Leviticus 4
4:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
4:2 “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသောပညတ်တော်ထဲမှ ပညတ်ချက်တစ်ခုခုကို တစ်စုံတစ်ယောက်သည် မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိလျှင်လည်းကောင်း၊
4:3 ဘိသိက်ခံယဇ်ပုရောဟိတ်သည် အပြစ်ပြုသဖြင့် လူတို့အပေါ် အပြစ်သက်ရောက်စေလျှင်လည်းကောင်း သူကျူးလွန်သောအပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသည့် နွားထီးပျိုတစ်ကောင်ကို ထာဝရဘုရားအား ပူဇော်ရမည်။
4:4 သူသည် နွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်သို့ ဆွဲခေါ်လာ၍ မိမိလက်ကို နွားထီး၏ခေါင်းပေါ်၌ တင်ရမည်။ နွားထီးကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။
4:5 ဘိသိက်ခံယဇ်ပုရောဟိတ်သည် နွားထီး၏သွေးအချို့ကိုယူ၍ တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ ယူဆောင်လာရမည်။
4:6 ယဇ်ပုရောဟိတ်သည် မိမိ၏လက်ချောင်းကို သွေးထဲသို့နှစ်ရမည်။ သွေးအချို့ကို ထာဝရဘုရားရှေ့တော်၊ သန့်ရှင်းရာဌာန၏ကန့်လန့်ကာရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။
4:7 သွေးအချို့ကို ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်ထဲ၌ရှိသည့် အမွှေးနံ့သာပေါင်းယဇ်ပလ္လင်၏ချိုများ၌ သုတ်လိမ်းရမည်။ နွားထီး၏ကျန်သွေးအားလုံးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ရှိသော မီးရှို့ရာယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
4:8 အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးမှ အူကိုဖုံးနေသည့်အဆီ၊ အူ၌ရှိသည့်အဆီအားလုံး၊
4:9 ခါးအောက်ပိုင်းရှိကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိအဆီ၊ ကျောက်ကပ်နှင့်အတူခွာယူသည့် အသည်းပေါ်မှအဆီပျဉ်စသော နွားထီး၏အဆီအားလုံးကို
4:10 မိတ်သဟာယယဇ်ဖြစ်သောနွားမှထုတ်ယူသည့်အတိုင်း ထုတ်ယူရမည်။ ထိုအဆီတို့ကို ယဇ်ပုရောဟိတ်သည် မီးရှို့ရာယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။
4:11 သို့သော် နွားထီး၏အရေခွံ၊ အသားအားလုံးနှင့်တကွ ဦးခေါင်းနှင့် ခြေထောက်၊ အူနှင့် မစင်မှစ၍
4:12 နွားထီးကိုယ်ထည်တစ်ကိုယ်လုံးကို ပြာပုံထားရာတပ်စခန်းအပြင်ဘက်၊ သန့်ရှင်းသောနေရာသို့ယူသွား၍ ထင်းမီးပေါ်၌ ရှို့ရမည်။ ပြာပုံထားရာ နေရာတွင် ရှို့ရမည်။
4:13 အစ္စရေးလူထုအပေါင်းတို့သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်မိပြီး လူအစုအဝေးတို့သည် ထိုအမှုကို အပြစ်ဖြစ်မှန်းမသိမမြင်သော်လည်း သူတို့အပေါ်အပြစ်သက်ရောက်၍
4:14 သူတို့ကျူးလွန်သောအပြစ်ထင်ရှားလျှင် ထိုလူအစုအဝေးသည် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်ကို အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။ ထိုနွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့သို့ ဆွဲခေါ်လာရမည်။
4:15 လူထုထဲမှသက်ကြီးဝါကြီးတို့သည် ထာဝရဘုရားရှေ့တော်၌ မိမိတို့လက်ကို နွားထီး၏ခေါင်းပေါ်တွင် တင်ရမည်။ နွားထီးကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။
4:16 ဘိသိက်ခံယဇ်ပုရောဟိတ်သည် နွားထီး၏သွေးအချို့ကို တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ ယူသွားရမည်။
4:17 ယဇ်ပုရောဟိတ်သည် မိမိလက်ချောင်းကို သွေးထဲသို့နှစ်၍ ထာဝရဘုရားရှေ့တော်၊ ကန့်လန့်ကာရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။
4:18 ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်ထဲ၌ရှိသည့် ယဇ်ပလ္လင်ချိုများကိုလည်း ထိုသွေးဖြင့်သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ရှိသော မီးရှို့ရာယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
