Amos 1
1:1 ယုဒဘုရင်ဩဇိမင်းကြီးလက်ထက်နှင့် ယောရှ၏သား အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက် ငလျင်မလှုပ်မီ နှစ်နှစ်တွင် တေကောမြို့သား သိုးထိန်းအာမုတ်သည် အစ္စရေးပြည်နှင့်ပတ်သက်၍ မြင်ရသည့်အတိုင်း ဆင့်ဆိုသောစကားမှာ ဤသို့ဖြစ်၏။
1:2 အာမုတ်က “ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ သိုးကျောင်းရာစားကျက်မြေများ ခြောက်သွေ့၍ ကရမေလတောင်ထိပ်သည် ညှိုးနွမ်းသွားပြီ”ဟု ဆို၏။
1:3 ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ “ဒမတ်စကပ်မြို့သားတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ဂိလဒ်ပြည်ကို ကောက်နယ်သံဒလိမ့်တုံးဖြင့် နင်းနယ်လေပြီ။
1:4 ထို့ကြောင့် ငါသည် ဟာဇေလအမျိုးအနွယ်ပေါ်သို့ မီးကိုလွှတ်၍ ဗင်္ဟာဒဒ်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
1:5 ဒမတ်စကပ်မြို့၏ကန့်လန့်ကျင်ကို ချိုးဖျက်ပစ်မည်။ အာဝင်ချိုင့်သားတို့နှင့် ဗေသေဒင်မြို့မှ ရာဇလှံတံစွဲကိုင်သူကို သုတ်သင်ပစ်မည်။ အာရံပြည်သားတို့ကို ကိရပြည်သို့ဖမ်းခေါ်သွားမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
1:6 တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ “ဂါဇမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ပြည်သူတစ်ရပ်လုံးကိုဖမ်းခေါ်သွားပြီး ဧဒုံပြည်သို့ အပ်လိုက်လေပြီ။
1:7 ထို့ကြောင့် ငါသည် ဂါဇမြို့ရိုးအပေါ် မီးကိုလွှတ်၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
1:8 အာဇုတ်မြို့သားများနှင့် အာရှကေလုန်မြို့မှ ရာဇလှံတံစွဲကိုင်သူကို ဖယ်ရှားပစ်မည်။ ကြွင်းကျန်ရစ်သောဖိလိတ္တိလူမျိုးတို့ ပျက်စီးကုန်သည့်တိုင်အောင် ဧကြုန်မြို့ကို ငါကိုယ်တိုင် ဖျက်ဆီးပစ်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
1:9 တစ်ဖန် ထာဝရဘုရားက “တိုင်ရာမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းဖွဲ့သောပဋိညာဉ်ကို မအောက်မေ့ဘဲ ပြည်သူတစ်ရပ်လုံးကို ဧဒုံပြည်သို့ အပ်လိုက်လေပြီ။
1:10 ထို့ကြောင့် ငါသည် တိုင်ရာမြို့ရိုးအပေါ် မီးကိုလွှတ်၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
1:11 တစ်ဖန် ထာဝရဘုရားက “ဧဒုံပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းကို သနားညှာတာစိတ်မထား၊ ဓားနှင့်လိုက်လံညှဉ်းဆဲတတ်၏။ အမျက်မပြေ၊ ဒေါသထွက်လျက် ကိုက်ဖဲ့တတ်၏။
1:12 ထို့ကြောင့် ငါသည် တေမန်မြို့အပေါ် မီးကိုလွှတ်၍ ဗောဇရခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
1:13 တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “အမ္မုန်အမျိုးသားတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် နယ်မြေချဲ့ထွင်ရာ၌ ဂိလဒ်ပြည်ရှိ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းကို ခွဲပစ်ကြ၏။
1:14 ထို့ကြောင့် စစ်ဖြစ်သည့်နေ့တွင်ကြွေးကြော်သောအသံနှင့်အတူ၊ လေပြင်းကျသည့်နေ့တွင်တိုက်သောမုန်တိုင်းနှင့်အတူ ငါသည် ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
1:15 သူတို့၏ရှင်ဘုရင်နှင့် မှူးမတ်တို့သည်လည်း ဖမ်းခေါ်သွားခြင်းခံရမည်”ဟု မိန့်တော်မူ၏။