Daniel 1
1:1 ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံတတိယနှစ်တွင် ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ချီတက်၍ မြို့ကိုဝိုင်းထား၏။
1:2 ဘုရားရှင်သည် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်တကွ ဘုရားသခင်၏အိမ်တော်တန်ဆာပလာအချို့ကို နေဗုခဒ်နေဇာလက်သို့ အပ်လိုက်တော်မူ၏။ ရှင်ဘုရင်သည်လည်း ထိုအရာတို့ကို ရှိနာပြည်ရှိ မိမိဘုရားများ၏ဗိမာန်သို့ယူဆောင်သွား၍ ထိုတန်ဆာပလာတို့ကို မိမိဘုရားအများ၏ဘဏ္ဍာတိုက်ထဲသို့ သွင်းထားလေ၏။
1:3 ထို့နောက် ရှင်ဘုရင်သည် နန်းတော်အုပ် အာရှာပေနတ်ကိုခေါ်၍ အစ္စရေးအမျိုးသား မင်းမျိုးမင်းနွယ်၊ မှူးမျိုးမတ်နွယ်တို့ထဲမှ
1:4 ကိုယ်အင်္ဂါမချို့ယွင်းသူ၊ ကိုယ်ခန္ဓာသန်မာထွားကျိုင်းသူ၊ ဘက်စုံထူးချွန်သူ၊ အသိပညာကြွယ်ဝသူ၊ နန်းတွင်း၌အမှုထမ်းနိုင်စွမ်းသူ လူငယ်တို့ကို ခါလဒဲစာပေနှင့် ဘာသာစကားကို သင်ကြားပေးရန် အမိန့်ပေးလေ၏။
1:5 ရှင်ဘုရင်သည် ထိုသူတို့အား ဘုရင်စားသောအစားအစာ၊ ဘုရင်သောက်သောစပျစ်ဝိုင်ကို နေ့စဉ်ကျွေးမွေး၍ သုံးနှစ်တိုင်တိုင် သင်ကြားလေ့ကျင့်ပေးစေ၏။ သုံးနှစ်စေ့သောအခါ ဘုရင့်ရှေ့တော်တွင် အမှုထမ်းရန် စီရင်၏။
1:6 ထိုသူတို့ထဲတွင် ယုဒအမျိုးသားထဲမှ ဒံယေလ၊ ဟာနနိယ၊ မိရှေလ၊ အာဇရိ တို့ပါ၏။
1:7 နန်းတော်အုပ်က သူတို့အား နာမည်သစ်များပေး၏။ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိယကို ရှာဒရက်၊ မိရှေလကို မေရှက်၊ အာဇရိကို အဗေဒနေဂေါ ဟုအမည်ပေး၏။
1:8 ဒံယေလသည် ဘုရင့်အစားအစာနှင့် ဘုရင်သောက်သောစပျစ်ဝိုင်တို့ဖြင့် မိမိကိုယ်ကိုမညစ်ညူးစေရန် စိတ်ပိုင်းဖြတ်ထားသဖြင့် ထိုအရာတို့ဖြင့် မိမိကိုယ်ကိုညစ်ညူးအောင်မပြုပါရစေနှင့်ဟု နန်းတော်အုပ်ထံ အခွင့်တောင်းလေ၏။
1:9 နန်းတော်အုပ်သည် ဒံယေလအား ကျေးဇူးပြုလိုသောစိတ်၊ သနားလိုသောစိတ်ရှိအောင် ဘုရားသခင်ပြုပေးတော်မူ၏။