4:19 နွားထီး၏အဆီရှိသမျှကို ထုတ်ယူ၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။
4:20 အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို ပူဇော်သည့်အတိုင်း ဤနွားထီးကို ပူဇော်ရမည်။ ထိုသို့ပူဇော်ခြင်းအားဖြင့် ယဇ်ပုရောဟိတ်သည် သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူတို့သည် အပြစ်လွှတ်ခြင်းခံရမည်။
4:21 ထိုနွားထီးကို တပ်စခန်း၏အပြင်ဘက်သို့ ယူသွား၍ ပထမနွားထီးကိုရှို့သည့်အတိုင်း ရှို့ရမည်။ ဤသည်ကား လူအစုအဝေးအတွက်အပြစ်ဖြေရာယဇ်ဖြစ်၏။
4:22 ခေါင်းဆောင်ဖြစ်သူသည် ‘မလုပ်ရ’ဟု မိမိ၏ဘုရားသခင် ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိသဖြင့် သူ့အပေါ် အပြစ်သက်ရောက်၍
4:23 သူကျူးလွန်မိသောအပြစ်ကို တစ်စုံတစ်ယောက်က သူ့အား ဖော်ပြလျှင် အပြစ်အနာအဆာကင်းသော ဆိတ်သငယ်အထီးတစ်ကောင်ကို ပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။
4:24 သူသည် မိမိလက်ကို ဆိတ်သငယ်၏ခေါင်းပေါ်၌ တင်ရမည်။ မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၊ ထာဝရဘုရားရှေ့တော်၌ ၎င်းကိုသတ်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
4:25 ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင်၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းပြီးလျှင် ကျန်သောသွေးကို မီးရှို့ရာယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
4:26 အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်၏အဆီကိုရှို့သကဲ့သို့ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ခေါင်းဆောင်၏အပြစ်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
4:27 သာမန်လူထဲမှတစ်စုံတစ်ယောက်သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိသဖြင့် သူ့အပေါ် အပြစ်သက်ရောက်၍
4:28 သူကျူးလွန်မိသောအပြစ်ကို တစ်စုံတစ်ယောက်က သူ့အား ဖော်ပြလျှင် သူကျူးလွန်မိသောအပြစ်အတွက် အပြစ်အနာအဆာကင်းသည့် ဆိတ်သငယ်အမတစ်ကောင်ကို ပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။
4:29 သူသည် မိမိလက်ကို အပြစ်ဖြေရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်ရမည်။ မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၌ အပြစ်ဖြေရာယဇ်ကောင်ကို သတ်ရမည်။
4:30 ယဇ်ပုရောဟိတ်သည် ဆိတ်သငယ်အမ၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
4:31 အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်မှအဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ထိုအဆီတို့ကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် သူ့အတွက်အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
4:32 သူသည် အပြစ်ဖြေရာယဇ်အတွက် သိုးသငယ်ကို ပူဇော်သက္ကာအဖြစ် ယူဆောင်လာလျှင် အပြစ်အနာအဆာကင်းသောအမကိုယူဆောင်လာရမည်။
4:33 သူသည် မိမိလက်ကို အပြစ်ဖြေရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်ရမည်။ ၎င်းကို မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၌ အပြစ်ဖြေရာယဇ်အဖြစ် သတ်ရမည်။
4:34 ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင်၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
4:35 အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ဖြစ်သောသိုးမှ အဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ယဇ်ပုရောဟိတ်သည် ထိုအဆီတို့ကို ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကောင်ပေါ်တင်၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ထိုသူကျူးလွန်သောအပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။