Leviticus 19
19:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
19:2 “အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုလော့။ သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောအရှင်ဖြစ်သောကြောင့် သင်တို့သည်လည်း သန့်ရှင်းသောသူများဖြစ်ရမည်။
19:3 လူတိုင်း ကိုယ့်မိဘကို ရိုသေရမည်။ ငါ၏ဥပုသ်နေ့ကို စောင့်ထိန်းရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
19:4 သင်တို့သည် ရုပ်တုများဘက်သို့ မလှည့်ရ။ ဘုရားအများတို့၏ရုပ်တုကို သင်တို့အဖို့ မသွန်းလုပ်ရ။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
19:5 သင်တို့သည် ထာဝရဘုရားအား မိတ်သဟာယယဇ်ပူဇော်သောအခါ ထာဝရဘုရားလက်ခံအောင် ပူဇော်ရမည်။
19:6 ထိုယဇ်ကို ပူဇော်သောနေ့နှင့်နောက်တစ်နေ့၌စားရမည်။ သုံးရက်မြောက်သောနေ့အထိ ကျန်နေသေးလျှင် မီးရှို့ပစ်ရမည်။
19:7 သုံးရက်မြောက်သောနေ့၌ အနည်းငယ်မျှစားမိလျှင်ပင် ရွံရှာဖွယ်ရာဖြစ်၍ လက်ခံတော်မူမည်မဟုတ်။
19:8 စားမိသောသူသည် ထာဝရဘုရား၏သန့်ရှင်းသောယဇ်ကို ညစ်ညူးစေသည်ဖြစ်၍ ကိုယ့်အပြစ် ကိုယ်ခံရမည်။ ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
19:9 သင်တို့ပြည်တွင် ရိတ်သိမ်းချိန်၌ သီးနှံရိတ်သိမ်းသောအခါ သင့်လယ်၏အစွန်အဖျားကို အကုန်အစင်မရိတ်ရ။ ရိတ်သိမ်းပြီးသောအခါတွင်လည်း ကောက်သင်းမကောက်ရ။
19:10 သင်၏စပျစ်ခြံတွင် ကောက်သင်းမကောက်ရ။ သင့်စပျစ်ခြံမှ ကြွေကျသောစပျစ်သီးကိုလည်း မကောက်ရ။ ဆင်းရဲသားနှင့်တိုင်းတစ်ပါးသားတို့အတွက် ချန်ထားရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
19:11 မခိုးရ။ မလိမ်ညာရ။ သူတစ်ပါးကို မလှည့်စားရ။
19:12 ငါ့နာမတော်ကိုတိုင်တည်၍ မဟုတ်မမှန်ကျိန်ဆိုခြင်းမပြုရ။ သင့်ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
19:13 မိမိအိမ်နီးချင်းကို အနိုင်အထက်မပြုရ။ သူ့ဥစ္စာကို မလုယူရ။ သူရင်းငှား၏လုပ်အားခကို တစ်ညလုံးနံနက်တိုင်အောင် မဆိုင်းထားရ။
19:14 နားမကြားသောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူ၏ရှေ့၌ ခလုတ်တံသင်းကိုမထားရ။ သင်၏ဘုရားသခင်ကို သင်ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
19:15 တရားစီရင်ရာတွင် မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူကို ဘက်မလိုက်ရ။ ချမ်းသာသောသူကိုလည်း မလိုက်လျောရ။ သင်၏အိမ်နီးချင်းကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
19:16 သင်၏လူမျိုးတို့တွင် လှည့်လည်၍ သူတစ်ပါးအသရေပျက်အောင် မပြောရ။ သင်၏အိမ်နီးချင်းကို အသက်အန္တရာယ်ဖြစ်အောင် မပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
19:17 သင်၏ညီအစ်ကိုကို စိတ်ထဲ၌ အမုန်းမထားရ။ သင့်အိမ်နီးချင်းကြောင့် သင်အပြစ်မသင့်မည့်အကြောင်း သူ့ကို မဆုံးမဘဲမနေနှင့်။
19:18 သင်၏အမျိုးသားချင်းကို လက်တုံ့မပြန်ရ။ အငြိုးမထားရ။ ကိုယ့်အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
19:19 သင်သည် ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းရမည်။ အမျိုးမတူသောတိရစ္ဆာန်ကို မိတ်မလိုက်စေရ။ သင်၏လယ်ထဲ၌ အမျိုးမတူသောမျိုးစေ့ကို ရောမကြဲရ။ အမျိုးမတူသောချည်ဖြင့် ရက်ထားသောအဝတ်ကို မဝတ်ရ။
