Zechariah 12
12:1 အစ္စရေးလူမျိုးနှင့်ပတ်သက်သော ထာဝရဘုရား၏ဗျာဒိတ်စကား။ မိုးကောင်းကင်ကို ဖြန့်ကြက်၍ မြေကြီးအုတ်မြစ်ကိုတည်ပြီးလျှင် လူ့အထဲ၌ အသက်ဝိညာဉ်ကို ပုံဖော်ဖန်ဆင်းပေးတော်မူသောထာဝရဘုရားက
12:2 “ကြည့်ရှုလော့။ ငါသည် ဂျေရုဆလင်မြို့ကို ပတ်ဝန်းကျင်ရှိလူမျိုးအပေါင်းတို့ သောက်၍ယစ်မူးသောခွက် ဖြစ်စေမည်။ ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်သည်လည်း ဝိုင်းထားခြင်းခံရလိမ့်မည်။
12:3 ထိုနေ့ရက်တွင် ငါသည် ဂျေရုဆလင်မြို့ကို လူမျိုးအပေါင်းတို့အဖို့ အလွန်လေးလံသောကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီမသောသူတိုင်း ဒဏ်ရာအပြင်းအထန် ရလိမ့်မည်။ မြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ဂျေရုဆလင်မြို့ကို တိုက်ခိုက်ရန် စုဝေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
12:4 ထာဝရဘုရားက “ထိုနေ့ရက်တွင် ငါသည် စစ်မြင်းရှိသမျှကို ယောက်ယက်ခတ်စေ၍ မြင်းစီးသူရဲတို့ကို ရူးသွပ်သွားအောင် ဒဏ်ခတ်မည်။ ယုဒအမျိုးအနွယ်ကို ကြည့်ရှုစောင့်ရှောက်မည်။ လူမျိုးတကာတို့၏စစ်မြင်းရှိသမျှကို မျက်စိကွယ်သွားအောင် ဒဏ်ခတ်မည်။
12:5 ထိုအခါ ယုဒသူကြီးတို့က ‘ဂျေရုဆလင်မြို့သားတို့သည် ငါတို့အား ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောခွန်အား ဖြစ်၏’ဟု စိတ်ထင်ကြလိမ့်မည်။
12:6 ထိုနေ့ရက်တွင် ငါသည် ယုဒသူကြီးတို့ကို ထင်းမီးဖို၊ ကောက်လှိုင်းမီးတုတ် ဖြစ်စေသဖြင့် လက်ယာဘက်၊ လက်ဝဲဘက် ဝန်းကျင်ရှိလူမျိုးအပေါင်းတို့ကို လောင်ကျွမ်းလိမ့်မည်။ ဂျေရုဆလင်မြို့မူကား ယခင်နေရာဖြစ်သည့် ဂျေရုဆလင်မြို့၌ တည်ရှိလိမ့်မည်။
12:7 ဒါဝိဒ်အမျိုးအနွယ်၊ ဂျေရုဆလင်မြို့သားတို့၏ဂုဏ်ကျက်သရေသည် ယုဒအမျိုးတို့ထက် မကြီးမြတ်စေရန် ထာဝရဘုရားသည် ယုဒအမျိုး၏တဲများကို ဦးစွာကယ်တင်တော်မူမည်။
12:8 ထိုနေ့ရက်တွင် ထာဝရဘုရားသည် ဂျေရုဆလင်မြို့သားတို့ကို ကာကွယ်မည်။ ထိုနေ့ရက်၌ သူတို့တွင် အားနည်းသောသူသည် ဒါဝိဒ်မင်းကြီးကဲ့သို့ဖြစ်မည်။ ဒါဝိဒ်အမျိုးအနွယ်သည် သူတို့အဖို့ ဘုရားသခင်ကဲ့သို့လည်းကောင်း၊ ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
12:9 ထိုနေ့ရက်တွင် ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်လာမည့် လူမျိုးတကာတို့အား ငါရှာဖွေဖျက်ဆီးပစ်မည်။
12:10 ငါသည် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့အား သနားကြင်နာတတ်သောစိတ်သဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောစိတ်သဘောကို သွန်းလောင်းပေးမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သောငါ့ကို မြင်ရသောအခါ တစ်ဦးတည်းသောသားအတွက် မြည်တမ်းသကဲ့သို့ မြည်တမ်းရလိမ့်မည်၊ သားဦးအတွက် ခါးသီးစွာခံစားရသကဲ့သို့ ခါးသီးစွာခံစားရလိမ့်မည်။
12:11 ထိုနေ့ရက်တွင် မေဂိဒ္ဒေါလွင်ပြင်၊ ဟာဒဒြိမ္မုန်မြို့၌ ငိုကြွေးကြသကဲ့သို့ ဂျေရုဆလင်မြို့၌ ပြင်းထန်စွာငိုကြွေးကြလိမ့်မည်။
12:12 တစ်ပြည်လုံးတွင် မျိုးနွယ်စုအလိုက် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ဒါဝိဒ်အမျိုးအနွယ်၏မျိုးနွယ်စုတစ်စု၊ သူတို့၏ကြင်ရာတော်များတစ်စု၊ နာသန်အမျိုးအနွယ်၏မျိုးနွယ်စုတစ်စု၊ သူတို့၏မယားများတစ်စု၊
12:13 လေဝိအမျိုးအနွယ်၏မျိုးနွယ်စုတစ်စု၊ သူတို့၏မယားများတစ်စု၊ ရှိမိမျိုးနွယ်စုတစ်စု၊ သူတို့၏မယားများတစ်စု အပါအဝင်
12:14 ကျန်မျိုးနွယ်စုအားလုံးတို့သည်လည်း မျိုးနွယ်စုအလိုက်တစ်စုစီနှင့် သူတို့၏မယားများလည်း တစ်စုစီ ငိုကြွေးမြည်တမ်းကြလိမ့်မည်။