Leviticus 2
2:1 တစ်စုံတစ်ယောက်သည် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ကို ပူဇော်ရမည်။ ဂျုံမှုန့်ပေါ်တွင် ဆီကိုလောင်း၍ လော်ဗန်ကို တင်ထားပြီးလျှင်
2:2 အာရုန်၏သားယဇ်ပုရောဟိတ်တို့ထံသို့ ယူဆောင်လာရမည်။ ယဇ်ပုရောဟိတ်သည် ပူဇော်သက္ကာအမှတ်သညာအဖြစ် ထိုပူဇော်သက္ကာထဲမှ လော်ဗန်ရှိသမျှနှင့်တကွ အကောင်းဆုံးဂျုံမှုန့်နှင့်ဆီကို လက်တစ်ဆုပ်စာယူ၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့ဖြစ်၏။
2:3 ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာသည် အာရုန်နှင့်သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပူဇော်သောယဇ်များထဲမှ အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။
2:4 သင်သည် မီးဖိုနှင့်ဖုတ်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ဖြင့်ပြုလုပ်သည့် ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်ဖြစ်ရမည်။
2:5 ဒယ်ပြားပေါ်တွင်လုပ်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ဖြင့်ပြုလုပ်သည့် ဆီနှင့်ရောသောတဆေးမဲ့မုန့်ဖြစ်ရမည်။
2:6 ထိုမုန့်ကို တစ်စစီချိုးဖဲ့၍ ထိုမုန့်ပေါ်၌ ဆီလောင်းရမည်။ ဤသည်ကား ဘောဇဉ်ပူဇော်သက္ကာဖြစ်၏။
2:7 သင်သည် အိုးကင်းဖြင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ဖြင့်လုပ်၍ ဆီဖြင့်ကြော်ရမည်။
2:8 အကောင်းဆုံးဂျုံမှုန့်တို့ဖြင့် ပြုလုပ်ထားသောဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားထံယူဆောင်လာရမည်။ ယဇ်ပုရောဟိတ်ထံအပ်၍ သူသည် ယဇ်ပလ္လင်သို့ယူသွားရမည်။
2:9 ယဇ်ပုရောဟိတ်သည် ပူဇော်သက္ကာအမှတ်သညာကို ဘောဇဉ်ပူဇော်သက္ကာထဲမှယူ၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
2:10 ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာသည် အာရုန်နှင့်သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်များထဲမှ အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။
2:11 ထာဝရဘုရားအား သင်တို့ပူဇော်သည့်ဘောဇဉ်ပူဇော်သက္ကာတိုင်းသည် တဆေးပါသောမုန့်မဖြစ်ရ။ တဆေးဖြစ်စေ၊ ပျားရည်ဖြစ်စေ မည်သည်ကိုမျှ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မရှို့ရ။
2:12 သို့သော် ၎င်းတို့ကို အသီးဦးပူဇော်သက္ကာအဖြစ် ထာဝရဘုရားအား ပူဇော်နိုင်၏။ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ မရှို့ရ။
2:13 ဘောဇဉ်ပူဇော်သက္ကာပြုလေတိုင်း ဆားခတ်ရမည်။ ထိုဘောဇဉ်ပူဇော်သက္ကာထဲ၌ ဘုရားသခင်၏ပဋိညာဉ်ဆားကို ခတ်ရန်မမေ့နှင့်။ သင်ပူဇော်သက္ကာပြုလေတိုင်း ဆားခတ်ရမည်။
2:14 သင်သည် အဦးဆုံးသီးနှံ၏ဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားအား ပူဇော်လိုလျှင် အဦးဆုံးသီးနှံကို အနှံလိုက်မီးကင်၍ အစေ့ကိုကြိတ်ပြီး ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
2:15 ၎င်းပေါ်တွင် ဆီထည့်၍ လော်ဗန်ကို တင်ထားရမည်။ ဤသည်ကား ဘောဇဉ်ပူဇော်သက္ကာ ဖြစ်၏။
2:16 ယဇ်ပုရောဟိတ်သည် လော်ဗန်ရှိသမျှနှင့်တကွ ကြိတ်ထားသောအစေ့နှင့်ဆီထဲမှ ပူဇော်သက္ကာအမှတ်သညာကို ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် ရှို့ရမည်။