19:20 ယောက်ျားတစ်ယောက်သည် မိမိကျွန်မအား အခြားယောက်ျားတစ်ယောက်ကိုပေးရန် သဘောတူထားသော်လည်း ထိုကျွန်မသည် ရွေးယူခြင်းမခံရသေး၊ လွတ်လပ်ခွင့်လည်းမရသေးခင် ထိုကျွန်မနှင့်မေထုန်ပြုလျှင် ထိုက်သင့်သောအပြစ်ဒဏ်ကိုခံရမည်။ သို့သော် ထိုကျွန်မသည် လွတ်လပ်သောသူမဟုတ်သေးသောကြောင့် သူတို့သည် သေဒဏ်မခံရ။
19:21 ထိုယောက်ျားသည် မိမိ၏အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်သောသိုးထီးတစ်ကောင်ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားထံ ယူဆောင်လာရမည်။
19:22 ယဇ်ပုရောဟိတ်သည် ထိုသူကျူးလွန်ခဲ့သောအပြစ်အတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်သောသိုးထီးဖြင့် ထိုသူအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ ထိုအခါ သူသည် မိမိကျူးလွန်ခဲ့သည့်အပြစ်မှ အပြစ်လွတ်လိမ့်မည်။
19:23 သင်တို့သည် ငါပေးသောပြည်သို့ရောက်သောအခါ မည်သည့်သီးစားပင်ကိုမဆို သင်တို့စိုက်ပျိုး၍ အသီးသီးလျှင် ထိုအသီးကို အရေဖျားလှီးခြင်းမခံထား သောအသီးအဖြစ် သတ်မှတ်ရမည်။ သုံးနှစ်အတွင်း သင်တို့အတွက် အရေဖျားလှီးခြင်းမခံထားသောအသီး ဖြစ်၏။ ထိုအသီးကို မစားရ။
19:24 လေးနှစ်မြောက်၌ သီးသောအသီးရှိသမျှသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောချီးမွမ်းရာပူဇော်သက္ကာဖြစ်ရမည်။
19:25 ငါးနှစ်မြောက်၌ သီးသောအသီးကို သင်တို့စားသုံးနိုင်၏။ သို့ပြုလျှင် သင်တို့၏သီးနှံတိုးပွားလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
19:26 သွေးပါသောအသားကို မစားရ။ ဟူးရားအတတ်၊ ဗေဒင်အတတ်ကို မကျင့်သုံးရ။
19:27 သင်တို့၏နားသယ်မွေးကို မရိတ်ရ။ သင်တို့၏မုတ်ဆိတ်မွေးအဖျားကို မညှပ်ရ။
19:28 သေသောသူအတွက် သင်တို့အသားကို မခုတ်မရှရ။ သင်တို့ကိုယ်ပေါ်၌ ဆေးမင်ကြောင် မထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏။
19:29 သင်၏သမီးကို ပြည့်တန်ဆာလုပ်ခိုင်းခြင်းဖြင့် အသရေပျက်အောင်မလုပ်ရ။ လုပ်ခိုင်းလျှင် ပြည်သည် ပြည့်တန်ဆာပြည်ဖြစ်လာ၍ ညစ်ညမ်းသောအမှုနှင့်ပြည့်နှက်လိမ့်မည်။
19:30 ငါ၏ဥပုသ်နေ့ကို စောင့်ထိန်း၍ ငါ၏သန့်ရှင်းရာဌာနကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
19:31 သင်တို့သည်နတ်ဝင်သည်များနှင့် နတ်ထိန်းများအားဖြင့် ညစ်ညူးခြင်းသို့မရောက်အောင် သူတို့ထံသို့ မသွားနှင့်။ သူတို့ကို မမေးမြန်းနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
19:32 ဆံပင်ဖြူသူ ကို အရိုအသေပေး ရမည်။ အသက်ကြီးသူကို လေးစားရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
19:33 သင်တို့ပြည်တွင် တိုင်းတစ်ပါးသားသည် သင်နှင့်အတူ တည်းခိုနေထိုင်သောအခါ သူ့ကို နိုင်ထက်စီးနင်းမပြုရ။
19:34 သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသည်ဖြစ်၍ သင်တို့ထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားကို ကိုယ့်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ သူ့ကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
19:35 တရားစီရင်ရာတွင်ဖြစ်စေ၊ တိုင်းထွာရာတွင်ဖြစ်စေ၊ ချိန်တွယ်ရာတွင်ဖြစ်စေ၊ ရေတွက်ရာတွင်ဖြစ်စေ မတရားသဖြင့်မပြုလုပ်ရ။
19:36 မှန်သောချိန်ခွင်၊ မှန်သောအလေး၊ မှန်သောဧဖာ၊ မှန်သောဟိန်ကို သုံးရမည်။ ငါသည် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
19:37 ငါ၏ပြဋ္ဌာန်းချက်၊ ငါ၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို စောင့်ထိန်းရမည်။ လိုက်နာရမည်။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။