Daniel 12
12:1 ထိုကာလတွင် သင့်လူမျိုးကို စောင့်ရှောက်ပေးသော အထွတ်အမြတ်မင်းမိက္ခေလ ပေါ်လာလိမ့်မည်။ လူမျိုးတစ်မျိုးဖြစ်ပေါ်လာချိန်မှစ၍ ထိုကာလအထိ တစ်ခါမျှမဖြစ်ဖူးသောဆင်းရဲဒုက္ခကာလသည် ရောက်လာလိမ့်မည်။ သို့သော် ထိုနေ့ရက်တွင် စာစောင်ထဲ၌ စာရင်းဝင်သော သင့်လူမျိုးအားလုံး လွတ်မြောက်ခွင့်ရလိမ့်မည်။
12:2 ထိုအခါ မြေမှုန့်ထဲ၌ အိပ်ပျော်သောသူအမြောက်အမြားနိုးလာ၍ အချို့တို့သည် ထာဝရအသက်ရှင်ရလိမ့်မည်။ အချို့တို့သည် ကဲ့ရဲ့ခြင်း၊ ရွံရှာခြင်း ထာဝရခံရလိမ့်မည်။
12:3 ပညာသတိရှိသောသူတို့သည် မိုးမျက်နှာကြက်ကဲ့သို့ ထွန်းလင်းတောက်ပကြလိမ့်မည်။ လူများစွာကိုဖြောင့်မတ်ရာသို့ပို့ဆောင်ပေးသောသူတို့သည် ကြယ်များကဲ့သို့ အစဉ်ထွန်းလင်းတောက်ပနေလိမ့်မည်။
12:4 အို ဒံယေလ၊ သင်မူကား နောက်ဆုံးကာလတိုင်အောင် ဤစကားတို့ကို လျှို့ဝှက်ထားလော့၊ ဤစာစောင်ကို တံဆိပ်ခတ်ထားလော့။ လူအများတို့မူကား လှည့်လည်ရှာဖွေ၍ အသိပညာတိုးပွားကြလိမ့်မည်”ဟု ငါ့အား ပြောပြ၏။
12:5 ငါဒံယေလကြည့်လိုက်ရာ အခြားလူနှစ်ယောက်သည် မြစ်ကမ်းတစ်ဖက်တွင်တစ်ယောက်၊ အခြားတစ်ဖက်တွင်တစ်ယောက် ရပ်နေသည်ကို တွေ့ရ၏။
12:6 တစ်ယောက်က “ဤအံ့ဖွယ်အမှုသည် မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း”ဟု မြစ်ရေပြင်အထက်တွင်ရှိနေသော ပိတ်ချောထည်ဝတ်ဆင်ထားသူအား မေးလေ၏။
12:7 ထိုအခါ မြစ်ရေပြင်အထက်တွင်ရှိသော ပိတ်ချောထည်ဝတ်ဆင်ထားသူက လက်နှစ်ဖက်ကို ကောင်းကင်သို့မြှောက်၍ “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက် ကြာလိမ့်မည်။ သန့်ရှင်းသူတို့၏အင်အားကို တစ်စစီဖြိုခွဲပြီးမှ ဤအံ့ဖွယ်အမှုအားလုံး၏အဆုံးသည် ရောက်လိမ့်မည်”ဟု ထာဝရအသက်ရှင်တော်မူသောအရှင်ကို တိုင်တည်၍ ပြောဆိုသည်ကို ငါကြားရ၏။
12:8 ထိုစကားတို့ကိုကြားရသော်လည်း ငါနားမလည်။ ထို့ကြောင့် ငါက “အကျွန်ုပ်၏သခင်၊ ဤအံ့ဖွယ်အမှုတို့၏အဆုံး၌ မည်သို့ဖြစ်မည်နည်း”ဟု သူ့အား မေးလျှောက်၏။
12:9 ထိုအခါ သူက “ဒံယေလ၊ သင်သွားလော့။ ဤစကားတို့ကို နောက်ဆုံးသောကာလအထိ လျှို့ဝှက်ထား၍ တံဆိပ်ခတ်ထား၏။
12:10 လူအများတို့သည် သန့်ရှင်း၍ အပြစ်ကင်းစင်အောင် စစ်ကြောခြင်းခံရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့သည် ဆိုးယုတ်သောအမှုတို့ကိုသာ ပြုလိမ့်မည်။ ဆိုးယုတ်သူတစ်ယောက်မျှ သိနားလည်မည်မဟုတ်။ ပညာရှိသောသူတို့မူကား သိနားလည်ကြလိမ့်မည်။
12:11 နေ့စဉ်ပူဇော်သက္ကာကိုဖယ်ရှား၍ ဖျက်ဆီးတတ်သောရွံရှာဖွယ်ရာကိုတည်ထားချိန်မှစ၍ ရက်ပေါင်းတစ်ထောင့်နှစ်ရာ့ကိုးဆယ် ကြာလိမ့်မည်။
12:12 ရက်ပေါင်းတစ်ထောင့်သုံးရာသုံးဆယ့်ငါးရက်အထိ စောင့်မျှော်၍ မီသောသူသည် မင်္ဂလာရှိ၏။
12:13 သင်မူကား အဆုံးတိုင်အောင် ဆက်လျှောက်လော့။ သင်သည် ငြိမ်းချမ်းစွာနေရမည်။ နောက်ဆုံးသောနေ့ရက်ကာလ၌ သင်သည် ရပ်၍ အမွေဝေစုကိုခံယူရလိမ့်မည်”ဟု ငါ့အား ဆို၏။