ခိုလှုံအသက်ရှင်ကြမည်”ဟု ဆိုခဲ့သော်လည်း ငါတို့၏အသက်သခင်ဖြစ်သော၊ ထာဝရဘုရားဘိသိက်ပေးသော ထိုသူသည် သူတို့တူးသောတွင်းထဲသို့ ကျလေပြီ။
4:21 ဥဇပြည်၌နေထိုင်သော ဧဒုံသမီးပျို၊ ရွှင်မြူးထားနှင့်လော့။ ဝမ်းမြောက်ထားနှင့်လော့။ ဖလားတော်သည် သင့်ထံကူးလာမည်ဖြစ်၍ သင်သည်သောက်၍ ယစ်မူးသဖြင့် အဝတ်အချည်းစည်းဖြစ်ရလိမ့်မည်။
4:22 အို ဇိအုန်သမီးပျို၊ သင်ခံရသောအပြစ်ဒဏ်ပြီးဆုံးလေပြီ။ သင်သည် ဖမ်းခေါ်သွားခြင်းခံရတော့မည်မဟုတ်။ အို ဧဒုံသမီးပျို၊ သင်မူကား ဒဏ်ခတ်ခံရလိမ့်မည်။ သင်၏အပြစ်များကို ဖော်ထုတ်တော်မူမည်။