Numbers 13
13:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
13:2 “အစ္စရေးအမျိုးသားတို့အား ငါပေးမည့် ခါနာန်ပြည်ကိုစူးစမ်းရန် ဘိုးဘေးတို့၏အမျိုးအနွယ်အသီးသီးမှ ခေါင်းဆောင်တစ်ဦးစီကို စေလွှတ်လော့”ဟု မိန့်တော်မူ၏။
13:3 ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေသည် အစ္စရေးအမျိုးသားတို့၏အကြီးအမှူးများကို ပါရန်တောကန္တာရမှ စေလွှတ်၏။
13:4 ထိုသူတို့၏အမည်ကား ရုဗင်အမျိုးအနွယ်မှ ဇက္ကုရ၏သား ရှမွာ၊
13:5 ရှိမောင်အမျိုးအနွယ်မှ ဟောရိ၏သား ရှာဖတ်၊
13:6 ယုဒအမျိုးအနွယ်မှ ယေဖုန္နာ၏သား ကာလက်၊
13:7 ဣသခါအမျိုးအနွယ်မှ ယောသပ်၏သား ဣဂါလ၊
13:8 ဧဖရိမ်အမျိုးအနွယ်မှ နုန်၏သား ဟောရှေ၊
13:9 ဗင်္ယာမိန်အမျိုးအနွယ်မှ ရာဖု၏သား ပါလတိ၊
13:10 ဇာဗုလုန်အမျိုးအနွယ်မှ သောဒိ၏သား ဂါဒျေလ၊
13:11 ယောသပ်အမျိုးအနွယ်ဖြစ်သည့် မနာရှေအမျိုးအနွယ်မှ သုသိ၏သား ဂဒ္ဒိ၊
13:12 ဒန်အမျိုးအနွယ်မှ ဂေမလ္လိ၏သား အမျေလ၊
13:13 အာရှာအမျိုးအနွယ်မှ မိက္ခေလ၏သား သေသုရ၊
13:14 နဿလိအမျိုးအနွယ်မှ ဝါဖသိ၏သား နာဘိ၊
13:15 ဂဒ်အမျိုးအနွယ်မှ မာခိ၏သား ဂွေလ တို့ဖြစ်ကြ၏။
13:16 ဤသည်ကား ခါနာန်ပြည်ကို စူးစမ်းရန် မောရှေစေလွှတ်သောသူတို့၏အမည်များဖြစ်၏။ မောရှေသည် နုန်၏သား ဟောရှေကို ယောရှုဟု မှည့်ခေါ်၏။
13:17 မောရှေက ခါနာန်ပြည်ကိုစူးစမ်းရန် စေလွှတ်သောသူတို့အား “သင်တို့သည် ဤနေဂေ့အရပ်မှဖြတ်၍ တောင်ပေါ်ဒေသသို့ တက်သွားရမည်။
13:18 ထိုပြည်သည် မည်သို့သောပြည်ဖြစ်သနည်း၊ ထိုပြည်၌နေထိုင်သောလူမျိုးတို့သည် နည်းသလော၊ များသလော၊ အားကြီးသလော၊ အားနည်းသလော၊
13:19 သူတို့နေထိုင်သောပြည်သည် ကောင်းသလော၊ ဆိုးသလော။ သူတို့နေထိုင်သောမြို့တို့သည် တပ်စခန်းဖြင့်လော၊ ခိုင်ခံ့သောမြို့လော။
13:20 ထိုပြည်သည် ကြွယ်ဝသလော၊ ဆင်းရဲသလော။ ထိုပြည်ထဲ၌ အပင်ရှိသလော၊ မရှိသလော စသည်ဖြင့် ကြည့်ရှုစစ်ဆေးရမည်။ သင်တို့သည် ရဲရင့်ခြင်းရှိရမည်။ ထိုပြည်မှ အသီးအချို့ကိုယူဆောင်လာရမည်”ဟု မှာကြားလေ၏။ ထိုအချိန်သည် စပျစ်သီး အဦးဆုံးမှည့်သောအချိန်ဖြစ်၏။
13:21 ထိုသူတို့သည် တက်သွား၍ ဇိနတောကန္တာရမှ လီဘိုဟာမတ်အရပ်အနီး ရဟောဘအရပ်တိုင်အောင် ထိုပြည်ကို စူးစမ်းကြ၏။
13:22 သူတို့သည် နေဂေ့အရပ်သို့တက်သွား၍ ဟေဗြုန်မြို့သို့ရောက်ကြ၏။ ထိုမြို့၌ အာနကအနွယ်ဝင် အဟိမန်၊ ရှေရှဲနှင့် တာလမဲတို့နေထိုင်ကြ၏။ (ဟေဗြုန်မြို့သည် အီဂျစ်ပြည်ရှိဇောနမြို့ မတည်မီ ခုနစ်နှစ်က တည်သောမြို့ဖြစ်၏။)