1:10 နန်းတော်အုပ်ကလည်း ဒံယေလအား “သင်တို့စားသောက်ရန် ကြီးကြပ်စီမံပေးသော ငါ့အရှင်ဘုရင်ကို ငါကြောက်၏။ သင်တို့မျက်နှာသည် သင်တို့နှင့်သက်တူရွယ်တူလူငယ်တို့၏မျက်နှာနှင့်မတူ ညှိုးငယ်နေမည်ကို အဘယ်ကြောင့် သူ့ကို မြင်စေမည်နည်း။ သို့ဖြစ်လျှင် ငါသည် ဘုရင်ထံမှ အပြစ်ဒဏ်ခံရလိမ့်မည်”ဟု ပြန်ပြော၏။
1:11 ထိုအခါ ဒံယေလက မိမိအပါအဝင် ဟာနနိယ၊ မိရှေလ၊ အာဇရိတို့ကို ကြည့်ရှုပေးရန် နန်းတော်အုပ်ခန့်ထားသောစားတော်ကဲထံသွား၍
1:12 “အသင့်အစေအပါးတို့အား ဟင်းသီးဟင်းရွက်ကိုသာကျွေး၍ ရေကိုသာတိုက်ခြင်းဖြင့် ဆယ်ရက်စမ်းသပ်ကြည့်ပါ။
1:13 ထို့နောက် အကျွန်ုပ်တို့၏ရုပ်ဆင်းသွင်ပြင်နှင့် ဘုရင့်အစားအစာကိုစားသောလူငယ်တို့၏ရုပ်ဆင်းသွင်ပြင်ကို ယှဉ်ကြည့်ပါ။ သို့ပြီးမှ အသင်မြင်သည့်အတိုင်း အသင့်ကျွန်တို့ကို စီရင်ပါ”ဟု ဆို၏။
1:14 စားတော်ကဲသည်လည်း ဒံယေလစကားကို သဘောတူ၍ ဆယ်ရက်စမ်းသပ်လေ၏။
1:15 ဆယ်ရက်စေ့သောအခါ သူတို့၏ရုပ်ဆင်းသွင်ပြင်သည် ဘုရင့်အစားအစာကိုစားသောအခြားလူငယ်တို့ထက် ပို၍ကျန်းမာကြံ့ခိုင်သည်ကို တွေ့ရ၏။
1:16 ထိုအခါ စားတော်ကဲသည် သူတို့စားဖို့အစာ၊ သောက်ဖို့စပျစ်ဝိုင်တို့အစား သူတို့အား ဟင်းသီးဟင်းရွက်များကိုသာ ကျွေးလေ၏။
1:17 ဘုရားသခင်သည် ထိုလူငယ်လေးဦးအား ထိုးထွင်းဉာဏ်၊ စာပေကျမ်းဂန်အလုံးစုံကို နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူ၏။ ထို့ပြင် ဒံယေလကို ဗျာဒိတ်နိမိတ်နှင့် အိပ်မက်အနက်ကို နားလည်နိုင်သောဉာဏ်ကိုလည်း ပေးသေး၏။
1:18 ဤသို့ဖြင့် သူတို့ကို ဘုရင့်ရှေ့တော်သွင်းရမည့်နေ့ရောက်လာသောအခါ နန်းတော်အုပ်သည် သူတို့ကို နေဗုခဒ်နေဇာမင်းကြီးရှေ့တော်သို့ ခေါ်ဆောင်လာ၏။
1:19 ရှင်ဘုရင်သည် သူတို့နှင့်အပြန်အလှန်ပြောဆိုကြည့်သောအခါ ဒံယေလ၊ ဟာနနိယ၊ မိရှေလ၊ အာဇရိတို့ကဲ့သို့သောသူ တစ်ယောက်မျှမတွေ့။ ထို့ကြောင့် သူတို့သည် ဘုရင့်ထံပါး၌ ခစားခွင့်ရလေ၏။
1:20 ရှင်ဘုရင်မေးမြန်းသမျှသောဉာဏ်စမ်းမေးခွန်းတို့ကို ဖြေကြားရာတွင် သူတို့သည် တစ်နိုင်ငံလုံးရှိနတ်ဝိဇ္ဇာဆရာများ၊ ဂမ္ဘီရဆရာများထက် ဆယ်ဆမက သာသည်ကို ရှင်ဘုရင်တွေ့ရ၏။
1:21 ဒံယေလသည် ကုရုမင်းကြီးနန်းစံပထမနှစ်တိုင်အောင် ရှိနေခဲ့၏။