Amos 3
3:1 အစ္စရေးအမျိုးသားတို့၊ သင်တို့နှင့် သင်တို့မျိုးနွယ်စုအပေါင်းတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သောထာဝရဘုရားက သင်တို့အား ဆန့်ကျင်၍ မိန့်တော်မူသောစကားကို နားထောင်ကြလော့။
3:2 “မြေကြီးပေါ်ရှိလူသားမျိုးနွယ်တို့တွင် သင်တို့တစ်မျိုးနွယ်တည်းကိုသာ ငါသိမှတ်သည်ဖြစ်၍ သင်တို့အပြစ်ရှိသမျှကို ငါစစ်ကြောမည်”ဟု မိန့်တော်မူ၏။
3:3 လူနှစ်ဦးသည် ချိန်းချက်မထားဘဲ အတူခရီးသွားနိုင်မည်လော။
3:4 ခြင်္သေ့သည် သားကောင်မတွေ့ဘဲ တောထဲတွင် ဟိန်းနေမည်လော။ ခြင်္သေ့ပျိုသည် မည်သည့်သားကောင်မှ မဖမ်းမိဘဲ တွင်းထဲတွင်မာန်ဖီနေမည်လော။
3:5 မြေပေါ်မှာ ထောင်ချောက်မထောင်ဘဲ ငှက်ကိုမိမည်လော။ မည်သည့်သားကောင်မှ မမိဘဲ ကျော့ကွင်းသည် မြေပေါ်မှမြောက်တက်သွားမည်လော။
3:6 မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။
3:7 စင်စစ် ဘုရားရှင်ထာဝရဘုရားသည် မိမိအကြံအစည်တော်ကို အစေအပါးပရောဖက်တို့အား မဖွင့်ပြဘဲ မည်သည့်အမှုကိုမျှ ပြုတော်မမူ။
3:8 ခြင်္သေ့ဟိန်းဟောက်သောအခါ မကြောက်သောသူ ရှိသလော။ ဘုရားရှင်ထာဝရဘုရားမိန့်ဆိုသောအခါ ပရောဖက်မပြုဘဲ နေဝံ့သူ ရှိသလော။
3:9 အာဇုတ်မြို့ခံတပ်များနှင့် အီဂျစ်ပြည်ခံတပ်များတွင် ကြွေးကြော်လော့။ “ရှမာရိတောင်ပေါ်မှာ စုဝေး၍ မြို့ထဲတွင် ဝရုန်းသုန်းကားမှုကြီးဖြစ်နေသည်ကို၊ ညှဉ်းပန်းနှိပ်စက်မှုဖြစ်နေသည်ကို ကြည့်ကြလော့။
3:10 စင်စစ် သူတို့သည် မှန်ကန်ရာကို မပြုတတ်ကြ။ သူတို့၏ခံတပ်တွင် အကြမ်းဖက် လုယူထားသောပစ္စည်းကို သိုထားကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
3:11 ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ရန်သူသည် သင့်ပြည်ကို ဝိုင်းရံ၍ သင်၏အားအင်ကို ယုတ်လျော့စေမည်။ သင်၏ခံတပ်များကိုလည်း သိမ်းပိုက်လိမ့်မည်”ဟု မိန့်ဆိုတော်မူပြီ။
3:12 တစ်ဖန် ထာဝရဘုရားက “သိုးထိန်းသည် ခြင်္သေ့ခံတွင်းမှ ခြေနှစ်ချောင်း၊ နားရွက်တစ်ပိုင်းကိုသာ နုတ်ယူနိုင်သကဲ့သို့ ရှမာရိမြို့ခုတင်စွန်း၊ ဒမတ်စကပ်ညောင်စောင်းတွင်ထိုင်သော အစ္စရေးအမျိုးသားတို့သာ ကယ်နုတ်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
3:13 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားက “နားထောင်လော့၊ ယာကုပ်အမျိုးအနွယ်တို့ကို ဆန့်ကျင်၍ သက်သေထွက်ဆိုလော့”ဟု မိန့်တော်မူ၏။
3:14 “စင်စစ် အစ္စရေးလူမျိုးတို့ကျူးလွန်သောအပြစ်များကို စီရင်သောနေ့တွင် ဗေသလယဇ်ပလ္လင်တို့ကို ငါစီရင်မည်။ ယဇ်ပလ္လင်ချိုတို့ကိုချိုးပစ်သဖြင့် မြေပေါ်သို့ကျကြလိမ့်မည်။
3:15 ဆောင်းရာသီစံအိမ်၊ နွေရာသီစံအိမ်တို့ကို ငါဖြိုဖျက်ပစ်မည်။ ဆင်စွယ်အိမ်များကိုလည်းဖျက်ဆီးသဖြင့် ခမ်းနားထည်ဝါသောစံအိမ်များ ပျက်စီးရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။