Leviticus 7
7:1 အပြစ်ဒဏ်ဖြေရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အပြစ်ဒဏ်ဖြေရာယဇ်သည် အလွန်သန့်ရှင်း၏။
7:2 အပြစ်ဒဏ်ဖြေရာယဇ်ကောင်ကို မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၌ သတ်၍ သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။
7:3 အမြီးပိုင်းအဆီ၊ အူကိုဖုံးနေသည့်အဆီနှင့်တကွ
7:4 ခါးအောက်ပိုင်းရှိ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိအဆီ၊ ကျောက်ကပ်နှင့်အတူခွာယူသည့် အသည်းပေါ်မှအဆီပျဉ်စသော ယဇ်ကောင်၏အဆီအားလုံးကို ပူဇော်ရမည်။
7:5 ၎င်းတို့ကို ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်အဖြစ် ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ဤသည်ကား အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်၏။
7:6 ယဇ်ပုရောဟိတ်ဖြစ်သောယောက်ျားတိုင်း ယဇ်ကောင်အသားကိုစားခွင့်ရှိ၏။ သန့်ရှင်းသောနေရာ၌ စားရမည်။ ဤယဇ်သည် အထူးသန့်ရှင်းသောယဇ်ဖြစ်၏။
7:7 အပြစ်ဒဏ်ဖြေရာယဇ်သည် အပြစ်ဖြေရာယဇ်ကဲ့သို့ပင်ဖြစ်ပြီး ၎င်းတို့နှင့်ဆိုင်သောတရားသည် တစ်ပါးတည်းဖြစ်၏။ ယဇ်ကောင်ဖြင့် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသောယဇ်ပုရောဟိတ်သည် ထိုယဇ်ကောင်ကို ပိုင်၏။
7:8 ယဇ်ပုရောဟိတ်သည် တစ်စုံတစ်ဦးအတွက် မီးရှို့ရာယဇ်ကို ပူဇော်ပေးလျှင် ထိုယဇ်ပုရောဟိတ်သည် သူပူဇော်ပေးသောမီးရှို့ရာယဇ်ကောင်၏သားရေကို ပိုင်၏။
7:9 မီးဖိုထဲ၌ဖုတ်သောဘောဇဉ်ပူဇော်သက္ကာရှိသမျှနှင့် အိုးကင်း၊ ဒယ်ပြားဖြင့်လုပ်သောမုန့်အားလုံးကို ဘောဇဉ်ပူဇော်သက္ကာပူဇော်ပေးသောယဇ်ပုရောဟိတ်သည် ပိုင်၏။
7:10 ဆီဖြင့်ရောသည်ဖြစ်စေ၊ မရောသည်ဖြစ်စေ ဘောဇဉ်ပူဇော်သက္ကာရှိသမျှကို အာရုန်၏သားအပေါင်းတို့ ညီတူညီမျှ ပိုင်၏။
7:11 ထာဝရဘုရားအား ပူဇော်သည့် မိတ်သဟာယယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။
7:12 မိတ်သဟာယယဇ်ကို ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် ပူဇော်လိုလျှင် ကျေးဇူးတော်ချီးမွမ်းရာပူဇော်သက္ကာနှင့်အတူ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်၊ အကောင်းဆုံးဂျုံမှုန့်ကိုဆီနှင့်နယ်၍ လုပ်ထားသောမုန့်ဝိုင်းကို ပူဇော်ရမည်။
7:13 ထို့ပြင် ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် မိတ်သဟာယယဇ်နှင့်အတူ တဆေးပါသောမုန့်ဝိုင်းကိုလည်း ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
7:14 ထိုပူဇော်သက္ကာမုန့်တစ်မျိုးစီထဲမှ တစ်ခုစီကို ထာဝရဘုရားအဖို့ ချီမြှောက်ရာအလှူပစ္စည်းအဖြစ် ပူဇော်ရမည်။ ထိုမုန့်တို့ကို မိတ်သဟာယယဇ်ကောင်၏သွေးကိုဖျန်းသောယဇ်ပုရောဟိတ်သည် ပိုင်၏။
7:15 ကျေးဇူးတော်ချီးမွမ်းခြင်းအတွက်ပူဇော်သော မိတ်သဟာယယဇ်အသားကို ပူဇော်သောနေ့၌ပင် စားရမည်။ ထိုအသားကို နံနက်တိုင်အောင် မချန်ထားရ။
7:16 ကတိသစ္စာပြုခြင်းအတွက်၊ သို့မဟုတ် စေတနာအလျောက်ပူဇော်ခြင်းအတွက် ပူဇော်သောယဇ်ဖြစ်လျှင် ထိုယဇ်ကောင်ကို ပူဇော်သောနေ့၌ စားရမည်။ အကျန်ကို နောက်တစ်နေ့၌လည်း စားခွင့်ရှိ၏။
7:17 သုံးရက်မြောက်သောနေ့၌ ထိုယဇ်ကောင်၏ကျန်သောအသားကို မီးရှို့ပစ်ရမည်။
7:18 သုံးရက်မြောက်သောနေ့၌ မိတ်သဟာယယဇ်အသားကို အနည်းငယ်မျှပင်စားမိလျှင် ထိုယဇ်ကို လက်ခံတော်မူမည်မဟုတ်။ ပူဇော်သောသူကိုလည်း အသိအမှတ်ပြုမည်မဟုတ်။ ထိုယဇ်သည် ရွံရှာဖွယ်ဖြစ်၏။ ၎င်းကိုစားမိသောသူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
7:19 မစင်ကြယ်သောအရာတစ်စုံတစ်ခုနှင့်ထိမိသောအသားကို မစားရ။ မီးရှို့ပစ်ရမည်။ သန့်ရှင်းသောအသားကို စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။