13:23 သူတို့သည် ဧရှကောလချိုင့်ဝှမ်းသို့ရောက်သောအခါ ထိုအရပ်မှ စပျစ်သီးအပြွတ်လိုက်ပါသောစပျစ်ခိုင်တစ်ခိုင်ကို အကိုင်းနှင့်တကွခုတ်ယူ၍ သလဲသီး၊ သဖန်းသီးအချို့တို့နှင့်အတူ ထမ်းပိုးဖြင့် လူနှစ်ယောက်ထမ်းလာကြ၏။
13:24 (အစ္စရေးအမျိုးသားတို့ ထိုအရပ်မှ ခုတ်ယူခဲ့သောစပျစ်အပြွတ်အခိုင်ကိုအကြောင်းပြု၍ ထိုအရပ်ကို ဧရှကောလ ချိုင့်ဝှမ်းဟု ခေါ်၏။)
13:25 အရက်လေးဆယ်ပြည့်သောအခါ သူတို့သည် ထိုပြည်ကိုစူးစမ်းရာမှ ပြန်လာကြ၏။
13:26 သူတို့ပြန်လာကြ၍ ကာဒေရှအရပ်၊ ပါရန်တောကန္တာရရှိ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထံသို့ ရောက်ကြသောအခါ မောရှေ၊ အာရုန်နှင့် လူထုအပေါင်းတို့ထံ အစီရင်ခံ၍ ထိုပြည်မှယူလာသောအသီးကိုပြကြ၏။
13:27 သူတို့က “အကျွန်ုပ်တို့အား ကိုယ်တော်စေလွှတ်သောပြည်သို့ အကျွန်ုပ်တို့ရောက်ခဲ့ပါ၏။ အမှန်ပင် နို့နှင့်ပျားရည်စီးသောပြည်ဖြစ်ပါ၏။ ဤအသီးကား ထိုပြည်မှထွက်သောအသီးဖြစ်ပါ၏။
13:28 သို့သော်လည်း ထိုပြည်၌နေထိုင်သောလူမျိုးတို့သည် ခွန်အားကြီးသောသူများဖြစ်ကြပြီး မြို့များသည် အလွန်ခိုင်ခံ့ကြီးမားပါ၏။ ထိုမျှမက အာနကအနွယ်ဝင်တို့ကိုလည်း ထိုအရပ်၌ အကျွန်ုပ်တို့တွေ့မြင်ခဲ့ပါ၏။
13:29 အာမလက်လူမျိုးတို့သည် နေဂေ့အရပ်၌ နေထိုင်ကြ၏။ ဟိတ္တိလူမျိုး၊ ယေဗုသိလူမျိုးနှင့် အာမောရိလူမျိုးတို့သည် တောင်ပေါ်ဒေသ၌ နေထိုင်ကြ၏။ ခါနာန်လူမျိုးတို့သည် ပင်လယ်ကမ်းနားဒေသနှင့်ဂျော်ဒန်မြစ်ကမ်းနားတစ်လျှောက်တွင် နေထိုင်ကြ၏”ဟု ဆိုကြ၏။
13:30 ထိုအခါ ကာလက်သည် မောရှေရှေ့၌ရှိသော လူတို့ကိုတိတ်ဆိတ်စေပြီး “ငါတို့သည် ထိုပြည်ကို အနိုင်ရမည်မှာသေချာ၏။ ယခုပင် တက်သွား၍ ထိုပြည်ကိုသိမ်းပိုက်ကြစို့”ဟု ဆိုလေ၏။
13:31 သို့သော် သူနှင့်အတူသွားခဲ့သောသူတို့က “ထိုသူတို့သည် ငါတို့ထက်အားကြီးသောကြောင့် သူတို့ကို တိုက်ခိုက်ရန်မဖြစ်နိုင်ပါ”ဟု ဆိုကြ၏။
13:32 သူတို့သည် အစ္စရေးအမျိုးသားတို့အလယ်၌ မိမိတို့စူးစမ်းခဲ့သောပြည်၏မကောင်းသတင်းကို ဖြန့်ကြ၏။ သူတို့က “ငါတို့သွား၍စူးစမ်းခဲ့သောပြည်သည် မိမိပြည်သားတို့ကိုဝါးမျိုသောပြည်ဖြစ်ပြီး ထိုပြည်၌ ငါတို့တွေ့ခဲ့သောလူအားလုံးတို့သည် ထွားကျိုင်းကြ၏။
13:33 ထိုအရပ်၌ ဧရာမလူ တို့ကိုလည်း တွေ့ခဲ့ပါ၏။ ထိုဧရာမလူတို့မှ အာနကအမျိုးဆင်းသက်လာ၏။ သူတို့နှင့်ယှဉ်လျှင် ငါတို့သည် ကိုယ့်ကိုယ်ကိုယ်နှံကောင်ကဲ့သို့မြင်၍ သူတို့သည်လည်း ငါတို့ကို နှံကောင်ကဲ့သို့မြင်မည်”ဟု ဆိုကြ၏။