7:20 တစ်စုံတစ်ဦးသည် မိမိကိုယ်ပေါ်၌ အညစ်အကြေးရှိလျက်နှင့် ထာဝရဘုရားအား ပူဇော်သောမိတ်သဟာယယဇ်ကောင်၏အသားကိုစားလျှင် ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
7:21 တစ်စုံတစ်ဦးသည် လူ၏အညစ်အကြေးကိုဖြစ်စေ၊ မစင်ကြယ်သောတိရစ္ဆာန်ကိုဖြစ်စေ၊ မစင်ကြယ်သောရွံရှာဖွယ်ရာ တစ်စုံတစ်ခုကိုဖြစ်စေ မစင်ကြယ်သောမည်သည့်အရာကိုမဆို ထိမိပြီး ထာဝရဘုရားအဖို့ ပူဇော်သောမိတ်သဟာယယဇ်ကောင်၏အသားကိုစားလျှင် ထိုသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
7:22 တစ်ဖန် ထာဝရဘုရားက မောရှေအား
7:23 “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့သည် နွား၊ သိုး၊ ဆိတ်တို့၏အဆီမှန်သမျှ မစားရ။
7:24 အလိုလိုသေသောအကောင်၏အဆီ၊ သားရဲကိုက်သတ်သောအကောင်၏အဆီကို တစ်စုံတစ်ရာအတွက်အသုံးပြုနိုင်သော်လည်း လုံးဝမစားရ။
7:25 တစ်စုံတစ်ဦးသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောတိရစ္ဆာန်၏အဆီကိုစားလျှင် စားသောသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
7:26 သင်တို့နေထိုင်ရာအရပ်ရပ်၌ ငှက်သွေးဖြစ်စေ၊ တိရစ္ဆာန်သွေးဖြစ်စေ မည်သည့်သွေးကိုမျှ မစားရ။
7:27 သွေးတစ်မျိုးမျိုးကိုစားသောသူမှန်သမျှ မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
7:28 တစ်ဖန် ထာဝရဘုရားက မောရှေအား
7:29 “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ ထာဝရဘုရားအား မိတ်သဟာယယဇ်ကို ပူဇော်သောသူသည် မိမိ၏မိတ်သဟာယယဇ်ထဲမှ ပူဇော်သက္ကာကို ထာဝရဘုရားထံ ယူဆောင်လာရမည်။
7:30 ထိုသူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကို မိမိလက်ဖြင့်ယူဆောင်လာရမည်။ အဆီနှင့်တကွရင်ပုံကို ယူဆောင်လာ၍ ရင်ပုံကို ချီလွှဲရာပူဇော်သက္ကာအဖြစ် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။
7:31 ယဇ်ပုရောဟိတ်သည် အဆီကို ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ရင်ပုံသည် အာရုန်နှင့်သူ၏သားတို့အတွက်ဖြစ်၏။
7:32 မိတ်သဟာယယဇ်ကောင်၏ယာဘက်ပေါင်ကို အလှူပစ္စည်းအဖြစ် ယဇ်ပုရောဟိတ်အား ပေးရမည်။
7:33 ထိုယာဘက်ပေါင်သည် မိတ်သဟာယယဇ်ကောင်၏သွေးနှင့်အဆီကိုပူဇော်ပေးသော အာရုန်၏သားအတွက် ဝေစုဖြစ်၏။
7:34 အကြောင်းမူကား အစ္စရေးအမျိုးသားတို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် ငါသည် မိတ်သဟာယယဇ်များထဲမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံနှင့် အလှူပစ္စည်းဖြစ်သောယာဘက်ပေါင်ကို အစ္စရေးအမျိုးသားတို့ထံမှယူ၍ ယဇ်ပုရောဟိတ်အာရုန်နှင့်သူ၏သားတို့အား ပေးပြီ”ဟု မိန့်တော်မူ၏။
7:35 ဤဝေစုသည် ယဇ်ပုရောဟိတ်အဖြစ် ထာဝရဘုရားထံ၌ အမှုတော်ကိုဆောင်ရွက်ရန် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်သောနေ့မှစ၍ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ထဲမှ အာရုန်၏ဝေစုနှင့် သူ့သားတို့၏ဝေစုဖြစ်၏။
7:36 သူတို့ကို ဘိသိက်ပေးသောနေ့၌ အစ္စရေးအမျိုးသားတို့သည် သူတို့အား ထိုဝေစုကိုပေးရန် ထာဝရဘုရား မိန့်မှာတော်မူခဲ့၏။ ၎င်းသည် သူတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
7:37 ဤသည်ကား မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်၊ အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာယဇ်နှင့် မိတ်သဟာယယဇ်တို့နှင့်ဆိုင်သောတရားဖြစ်၏။
7:38 ထာဝရဘုရားသည် သိနာတောကန္တာရ၌ အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား ပူဇော်သက္ကာကို ပူဇော်ရမည်ဟု မိန့်မှာတော်မူသောနေ့၌ပင် ထိုတရားတို့ကို မောရှေအား သိနာတောင်ပေါ်၌ မိန့်တော်မူခဲ့၏။